Thursday 15 May 2014

ကုန်ပစ္စည်း မဝယ်မီ အညွှန်းဖတ်ရန် စားသုံးသူသမဂ္ဂ တိုက်တွန်း

စားသုံးသူ အခွင့်အရေးကို ထိရောက်စွာ ဖော်ထုတ်နိုင်ရန်နှင့် လုပ်ငန်းရှင်များ အနေနှင့် မိမိတို့ ထုတ်ကုန်ကို တာဝန်ယူမှု ရှိစေရန် ရည်ရွယ်၍ စားသုံးသူများသည် ကုန်ပစ္စည်း မဝယ်မီ ကုန်ပစ္စည်း အညွှန်းများကို ဖတ်ရန် မြန်မာ့စားသုံးသူသမဂ္ဂ ဥက္ကဋ္ဌ ဦးရန်လင်းက တိုက်တွန်း ပြောကြားသည်။
စားသုံးသူများသည် ကုန်ပစ္စည်း မဝယ်မီ အညွှန်းများကို ဦးစွာ ဖတ်သင့်ပြီး ဝယ်ပြီးပါကလည်း အညွှန်းတွင် ဖော်ပြထားသည့် အချက်အလက်နှင့် ကုန်ပစ္စည်း ညီညွတ်မှု မရှိပါက စားသုံးသူ ကာကွယ်ရေး အသင်းများနှင့် ဗဟိုအစားအစာနှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) သို့ အသိပေး တိုင်ကြားလိုသည်ဟု ၎င်းကဆိုသည်။ 

အညွှန်းများသည် ကုန်ပစ္စည်း အကြောင်းကို စားသုံးသူသို့ ပြောပြခြင်း ဖြစ်ပြီး အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ပါကလည်း စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေထွက်ရှိပြီးဖြစ်ရာ ဥပဒေအရ ဆောင် ရွက်နိုင်ကြော င်း ဦးရန်လင်းက ပြောကြားသည်။ 

“အဓိပ္ပာယ် လွဲမှားနေတဲ့ လေဘယ် (Label) တွေ၊ စားသုံးသူကို ဂရုမစိုက်တဲ့ ကုန်ပစ္စည်းတွေကို အနောက်နိုင်ငံတွေမှာ သပိတ်မှောက်လေ့ ရှိပါတယ်။ စားသုံးသူ သပိတ်မှောက်ရင် အဲဒီကုန်ပစ္စည်းက ဈေးကွက် ထဲမှာ မရှိတော့ပါဘူး။ အညွှန်းနဲ့မတူရင် စားသုံးသူ ကာကွယ်ရေး အသင်းတွေကို အကြောင်းကြား ပါ။ သက်ဆိုင်သူတွေကို တိုင်ကြားပါ” ဟု ၎င်းက ရှင်းပြသည်။ 

မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် ပိုးသတ်ဆေးများတွင် အညွှန်းကို မြန်မာဘာသာဖြင့် ရေးသားထားခြင်း မရှိကြောင်း၊ တချို့သော ပိုးသတ်ဈေးများကမူ မြန်မာဘာသာဖြင့် ရေးသားထားသော်လည်း အကွက်သေးသေးလေးတွင် ဖတ်မရအောင် ဖော်ပြထားခြင်းသာ ဖြစ်ကြောင်း မြန်မာ့စားသုံးသူသမဂ္ဂ အဖွဲ့ဝင် တစ်ဦး က ဆိုသည်။ 

မြန်မာနိုင်ငံရှိ စားသုံးသူများအနက် ဝင်ငွေ အဆင့်မြင့်သူများနှင့် ပညာရေးရေချိန် မြင့်မားသူများသာလျှင် ထုတ်ကုန် ပစ္စည်းများ၏ အညွှန်းစာများကို ဖတ်လေ့ ရှိကြောင်း မေလ ၁၂ ရက်နေ့တွင် ပြုလုပ်သော စားသုံးသူ ကာကွယ်ရေး ဆွေးနွေးရေးပွဲသို့ တက်ရောက်သည့် ဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။ 

မြန်မာနိုင်ငံရှိ ကုန်ပစ္စည်းများသည် တရားဝင် မှတ်ပုံတင်မှု အားနည်းခြင်း၊ အစိုးရ၏ မူဝါဒများ ရှင်းလင်ပြတ်သားမှု အားနည်းခြင်း၊ ထုတ်ကုန် ပစ္စည်းများကို ခြေရာခံ ပြန်လည် စစ်ဆေးမှု အားနည်းခြင်း (Traceability)၊ ဓာတ်ခွဲခန်း လုံလောက်မှု မရှိခြင်းနှင့် ပြည်သူများသို့ ပညာပေး အစီအစဉ်များ ပြုလုပ်မှု နည်းပါးခြင်းတို့ကြောင့် စားသုံးသူ အခွင့်အရေးများ ဆုံးရှုံးလျက် ရှိသည်ဟု စားသုံးသူ ကာကွယ်ရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်း အချို့ထံမှ သိရသည်။ 

ပြီးခဲ့သည့်၂၀၁၃ သြဂုတ်လ အတွင်းက မြန်မာ့ရိုးရာ ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာများ ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ပြည်သူများကြားတွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။ 

The Voice Weekly

No comments:

Post a Comment