Thursday 16 January 2014

ပညာရေးကဏ္ဍတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်သော ပတ်ဝန်းကျင်ဖြစ်ပေါ်လာရေး သင်ထောက်ကူပစ္စည်းများသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်

ပညာရေးကဏ္ဍတွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်သော ရုပ်ပတ်ဝန်းကျင် ကောင်းများ ဖြစ်ပေါ်လာရေးအတွက် သင်ထောက်ကူပစ္စည်းများသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်နေ သည်ဟု ပညာရပ်ဆိုင်ရာ ရုပ်ပတ်ဝန်းကျင်ကောင်းများ ဖြည့်ဆည်းရေးအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် (၂)ဖြစ်သူ မန္တလေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုရည်က မဇ္ဈိမကို ပြောသည်။
“လေ့လာတွေ့ရှိချက်အရကတော့ အများအားဖြင့် သင်ထောက်ကူပစ္စည်းတွေကို လုံလုံလောက်လောက် ဖြည့် ဆည်းပေး ဖို့ လိုနေတာကို တွေ့ရပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်သော ရုပ်ပတ်ဝန်းကျင်ကောင်းများရှိရန် လိုအပ် ပြီးအဆိုပါပတ်ဝန်းကျင်ကောင်း ဖြစ်ပေါ်ရန်အတွက် ရုပ်ပတ်ဝန်းကျင်ကောင်းများ ဖြည့်ဆည်းရေးအဖွဲ့က ရေးဆွဲပြုစုလျက်ရှိသည်။

အဆိုပါအလုပ်အဖွဲ့၏ လုပ်ဆောင်ချက်များ ရှင်းလင်းခြင်းကို ဇန်န၀ါရီ ၁၅ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပခဲ့ပြီး ၎င်းတို့၏ လုပ်ငန်းစဉ် မူကြမ်း ၁၈ ချက်ကို ချပြဆွေးနွေးခဲ့သည်။
“ဆရာမတို့အဖွဲ့က ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးတဲ့အခါ ဘာတွေလိုအပ်တယ်၊ ဘာတွေ လုပ်သင့်တယ်ဆိုတာကို လုပ်ငန်းစဉ်မူကြမ်းတွေ ချမှတ်ပေးတာ ဖြစ်ပါတယ်။

လက်ရှိမှာ လုပ်ငန်းစဉ် ၁၈ ချက် ချမှတ်ထားတယ်။ ရေတို၊ ရေရှည် စီမံကိန်းတွေခွဲပြီး အဓိကအရေးကြီးတာတွေကို အစဉ်လိုက်ပဲ ဖော်ပြထားပါတယ်”ဟု ဒေါက်တာနုနုရည်က ပြောသည်။
ပညာရပ်ဆိုင်ရာ ရုပ်ပတ်ဝန်းကျင်ကောင်းများ ကြီးကြပ်ဖြည့်ဆည်းရေးအဖွဲ့မှ ရေးဆွဲထားသော လုပ်ငန်း စဉ် ၁၈ ချက်တွင် သင်ထောက်ကူပစ္စည်းများကို လုံလောက်စွာ ဖြည့်ဆည်းပေးရန်၊ စာသင်ခုံများ၊ ထိုင်ခုံ၊ ပရိဘောဂပစ္စည်းများ၊ သင်ကြားရေးဌာနများ၊ သင်ကြားရေးခန်းမများ၊ သိပ္ပံစမ်းသပ်ခန်း၊ ဟောပြောပွဲခန်း မ၊ ကွန်ပျူတာခန်းများ၊ မာလ်တီမီဒီယာအခန်းများ၊ ကျောင်းသားကျောင်းသူများ၏ အပန်းဖြေဆောင် (Recreation Centre)၊ နားနေဆောင် (Rest Room)၊ စီမံခန့်ခွဲရေးဌာနနှင့် ရုံးအသုံးအဆောင်ပစ္စည်းများ ကို လုံလောက်စွာ စီမံထားရှိပေးရန် စသည့်အချက်များ ပါဝင်သည်။

အဆိုပါအချက်များကို အမျိုးသားပညာရေးဥပဒေ ရေးဆွဲရာတွင် မူဝါဒများအဖြစ် ထည့်သွင်းရေးဆွဲသွား မည်ဖြစ်သည်။
ပညာရပ်ဆိုင်ရာ ရုပ်ပတ်ဝန်းကျင်ကောင်းများ ဖြည့်ဆည်းရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက “ရုပ်ပတ်ဝန်း ကျင်ကောင်းတွေဖြစ်လာဖို့ ဘာတွေရှိသင့်တယ်၊ ဘာတွေဖြစ်သင့်တယ်ဆိုတာကို အလုပ်ရုံ ဆွေးနွေးပွဲ တွေလုပ်ပြီး အဖြေရှာတယ်။ ပြီးတော့ ရှိသင့်တဲ့အခြေအနေတွေကို တင်ပြတယ်။ မူကြမ်းတွေကိုအတည် ပြုပြီးရင်တော့ အမျိုးသားဥပဒေရေးဆွဲတဲ့အခါ ထည့်သွင်းရေးဆွဲသွားမှာဖြစ်ပါတယ်”ဟု ဆိုသည်။

အမျိုးသားပညာရေးဥပဒေရေးဆွဲရန်အတွက် လက်တွေ့ကျသောပညာရေးမြှင့်တင်မှု အကောင်အထည် ဖော်ရေးကော်မတီက နိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမများနှင့် ပြင်ပမှ ပညာရှင်များ ပါဝင်သော Working Group ၁၈ ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး အဆိုပါအဖွဲ့များသည် ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် အလုပ် ရုံဆွေးနွေးပွဲများ ပြုလုပ်ကာ ပညာရေးဆိုင်ရာမူဝါဒ(မူကြမ်း) များ ရေးဆွဲလျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment