Monday 5 May 2014

လိုင်စင်မရှိဘဲ ယာဉ်တိုက်မှု ဖြစ်ပါက ရာသက်ပန် လိုင်စင် ပိတ်သိမ်းမည်

မော်တော်ယာဉ် မတော်တဆမှု ဖြစ်သော ယာဉ်မောင်း အများစုမှာ တရားရုံး၌ ထွက်ဆိုရာတွင် လိုင်စင်မရှိဟုသာ ထွက်ဆိုမှု ပြုကြ၍ လိုင်စင်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ်အပြင် ရာသက်ပန် လိုင်စင် ပိတ်သိမ်း အရေးယူမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ထံမှ သိရသည်။
ယာဉ်မတော်တဆမှု များပြားခြင်းကြောင့် ကညနက မတ်လ ၃၁ ရက်နေ့မှ စတင်၍ ဥပဒေအသစ်များ ထပ်မံ ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“၂၀၁၀ တုန်းက ဥပဒေကို အခုမှ ပြန်ပြင်လိုက်တာပါ။ ကျွန်တော်တို့က လိုင်စင်ပိုင်းပဲ လုပ်မှာပါ။ ထောင် ဒဏ်တွေ ဘာတွေကတော့ ပြစ်မှုဆိုင်ရာ ဥပဒေအရ တရားရုံးပိုင်းနဲ့ ဆိုင်တာပါ” ဟု ၎င်းကပြောဆိုသည်။

ယခုနောက်ပိုင်းတွင် ယာဉ်တိုက်မှု အများစုမှာ တရားရုံးအထိ ရောက်ရှိသူ နည်းပါးနေပြီး ထွက်ပြေး တိမ်းရှောင် သူ ပိုမိုများပြားကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့လည်း ယာဉ်မောင်းနေတာပါပဲ။ ဒါပေမဲ့ အခုနောက်ပိုင်း ယာဉ်တိုက်မှုဖြစ်ပြီ ဆိုတာနဲ့ ထွက်ပြေး တိမ်းရှောင်သွားတယ် ဆိုတာပဲ တွေ့နေ ကြားနေရပါတယ်။ ဒီလို မဖြစ်သင့်ပါဘူး။ ဥပဒေ ထုတ်ပြီး ရင် ကြပ်မတ် လုပ်ဆောင်မှလည်း ထိရောက်မှု ရှိမှာပါ။ ဥပဒေထုတ်ပြီး ဘာမှမလုပ်ရင် ဘာမှဖြစ် လာမှာ မဟုတ်ပါဘူး” ဟု ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ အသက် ၃၀ အရွယ် ယာဉ်မောင်း အမျိုးသားက ပြောဆိုသည်။

၂၀၁၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ယာဉ်တိုက်မှု ၅၅ ဒသမ ၄၃ ရာခိုင်နှုန်း ရှိပြီး ၃၄ ဒသမ ၀၈ ရာခိုင်နှုန်းခန့်သည် စုံစမ်းစစ်ဆေးဆဲ ဖြစ်၍ ကျန် ၂၁ ဒသမ ၃၅ ရာခိုင်နှုန်းမှာ ပြီးပြတ်ပြီး အမှု များ ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment