Thursday 15 May 2014

ယာဉ်မတော်တဆမှု မြင့်မားနေသည့် နေပြည်တော်အမြန်လမ်း ယာဉ်သွားလမ်းအကျယ် တိုးချဲ့မည်

စတင်ဖွင့်လှစ်ခဲ့သည် ၂၀၀၉ ခုနှစ် မတ်လ ၂၆ ရက်မှ စတင်ကာ ငါးနှစ်တာကာလအတွင်း လူပေါင်း ၃၆၀ ကျော် သေဆုံးခဲ့သည့် ရန်ကုန်- မန္တလေးလမ်းရှိ ရန်ကုန်- နေပြည်တော်လမ်းပိုင်းကို ယာဉ်သွားလမ်းအကျယ် တိုးချဲ့ဖောက်လုပ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က မဇ္ဈိမကို မေလ ၁၄ ရက်တွင် ပြောသည်။
သေဆုံးသူဦးရေ ၁၄ဦးအပြင် ထိခိုက် ဒဏ်ရာရရှိသူများစွာ ဖြစ်ပေါ်ခဲ့သည့် ရာဇာမင်းခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်အပြီး နှစ်ရက်အကြာတွင် ၎င်းက ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ “နှစ်အလိုက် အပိုင်းလိုက်ခွဲပြီး တိုးချဲ့ ဖောက်လုပ်သွားဖို့ဆုံးဖြတ်ထားပါတယ်” ဟု တယ်လီဖုန်းမှတစ်ဆင့် မဇ္ဈိမကို အတည်ပြုပြောကြားသည်။

သို့သော် နှစ်အပိုင်းအခြား မည်မျှကြာမည်ကို အသေးစိတ်ပြောဆိုခြင်း မရှိသလို ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး၏ နေပြည်တော်- မန္တလေးလမ်းပိုင်းတိုးချဲ့ရန် ရှိ၊ မရှိကိုလည်း ပြောဆိုခြင်းမရှိပေ။ ရန်ကုန်- မန္တလေး အမြန်လမ်းကြီးကို နိုင်ငံတကာအဆင့်မီ ခြောက်လမ်းသွား သို့မဟုတ် ရှစ်လမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်လိုက်ပါက ယာဉ်တိမ်းမှောက်မှုများ၊ သေဆုံးဒဏ်ရာ ရမှုများ လျော့ နည်းစေမည်ဟုယူဆ၍ ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

မေလ ၁၃ ရက်က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် ဒုတိယသမ္မတ ဦးဉဏ်ထွန်း၊ ဆောက် လုပ်ရေး ၀န်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုတို့ တွေ့ဆုံဆွေးနွေးအပြီး အစိုးရအဖွဲ့သို့တင်ပြကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု လည်း ပြည်ထဲရေး ၀န်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးကထပ်မံ အတည်ပြုပြော ကြား သည်။

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ရာတွင် ကန်ထရိုက်အဆင့်ဆင့်ပေးခဲ့သည့်အတွက် လမ်းပိုင်း အရည်အသွေး အားနည်းချက်ရှိခဲ့သည်ဟု ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအ၀ိုင်းက ဆိုသည်။

မိုင် ၃၉၀ ကျော်ရှည်လျားသည့် ရန်ကုန်- မန္တလေးအမြန်လမ်းကြီး၏ ရန်ကုန်- နေပြည်တော်လမ်းပိုင်းကို ၂၀၀၉ ခုနှစ်၊ မတ်လ ၂၆ ရက်က တပ်မတော်နေ့ကိုဂုဏ်ပြုဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ တွင် နေပြည်တော်-မန္တလေးလမ်းပိုင်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၉ ခုနှင်တွင် စတင်ဖွင့်လှစ်ခဲ့သည် အဆိုပါအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၃၆၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်ဟု အမြန်လမ်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment