Thursday 16 January 2014

နိုင်ငံခြားဘဏ်များ ပြည်တွင်းတွင် လုပ်ကိုင်ခွင့်ရမည်

ဘဏ်လုပ်ငန်း ဖွံ့ဖြိုးမှု နှေးကွေးနေသေးသည့် မြန်မာနိုင်ငံတွင်၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ် အတွင်း နိုင်ငံခြား ဘဏ်များ စတင် ဝင်ရောက် လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောကြားသည်။
နိုင်ငံခြားဘဏ်များ ပြည်တွင်းတွင် ဘဏ်လုပ်ငန်း ဝင်ရောက် လုပ်ကိုင်နိုင်ရန်အတွက် ဘဏ်လုပ်ငန်း လိုင်စင်ပေးခြင်း၊ နိုင်ငံခြား ဘဏ်များနှင့် ပြည်တွင်းဘဏ်များကို ထိန်းကျောင်းမည့် စဉ်းမျဉ်းများရေး ဆွဲခြင်း ကိစ္စရပ်များကို ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) တို့ အကူအညီဖြင့် ရေးဆွဲနေပြီ ဖြစ်ကြောင်း ဇန်နဝါရီလ ၁၅ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်း ဘဏ်များသည် နိုင်ငံတကာ ဘဏ်လုပ်ငန်း အတွေ့အကြုံ အားနည်းနေသေးပြီး နိုင်ငံခြားဘဏ်များနှင့် အင်အားခြင်း မယှဉ်နိုင်သေးသည့်အတွက် လာမည့် ဘဏ္ဍာရေးနှစ်တွင် ဝင်ရောက် လုပ်ကိုင်ခွင့်ပေးရန် စောနေသေးကြောင်း မြန်မာနိုင်ငံ ဘဏ်များအသင်း ဥက္ကဋ္ဌ ဦးသိန်းထွန်းက ထောက်ပြ ပြောဆိုသည်။
“ပြည်တွင်း ဘဏ်တွေကို Foreign Exchange လုပ်ခွင့်ပေးတာ တစ်နှစ်ပဲ ရှိသေးတယ်။ Joint Venture လုပ်ခိုင်းရင်တောင် ဒီဘက်က ဘဏ်တွေ ရင်းနှီးမြှုပ်နှံမှု ပမာဏက နည်းတယ်။ အဲလို အခြေအနေမှာ ဝင်ခွင့်ပေးလိုက်ရင် ပြည်တွင်းဘဏ်တွေ ပြိုလဲသွားနိုင်တယ်” ဟု ၎င်းကသူ၏ အမြင်ကို ပြောကြားသည်။

အခြားစီးပွားရေးကဏ္ဍများ တိုးတက်ရန် နိုင်ငံခြားဘဏ်များ ဝင်ခွင့်မပေးဘဲ အခြားနည်းများ အသုံးပြုကာ ဖြေရှင်းနိုင်ကြောင်း ပြည်တွင်း ဘဏ်လုပ်ငန်း တောင့်တင်းမှသာ နိုင်ငံခြားဘဏ်များကို ဝင်ရောက် လုပ်ကိုင်ခွင့်ပေးသင့်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ဗဟိုဘဏ်သည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားဘဏ်များ ဝင်ရောက် လုပ်ကိုင်ခြင်းအပြင် ချေးငွေကဏ္ဍ တိုးတက်ရေး အာမခံပစ္စည်း အမျိုးအစားများကို တိုးချဲ့ခွင့်ပြုခြင်း၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းသစ်များနှင့် ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး မူဝါဒကို အကောင်အထည်ဖော်မည့် ဘဏ်များကို တည်ဆောက် လုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment