Monday 7 April 2014

ပျောက်ဆုံးမလေးရှားလေယာဉ်မှ လာသည်ဟုယူဆရသော အသံလှိုင်းများ ကို တရုတ်နှင့် သြစတြေးလျသင်္ဘောများက ထောက်လှမ်းရရှိ

တရုတ်နှင့် သြစတြေးလျသင်္ဘောများသည် အိန္ဒိယသမုဒ္ဒရာတွင်းရှိ ရှာဖွေ ဧရိယာများ အတွင်း ပျောက်ဆုံး မလေးရှားလေယာဉ်ကို ရှာဖွေနေကြစဉ် အသံလှိုင်း(ဒေါင်ခနဲ၊ တိန်ခနဲမြည်သံ)များကို ထောက်လှမ်းရရှိ ထားပြီး ယင်း အသံလှိုင်းများမှာ ပျောက်ဆုံးလေယာဉ်မှလာသော အသံလှိုင်းများ ဟုတ်မဟုတ် အတည်ပြုနိုင်ရန် ပုံဖော်စစ်ဆေးနေကြဆဲဖြစ်ကြောင်း သိရသည်။
သြစတြေးလျရှာဖွေရေး အာဏာပိုင်များက တရုတ်ကင်းလှည့် သင်္ဘော တစ်စင်းဖြစ်သော Haixun 01 သည် ပျောက်ဆုံးလေယာဉ် ပျက်ကျသည်ဟု ယူဆကြသော ပတ်သ်မြို့အနောက်ဘက်ရှိ ရေပိုင်နက်များ အတွင်း ထူးခြားသည့် အသံလှိုင်းများ နှစ်ကြိမ်တိုင်တိုင် ထောက်လှမ်းရရှိခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါနေရာ သို့ နောက်ထပ်လေယာဉ်နှင့်သင်္ဘောများ ထပ်မံစေလွှတ်ပြီး ရှာဖွေရေးလုပ်ငန်းကို ကျယ် ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြကြောင်း ဆိုသည်။

ထို့အတူ သြစတြေးလျသင်္ဘောတစ်စင်းဖြစ်သည့် HMAS Ocean Shield သင်္ဘောကလည်း ရေမိုင် ၃ဝဝ အကွာအဝေးတွင် အသံလှိုင်းတစ်ခု ထောက် လှမ်းရရှိခဲ့သည်။ အဆိုပါ သြစတြေးလျသင်္ဘော သည် လေယာဉ်၏ Black Box မှ ထုတ်လွှင့်လိုက်သော အချက်ပြများကို ဖမ်းယူနိုင်သည့် ခေတ်မီကိရိ ယာများကို တပ်ဆင်ထားသည်။ ယင်းခေတ်မီကိရိယာများမှာ အမေရိကန် ရေတပ်မှ ပံ့ပိုးထားသည်။

သြစတြေးလျအာဏာပိုင်များက ထောက်လှမ်းရရှိသော အသံလှိုင်းများမှာ လေယာဉ် Black Box တစ်ခုမှလာသောအသံလှိုင်းနှင့် တူနေကြောင်း၊ သို့သော်လည်း ပျောက်ဆုံးလေယာဉ်မှလာသော အသံ လှိုင်း ဟုတ် မဟုတ်ကိုမူ အတည်မပြုနိုင်သေးကြောင်း ပြောကြားသည်။

ယခုထောက်လှမ်းရရှိသော အသံလှိုင်းများမှာ တစ်စက္ကန့်လျှင် ဖရီကွင်စီ ၃၇ ဒသမ ၅KHz ရှိသဖြင့် သတ်သတ်မှတ်မှတ် အသံလှိုင်းများဖြစ်ကြောင်း Black Box ရှာဖွေရေးကိရိယာကို တီထွင်ပြုလုပ်သော ဖလော်ရီဒါအခြေစိုက် ဆာရာဆိုတာကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ အင်နစ်ရှ် ပါတယ်လ်ကဆိုသည်။

ထို့ပြင် အင်နစ်ရှ်ပါတယ်လ်က ယင်းကဲ့သို့ အသံလှိုင်းများသည် ပင်လယ် ပြင်အောက်မှလာသော အသံ လှိုင်းများ မဟုတ်သလို ဝေလငါး သို့မဟုတ် အခြားသောရေနေသတ္တဝါများမှလာသော အသံလှိုင်းများ လည်း မဟုတ်ကြောင်း ထပ်လောင်းပြောကြားသည်။

သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဗော့တ်က ယခုထောက်လှမ်းရရှိသော အသံလှိုင်းအပေါ် မျှော်လင့်ချက် များစွာ ထားရှိပါကြောင်း၊ သို့သော်လည်း ယင်းအသံလှိုင်းမှာ ပျောက်ဆုံးလေယာဉ်မှလာသော အသံလှိုင်း ဟုတ် မဟုတ် သိရှိရန် အလွန်ခဲယဉ်းမှာဖြစ်ကြောင်း၊ ဤပျောက်ဆုံးလေယာဉ် ရှာ ဖွေရေးမှာ လူသားသမိုင်းတွင် အခက်ခဲဆုံးလုပ်ငန်းတစ်ခုဖြစ်ကြောင်း သတင်းထောက်များ ကို ပြောကြားသည်။

(ရိုက်တာ/ဆင်ဟွာ)
Myanmaalinn

No comments:

Post a Comment