Thursday 16 January 2014

အလုပ်ရပ်စဲမှုဆိုင်ရာညွှန်ကြားချက် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ကန့်ကွက်မည်

အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အလုပ်ရပ်စဲမှုဆိုင်ရာ ဆောင်ရွက်ရန် ညွှန် ကြားချက်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ (ယာယီ) အနေဖြင့် ကန့်ကွက်စာပေးပို့သွား မည်ဟု ဇန်န၀ါရီ ၁၅ ရက်တွင် ဗိုလ်အောင်ကျော်လမ်းရှိ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ယာယီ)ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အလုပ်သမားသမဂ္ဂ(ယာယီ) ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောသည်။
ကန့်ကွက်စာပေးပို့မည့်အချက်မှာ အလုပ်ရှင်၏သဘောဆန္ဒအရ အလုပ်သမားအင်အားလျှော့ခြင်း (သို့မဟုတ်) အလုပ်ပိတ်သိမ်းခြင်းနှင့် အလုပ်မှထုတ်ပယ်ခြင်းများတွင် အလုပ်သမားများ၏ လုပ်ခလစာနှင့် ပတ်သက်၍ လုပ်သက်သုံးလပြည့်ပြီး တစ်နှစ်မပြည့်ပါက နစ်နာကြေး လ၀က်စာ၊ လုပ်သက်တစ်နှစ်ပြည့် ပြီး နှစ်နှစ်ဆိုပါက နစ်နာကြေး နှစ်လစာ စသည့်အချက်များအား ကန့်ကွက်သွားမည်ဖြစ်သည်။

အလုပ်သမားသမဂ္ဂ(ယာယီ) ဥက္ကဋ္ဌဦးအောင်လင်းက “မြန်မာနိုင်ငံမှာ အဖိနှိပ်ခံအလုပ်သမား လူတန်းစား တွေရဲ့ ဘ၀ရပ်တည်မှုတွေကို ဂရုပြုခြင်းမရှိဘဲ အလုပ်ရှင်လူတန်းစားတွေ ရဲ့အလို ကျ ဖော်ဆောင်ထား တဲ့ ညွှန်ကြားလွှာသာဖြစ်တယ်လို့ ကျွန်တော်တို့ သုံးသပ်မိပါတယ်။ လုပ်ခလစာ နည်းပါးခြင်း၊ အလုပ်ရှင် တွေက ဖိနှိပ်တဲ့ ဆက်ဆံရေးတွေ လုပ်ငန်းခွင်ဘေးအန္တရာယ် မလုံခြုံမှုတွေက အလုပ်သမားတွေ နွံထဲက ရုန်းမထွက်နိုင်ကြသေးပါဘူး”ဟု ပြောသည်။

ထို့ပြင် ရွှေပြည်သာ ကြားဖြတ်အလုပ်သမားသပိတ်မှောက်ပွဲတွင် အလုပ်သမားများ ၁၃ ရက်ကြာ သပိတ် မှောက်ကြရာမှ လျော်ကြေးငွေရရှိသည့်အထဲတွင် ခေါင်းဆောင်သူ၏ နာမည်မပါခဲ့သည့် အလုပ် သမား အခွင့်အရေးဆုံးရှုံးမှုများ ရှိနေသည်ဟု ဦးအောင်လင်းက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းရှိ အလုပ်သမားဆိုင်ရာ အခွင့်အရေး အပိုဒ် ၂၃(၁) တွင်ပါရှိသည့် လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးဝမ်းကျောင်းအ လုပ်ကို လွတ်လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သောအလုပ်ခွင်၏ အခြေအနေ မှန်ကို ရရှိရန်လည်းကောင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်းမှ အကာအကွယ်ရရှိရန်လည်းကောင်း၊ အခွင့်အရေး ရှိသည်ဟူသော အချက်များကို မျက်ကွယ်ပြုနေသည်ဟု ယူဆကြောင်း အဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment