Monday 5 May 2014

ရန်ကုန်မြို့တော်ရှိ ဈေးလေးခုကို အသစ် တည်ဆောက်မည်

ရန်ကုန်မြို့တော်ရှိ အသစ် တည်ဆောက်ရန် လိုအပ်သော ဈေးလေးခုကို ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ် တွင် အသစ် တည်ဆောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရ သည်။
အဆိုပါ ဈေးသစ် တည်ဆောက်ရေး လုပ်ငန်းများကို အင်းစိန်မြို့နယ် ဖော့ကန်ဈေး၊ ရွှေပြည်သာ မြို့နယ်ရှိ ပတ္တမြားဈေး၊ သာကေတ မြို့နယ်ရှိ အမှတ် (၃) ဈေး၊ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ကြက်၊ ဘဲ ဈေးတို့ တွင် ဆောင် ရွက်မည် ဖြစ်ကြောင်း ယင်းကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

လတ်တလောတွင် အဆိုပါ ဈေးများကို တည်ဆောက်ရန် လျာထားလျက် ရှိပြီး ဈေးဆောက်လုပ်ရန် အသေးစိတ် ကိုမူ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီ၊ ဈေးများ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဈေးသစ် ဆောက်မယ်လို့ ကြားတယ်။ သေချာတော့ မသိသေးဘူး။ ဆောက်နေတဲ့ အချိန်မှာ ကျွန်မတို့ ရောင်းချဖို့အတွက် ရောင်းကောင်း ဝယ်ကောင်းမယ့် ယာယီဈေးဆိုင် ခန်းမျိုး ဆောင်ရွက်ပေးစေ ချင် တယ်” ဟု အင်းစိန်မြို့နယ် ဖော့ကန်ဈေးမှ အထည်ရောင်းချသူ အသက် ၄၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်တွင် အခွန်လွတ်ဈေး ၁၁ ဈေး အပါအဝင် သီရိမင်္ဂလာဈေး၊ ဗိုလ်ချုပ်အောင်ဆန်းဈေး ၊ဘိုကလေးဈေး၊ ညောင်ပင်လေးဈေး၊ သိမ်ကြီးဈေး၊ မင်္ဂလာဈေး အပါအဝင် ဈေးပေါင်း ၁၇၀ ခန့် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန၏ စာရင်းများအရ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment