Thursday 16 January 2014

သမ္မတအရည်အချင်းသတ်မှတ်ချက် စစ်ရေးအမြင်ရှိရုံဖြင့် မပြည့်စုံ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) ဖြစ်သည့် သမ္မတလောင်းအရည်အချင်း သတ်မှတ်ချက်တွင် ပါဝင်သည့် စစ်ရေးအမြင်ရှိရမည်ဆိုသည်မှာ ပြည့်စုံမှုမရှိကြောင်း၊ ၎င်းပုဒ်မကို ရွေးချယ်မှု သုံးခုတို့ဖြင့် တဖြည်းဖြည်းပြင်သွားနိုင်ရန် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီသို့ အကြံပြုစာ တင်သွင်းခဲ့သော ပြည် ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သူရဦးအောင်ကိုက မဇ္ဈိမသို့ ပြောကြားခဲ့သည်။
“သမ္မတလောင်းဟာ စစ်ရေးအမြင်ရှိရမယ်ဆိုတာ ပြည့်စုံမှုမရှိဘူး၊ ကာကွယ်ရေးအမြင်ဆိုရင်တော့ ပိုမို သင့်လျော်ပါတယ်၊ နိုင်ငံကိုကာကွယ်တဲ့နေရာမှာ စစ်ရေးအမြင်သာမကပဲ နိုင်ငံရေးအမြင်၊ သံတမန်ရေး ရာအမြင်စတဲ့ နည်းမျိုးစုံနဲ့ ကာကွယ်နိုင်ပါတယ်၊ စစ်ရေးအမြင်က နည်းဗျူဟာကို ကိုယ်စားပြုပြီးတော့ ကာကွယ်ရေးအမြင်ကတော့ မဟာဗျူဟာကို ကိုယ်စားပြုပါတယ်”ဟု ၎င်းက ဆိုသည်။

စစ်ရေးအမြင်တစ်ခုတည်းဖြင့် ပြည်တွင်းစစ်ချုပ်ငြိမ်းအောင်၊ အေးချမ်းအောင် မစွမ်းဆောင်နိုင်ကြောင်းကို ယနေ့ဖြစ်စဉ်များအရ တွေ့မြင်ရပြီးဖြစ်ကြောင်း၊ ပြည်တွင်းစစ်မြန်မြန်ပြီးဆုံးဖို့၊ အေးချမ်းသာယာဖို့ဆိုလျှင် နိုင်ငံရေးအမြင်နှင့် ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း၊ လွတ်လပ်ရေးရပြီးခဲ့သည်မှာ ၆၆ နှစ်ကျော်ခဲ့သော် လည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအမြင်နှင့် စစ်ရေးအမြင် ပေါင်းစပ်စီမံနိုင်သည့်ခေါင်းဆောင် မပေါ်ပေါက် ခဲ့သောကြောင့် ပြည်တွင်းစစ်မီးက တောက်လောင်နေဆဲဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

သမ္မတ၏အရည်အချင်းတစ်ရပ်ဖြစ်သည့် အုပ်ချုပ်ရေးအမြင် သို့မဟုတ် စီမံခန့်ခွဲရေးအမြင်နှင့် ပတ်သက် ပြီး “ဒီနေ့ တိုင်းရင်းသားမျိုးနွယ်စုတွေက ကျယ်ကျယ်လောင်လောင် ပြောနေကြတယ်၊ ပြည်ထောင်စုအ စိုးရပုံစံ၊ ပြည်ထောင်စုတပ်မတော်ပုံစံ ပြန်လည်ဖွဲ့စည်းပေးပါလို့၊ ဒါဆိုရင် ဒီနေ့တည်ရှိတဲ့ ပြည်ထောင်စု အစိုးရနဲ့ တပ်မတော်က ပြည်ထောင်စုပုံစံ ဖွဲ့စည်းထားမှု စံညွှန်းမီလား၊ မမီလား၊ ပြန်လေ့လာကြည့်ပါ၊ အရင်က အထိုက်အလျောက် ပြည့်မီခဲ့ပြီး ဒီနေ့မမီဘူးဆိုရင် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးအမြင်နဲ့ ဆောင် ရွက်ချက် အားကောင်းမှုရှိ မရှိဆိုတာ ပြည်သူတွေက ဝေဖန်သုံးသပ်ကြပါလိမ့်မယ်”ဟုလည်း သူရဦး အောင်ကိုက ပြောခဲ့သည်။

အဆိုပါ သမ္မတအရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉(စ)အပါအ၀င် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများ ကို ပြည်ထောင်စုလွှတ်တော်အနေဖြင့် ပြည်သူတို့၏ ဆန္ဒ၊ လိုလားချက်များနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် သဘောထားကြီးကြီးဖြင့် ပြင်ဆင်သွားလိမ့်မည်ဟု ယုံကြည်ပါကြောင်းလည်း ၎င်းက မျှော်လင့်ထား သည်ဆို၏။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံကြောင်းပြောသည်။ “ကာကွယ်ရေးအမြင်ဆိုတာ တစ်ကယ်တော့ စစ်ရေးအမြင်ထက် ပိုအရေးကြီးတယ်၊ ပိုပြီးတော့ လေးနက်တယ်၊ အဲဒီတော့ ကျွန်မပြောမယ်၊ ဒီနိုင်ငံမှာတောင်မှ စစ်ရေးဦးစီးချုပ်လို့ခေါ်သလား၊ ကာကွယ်ရေး ဦးစီးချုပ်လို့ ခေါ်သလား၊ အဲဒါပဲ”ဟု ဇန်န၀ါရီ ၁၄ ရက်တွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်း ပြုလုပ် သည့် မီဒီယာတွေ့ဆုံပွဲတွင် ၎င်းက ထောက်ခံပြောဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment