Friday 23 May 2014

အပစ်ရပ်မူကြမ်း ဆွေးနွေးမှု ၈၀ ရာခိုင်နှုန်းပြီးစီး အောင်မြင်မှုရှိဟု နှစ်ဖက်ခေါင်းဆောင်များပြော

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့်တစ်နိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ အပစ်ရပ်မူကြမ်း တစ်ခုတည်း (Singal Text) အတွက် ဆွေးနွေးပွဲ ဒုတိယရက်တွင် အခန်းငါး ခန်း ပြီးအောင် ဆွေးနွေးနိုင်ခဲ့ပြီး အခန်းအားလုံးပြီးပြတ်အောင် တစ်ရက် ထပ် တိုး ဆွေးနွေးမည်ဖြစ်သည်ဟု နှစ်ဖက်တာဝန်ရှိသူများက မေ ၂၂ ရက်က ပြောသည်။ 

ဒုတိယနေ့ ဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန MPC တွင် ဆွေးနွေးခဲ့ပြီး ပွဲပြီးနောက် နှစ်ဖက် ခေါင်းဆောင်များက ယင်းသို့ ပြောခြင်းဖြစ်သည်။ 

NCCT ၏ အပစ်ရပ်မူကြမ်း တစ်ခုတည်းဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက “တစ်ယောက်နဲ့ တစ်ယောက် သဘောထားအမြင်တွေပိုပြီး သိရှိနားလည်တယ်။  

သဘောတူညီချက်တွေလည်း ပိုပြီးရလာပါတယ်” ဟု ဆိုသည်။ ပထမအကြိမ် ဆွေးနွေးပြီးနောက် အခန်း ခုနစ် ခန်းမှ ဆွေးနွေးရန် ကျန်နေသေးသည့် အချက် ၄၅ ချက်ခန့်ကို ယခု ဒုတိယအကြိမ်တွင် ထပ်မံ ဆွေးနွေးရာ အချက်တော်တော်များများကို ဆွေးနွေးနိုင်ခဲ့သည်ဟုလည်း နှစ်ဖက်ခေါင်းဆောင်များက ဆိုသည်။ လက်ရှိ ဆွေးနွေးမှုသည် ဒုတိယမူကြမ်းသာ ထွက်ရှိမည်ဖြစ်ပြီး အချောသပ်ပြီးဆုံးရန်အတွက်မူ ထပ်မံဆွေးနွေးရဦးမည်ဖြစ်သည်ဟုလည်း နှစ်ဖက်ခေါင်းဆောင်များက ဆိုသည်။ 

အပစ်ရပ်မူကြမ်း အတွက် အချောသပ် ရေးဆွဲနိုင်ရန်မူ နောက်တစ်ကြိမ်ခန့် ကျန်နိုင်သေးသည်ဟုလည်း အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ဆိုသည်။ 

ဆွေးနွေးမှုတွင် အစိုးရဘက်က ထည့်လိုသော ဒို့တာဝန်အရေးသုံးပါး ဆိုသည့် စကားလုံးကို တိုင်းရင်းသား များဘက်က လက်မခံလိုသော်လည်း အနက်အဓိပ္ပာယ် ရှင်းလင်းချက်ကို တိုင်းရင်းသား များဘက်က မေးမြန်း ထားသည်။ 

“အဓိပ္ပာယ် ရှင်းလင်းချက် မရဘဲနဲ့ဆိုရင် ဒို့တာဝန်အရေးသုံးပါးနဲ့ ထိပါးတယ်ဆိုပြီး အာဂျန်ဒါတွေကို ပယ်လိုက်လို့ရတယ် ဒါကိုမဖြစ်ရအောင်တောင်းတာ ” ဟု ဆိုသည်။ 

ထိပ်သီးညီလာခံ ကျင်းပမည် ယခုဆွေးနွေး ပွဲပြီးနောက် တိုင်းရင်းသားများဘက်က ညှိနှိုင်းစရာရှိသည် များကို ထပ်မံညှိနှိုင်းရန် တိုင်းရင်းသား ခေါင်းဆောင်များ၏ ထိပ်သီးညီလာခံကို ကျင်းပသွားမည်ဖြစ်သည်ဟု လည်း ပဒိုစောကွယ် ထူးဝင်းက ပြောသည်။ “ရလာတဲ့ ရလာဒ်တွေပေါ်မှာ ကျွန်တော်တို့ ဆုံးဖြတ်ရမယ့် ကိစ္စတွေ သူတို့ကို ပြန်တင်ပြနိုင်ဖို့ ဒီအစည်းအဝေးပြီးရင် အမြန်ဆုံးခေါ်ဖို့ဆုံးဖြတ်ထားပါတယ်” ဟု ဆိုသည်။ 

ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့် နေရာကို အတိအကျသတ်မှတ်ထားရခြင်းမရှိ သေးပဲမိုင်းလားတွင် ကျင်းပသွားရန် စီစဉ်ထားသည်ဟုလည်း NCCT အဖွဲ့ဝင် ဗိုလ်မှုးကြီး ခွန်ဥက္ကာက ဆိုသည်။ ယင်းသို့ ထိပ်သီးညီလာခံ ကျင်းပသွား ရန်အတွက် အစိုးရဘက်ကကူညီရန်လို အပ်သည်များကို ကူညီသွား မည်ဟုလည်း ဦးလှမောင်ရွှေက ဆိုသည်။ 

တိုင်းရင်းသား ခေါင်းဆောင်များ၏ ထိပ်သီးညီလာခံကို လိုင်ဇာနှင့် လော်ခီးလာတို့တွင်ကျင်းပခဲ့ပြီးဖြစ်သည်။ အပစ်ရပ်မူကြမ်း တစ်ခုတည်းအတွက် ဆွေးနွေးပွဲကို မေ ၂၁ ရက်တွင် စတင်ခဲ့ပြီး မေ ၂၃ ရက်တွင် ပြီးဆုံး မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment