Thursday 16 January 2014

NLD လူငယ်များ အခက်အခဲကို ကိုယ်တိုင်ဖြေရှင်းရန် ဒေါ်စုပြော

NLD လူငယ်ညီလာခံကျင်းပရန် ကြုံတွေ့ရသည့်အခက်အခဲများကို လူငယ်များကိုယ်တိုင် ဖြေရှင်းကြရန် လုပ်ပိုင်ခွင့် အပြည့်အ၀ပေးထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မဇ္ဈိမကို ပြောသည်။
“လူငယ်ညီလာခံနဲ့ပတ်သက်လို့တော့ အခက်အခဲတွေရှိတယ်။ ဒါ သူတို့ဘာသာ ဖြေရှင်း၊ ကျွန်မတို့ လုပ် ပိုင်ခွင့်ပေးထားတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၁၄ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီရုံးခန်း၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောခြင်းဖြစ်သည်။

ညီလာခံသည် လူငယ်တာဝန်ခံများ ရွေးချယ်ရန် ဦးတည်ကျင်းပခြင်းဖြစ်ပြီး ကိုယ်စားလှယ်လောင်း သီး သန့်လျာထားရန် စီစဉ်ထားခြင်းမျိုးမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

“လူငယ်ညီလာခံကနေ လူငယ်တာဝန်ခံတွေ ရွေးချယ်ဖို့ပဲ။ ဒီလူငယ်တာဝန်ခံတွေထဲမှာ ဘယ်နှယောက် က ကိုယ်စားလှယ်ရဲ့အရည်အချင်းနဲ့ ပြည့်စုံတယ်ဆိုတာ မသိဘူး”ဟု ၎င်းက ဆိုသည်။

NLD လူငယ်ညီလာခံကို ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပရန် မူလက စီစဉ်ထားသော်လည်း ယနေ့ အထိ ကျင်းပနိုင်ခြင်းမရှိသေးပေ။ ယင်းကြောင့် လာမည့် ဇန်န၀ါရီ ၁၆ ရက်တွင် တိုင်း၊ ပြည်နယ်၊ ခရိုင် နှင့် မြို့နယ် လူငယ်ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့များ ရန်ကုန်တွင် တွေ့ဆုံ ဆွေးနွေးကြရန် ပြင် ဆင်ထားသည်ဟု ဗဟိုလူငယ်ညီလာခံကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်ဦးက မဇ္ဈိမကို ပြောသည်။

“ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ၀င်လာတာကြောင့်လည်း ညီလာခံကိစ္စပြင်ဆင်တာတွေ အရှိန်နည်းနည်း တန့်သွားတာ ပါပါတယ်။ အဓိကကတော့ လူငယ်အင်အား စာရင်းစုတာ မပြီးသေးလို့ပါ”ဟု ၎င်းက ရှင်း ပြသည်။

အစည်းအဝေးတွင် လူငယ်အဖွဲ့ဝင်လျှောက်ထားမှု အခြေအနေနှင့် အင်အားစာရင်းပြုစုမှု အားနည်းချက်၊ အားသာချက်များကို အဓိက ဦးတည်ရန် ရည်ရွယ်ထားပြီး အားနည်းချက်ရှိသည့် ခရိုင်၊ မြို့နယ်များကို မည်သို့ အင်အားဖြည့် ဆောင်ရွက်ပေးမည်ကို ဆုံးဖြတ်ရန်ရှိသည်ဟု ဦးမောင်ဦးက ပြောသည်။

လက်ရှိတွင် လူငယ်အဖွဲ့ဝင်လျှောက်လွှာများကို တိုင်းနှင့် ပြည်နယ်အသီးသီးသို့ ပို့ပေးထားပြီးဖြစ်သည်။ NLD အနေဖြင့် တစ်နိုင်ငံလုံးရှိ မြို့နယ်အသီးသီးတွင် လူငယ်အဖွဲ့ဝင်ဦးရေ ၅၀ ခန့်စီ ရရှိရန် မျှော်မှန်း ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment