Thursday 16 January 2014

သဘာဝသယံဇာတထုတ်လုပ်မှု ပွင့်လင်းမြင်သာရေး ဧရာဝတီတွင် တိုင်းအဆင့်ဖွဲ့စည်း

သဘာဝသယံဇာတတူးဖော်ထုတ်လုပ်မှု ပွင့်လင်းမြင်သာစွာ ဖော်ဆောင်ရေး အရပ်ဘက် လူမှုအဖွဲ့အ စည်းများ အမြင်ဖွင့်ခြင်းနှင့် ဧရာဝတီတိုင်း အမှုဆောင်ကော်မတီဖွဲ့စည်းခြင်း ဆွေးနွေးပွဲကို ပုသိမ်မြို့၊ ကရုဏာမြန်မာ လူမှုကူညီရေးအဖွဲ့ရုံးတွင် ဇန်န၀ါရီလ ၁၄ ရက်နှင့် ၁၅ ရက်က ကျင်းပခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် သတ္တုသယံဇာတ တူးဖော်ထုတ်လုပ် သုံးစွဲရာတွင် ပွင့်လင်းမြင်သာမှုရှိရေး အစီအ စဉ် (EITI) အဖွဲ့ဝင်အဖြစ် လျှောက်ထားနိုင်ရေးအတွက် အဆိုပါဆွေးနွေးပွဲတွင် တိုင်းအလိုက် အရပ် ဘက်လူမှုအဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရန် တိုင်းအဆင့်အမှုဆောင်ကော်မတီဝင်၂၁ ဦးကို ရွေးချယ်လိုက် သည်။
သဘာဝသယံဇာတ ထုတ်ယူရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့် အနာ ဂတ်ဆောင်ရွက်ရမည့် အခြေအနေများနှင့်ပတ်သက်၍ တိုင်းအဆင့်ကိုယ်စားပြု ကော်မတီအဖွဲ့ဝင်တစ် ဦးဖြစ်သူ ဦးစိုးလှိုင်ဦးက “အစိုးရဘက်ကလည်း အဖွဲ့တစ်ဖွဲ့ပါမယ်။ ကုမ္ပဏီတွေဘက်ကလည်း အဖွဲ့ တစ်ဖွဲ့ပါမယ်။ ကျွန်တော်တို့ အရပ်ဘက်လူမှုအဖွဲ့အစည်းကလည်း ပါမယ်။ သဘာဝသယံဇာတ ထုတ် လုပ်တော့မယ်ဆိုရင် အရင်တုန်းကလို လုပ်ချင်တိုင်းလုပ်လို့ မရနိုင်တော့ဘူးလေ။ အရပ်ဘက်ပြည်သူ့ကို ကိုယ်စားပြုထားတာဆိုတော့ သုံးဖွဲ့လုံး သဘောတူမှ လုပ်လို့ရတော့မယ်”ဟု ပြောသည်။

လက်ရှိတွင် သဘာဝသယံဇာတတူးဖော်ရေး ထုတ်ယူမှု ပွင့်လင်းမြင်သာရေးအပါအ၀င် EITI အဖွဲ့ဝင် ဖြစ်ရေး တိုင်းအဆင့် ဆွေးနွေးပွဲများကို ပြည်နယ်နှင့် တိုင်းအလိုက် ကျင်းပပြုလုပ်နေသည်။
“မြန်မာနိုင်ငံအတွက် ယာယီအမှုဆောင်ကော်မတီ ၄၅ ဦးနဲ့ ဖွဲ့ထားတာပါ။ အခု တိုင်းတွေက တက်လာ မယ့်သူတွေနဲ့ ထပ်ဖွဲ့စည်းပြီး နိုင်ငံလုံးဆိုင်ရာ အလုပ်အမှုဆောင် ၇၀ နဲ့ လုပ်ဆောင်သွားမှာပါ၊ သဘာဝ ပတ်ဝန်းကျင်လည်း ထိခိုက်မှုမရှိအောင် ဒေသခံပြည်သူတွေလည်း အကျိုးရှိသွားမှာပါ။ ကျွန်တော်က တော့ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ကြိုဆိုတယ်”ဟု ဧရာဝတီတိုင်း အမှုဆောင်ဦးသန်းနိုင်ဦးက ဆိုသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက အရပ်ဘက်လူမှုအဖွဲ့အစည်းများ စုပေါင်းကာ ရန်ကုန်၌ တွေ့ ဆုံခဲ့ပြီး EITI အဖွဲ့ဝင်နိုင်ငံ လျှောက်ထားနိုင်ရန် စတင်လုပ်ဆောင်ခဲ့ရာ နိုင်ငံတော်အစိုးရဘက်မှလည်း သဘောတူကြောင်း၊ ဇန်န၀ါရီလ နောက်ဆုံးအပတ်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ရွေးချယ်ပြီး သမ္မတထံ တင်ပြနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် လာမည့် ဖေဖော်ဝါရီလတွင် EITI အဖွဲ့ဝင်လောင်းအဖြစ် တင်ပြသွား မည်ဖြစ်ရာ အဆိုပါတင်ပြချက်များအရ မတ်လမှစတင်ကာ မြန်မာနိုင်ငံအတွင်း နှစ်လတာမျှ စစ်ဆေးမှု များ ပြုလုပ်ပြီးသည်နှင့် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံသွားနိုင်ရန် အလားအလာရှိကြောင်းလည်း သဘာဝ ပတ်ဝန်းကျင်လေ့လာသူများက သုံးသပ်ထားသည်။

ကမ္ဘာပေါ်တွင် EITI အဖွဲ့ဝင်နိုင်ငံပေါင်း ၃၉ နိုင်ငံရှိပြီး အာဆီယံနိုင်ငံများတွင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံ နှစ်ခုသာ ၀င်ရောက်ထားကြောင်း သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment