Thursday 16 January 2014

RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ် တာဝန်မှ အနားယူလို

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီတပ်မတော်ဟု လူသိများသလို ရှမ်းပြည် တောင်ပိုင်း တပ်မ တော်ဟုလည်း လူသိများသည့် RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ်က မိမိ၏နေရာကို ၀င် ရောက် တာဝန်ထမ်းဆောင်မည့် ခေါင်းဆောင်ရှိခဲ့ပါက RCSS/SSA ဥက္ကဋ္ဌအဖြစ်မှ အနားယူလိုသည်ဟု ဌာနချုပ်၌ကျင်းပခဲ့သည့် နှစ်ပတ်လည်အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။
အဆိုပါအစည်းအဝေးကို ဇန်န၀ါရီ ၉ မှ ၁၃ အထိ ငါးရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။ RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောင်းဆိုင်က “သူ့အစား လာပြီးတော့ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ပေး မယ့် လူပုဂ်္ဂိုလ်ရှိရင်တော့ သူ့အနေနဲ့ အနားယူချင်တဲ့ဆန္ဒရှိပါတယ်လို့ နှစ်ပတ်လည်အစည်းအဝေးမှာ ထုတ်ပြောပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးဆိုင်းမိန်းကလည်း “ကျွန်တော်တို့အဖွဲ့အစည်းမူအရ လေးနှစ်တာ တစ်ကြိမ်ကျ ဥက္ကဋ္ဌနဲ့ ဌာနဆိုင်ရာလုပ်ငန်းတာဝန်ခံတွေကို ရွေးချယ်တင်မြှောက်ရမှာပါ၊ သူကတော့ လာ မယ့် ဖေဖော်ဝါရီလမှာ ထပ်လုပ်မယ့် ညီလာခံကတော့ သူအနေနဲ့ ၀င်ရောက် အရွေးချယ်ခံတော့မှာ မ ဟုတ်ဘဲ ဆိုင်းငံ့ထားမယ်”ဟု အတည်ပြုသည်။

ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ်သည် RCSS/SSA ဥက္ကဋ္ဌအဖြစ် ၂၀၀၀ ပြည့်နှစ်မှစ၍ လေးနှစ် တစ်ကြိမ်ကျ ပြုလုပ်သည့် ညီလာခံ၌ ထောက်ခံမဲအများဆုံးရရှိကာ သုံးကြိမ်ဆက်တိုက် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့ ပြီးနောက် အနားယူရန် ဆန္ဒရှိကြောင်း ပထမဦးဆုံးအကြိမ် တရားဝင် ထုတ်ဖော်ပြော ကြားခြင်းဖြစ်သည်။

သို့သော် ဥက္ကဋ္ဌနေရာတွင် ၀င်ရောက် အစားထိုးနိုင်မည့် လူပုဂ်္ဂိုလ်မရှိခဲ့လျှင် မိမိပင် ပြန်လည်ဦးဆောင် သွားမည်ဟု သဘောထားပေးထားကြောင်းလည်း ဗိုလ်မှူးစိုင်းလောင်းဆိုင်က ပြောသည်။

“ဘယ်သူမှလုပ်ဖို့ ပုဂ်္ဂိုလ်မရှိခဲ့ဘူးဆိုရင်တော့ အားလုံးက ပြန်လည်ရွေးကောက် တင်မြှောက်ခဲ့ ရင်တော့ ပြန်လည် တာဝန်ထမ်းဆောင်ဖို့လည်း ၀န်မလေးပါဘူးလို့ အဲလိုပြောထားတယ်”ဟု ဗိုလ်မှူး စိုင်းလောင်း ဆိုင်က မဇ္ဈိမကို ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ်သည် မော်ထိုင်းတပ်မတော် (MTA) မှ အစိုးရထံသို့ လက်နက်ချခဲ့သည့် ၁၉၉၆ ခုနှစ်ကတည်းကပင် RCSS/SSA ကို စတင် တည်ထောင်ရန် ကြိုးပမ်းခဲ့စဉ်မှ ၁၈ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သည်။

လေးနှစ်တစ်ကြိမ်ကျ ညီလာခံကို လာမည့်ဖေဖော်ဝါရီလ ၁၃ ရက်တွင် ကျင်းပရန် သတ်မှတ်ထားပြီး ဥက္ကဋ္ဌနေရာ ရွေးချယ်တင်မြှောက်ရန်နှင့် အခြားဆက်စပ်ရာ ဌာနဆိုင်ရာလုပ်ငန်းတာဝန် ခံများ ပြန်လည် ရွေးကောက် တင်မြှောက်သွားမည် ဖြစ်သည်။ RCSS/SSA ကို ၂၀၀၀ ခုနှစ်၊ မေလ ၂၇ ရက်တွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment