Wednesday 18 December 2013

မန္တလေးတွင် ယာဉ်တိုက်မှုနှင့် မူးယစ်ဆေးဝါးမှု အများဆုံး ချမ်းအေးသာစံမြို့နယ်ဖြစ်

မန္တလေးမြို့၏ ဗဟိုကျသော မြို့နယ်တစ်ခုဖြစ်သည့် ချမ်းအေးသာစံမြို့နယ်သည် သက်ဆိုင်ရာဌာနများ ၏ စစ်တမ်းများအရ အခြားမြို့နယ် ခြောက်ခုထက် ယာဉ်တိုက်မှုဖြစ်ပွားနှုန်းနှင့် မူးယစ်ဆေးဝါး ဖမ်းဆီးရ ရှိမှု အများဆုံးဖြစ်ကြောင်း မန္တလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက ပြောကြားလိုက်သည်။

ဒီဇင်ဘာ ၁၃ ရက်က ကျင်းပသည့် မြို့နယ် အထောက်အကူအဖွဲ့များနှင့် ပြည်ထောင်စုဝန်ကြီးများ တွေ့ ဆုံပွဲတွင် ယာဉ်တိုက်မှုနှင့် မူးယစ်ဆေးဝါးမှု စစ်တမ်းများကို ကိုးကားပြီး ခရိုင်အုပ်ချုပ်ရေးမှူးကို ပြောဆို လိုက်ခြင်းဖြစ်သည်။

မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ မူဝါဒများကြောင့် မြို့၏အကျယ်အ၀န်း၊ လက်ရှိလူဦးရေနှင့် ယာဉ် စီးရေသည် မမျှသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများမှတစ်ဆင့် ယာဉ်တိုက်မှုများ ဖြစ်ပွားလာခြင်းဖြစ် ကြောင်း ယာဉ်ထိန်း ဒု-တပ်ဖွဲ့ခွဲမှူးရုံးမှ ဗိုလ်ကြီးမျိုးညွန့်တင်က သုံးသပ်သည်။

ယာဉ်ထိန်းတပ်ဖွဲ့များအနေနှင့် စည်းကမ်းမဲ့သွားလာသည့် ယာဉ်များကို လအလိုက် အရေးယူရာတွင် ပျမ်းမျှ တစ်လလျှင် (ဆိုင်ကယ်နှင့်ကား) အစီးရေ တစ်ထောင်ကျော်ခန့်ကို မော်တော်ယာဉ် ဥပဒေဖြင့် လည်းကောင်း၊ စည်ပင်ပုဒ်မ (၂၆)ဖြင့်လည်းကောင်း စစ်ဆေးအရေးယူခဲ့ပြီဖြစ်သည်။

“ကျွန်တော်တို့မြို့နယ်ထဲမှာ ယာဉ်စည်းကမ်းမရှိလို့ ယာဉ်တိုက်မှု ခဏခဏဖြစ်တယ်။ တချို့ဆို အသက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကြရတယ်၊ ဒါတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိန်းသိမ်းဆောင်ရွက်ပေး သင့်ပါတယ်”ဟု ချမ်းအေးသာစံမြို့နယ်မှ မြို့မိဖြို့ဖတစ်ဦးဖြစ်သူ ဒေါက်တာခင်မောင်ထွန်းကပြောသည်။

ချမ်းအေးသာစံမြို့နယ်သည် မြို့အနေအထားအရ ကျယ်ဝန်းပြီး ဈေးချို၊ ဘူတာကြီး၊ ကုန်စည်ဒိုင်၊ ဆေးရုံ ကြီး၊ မြစ်ဆိပ် စသည့် အလုပ်အကိုင်အခွင့်အလမ်းပေါသော နေရာများရှိသည့်အတွက် နေ့စဉ် မြို့သစ်မှ လာရောက် အလုပ်လုပ်ကိုင်သူများနှင့် ရှုပ်ထွေးနေသည့် မြို့နယ်ဖြစ်သည်။

ချမ်းအေးသာစံမြို့နယ်၏ နယ်နိမိတ်သည် တောင်ဘက် ၂၆ ဘီလမ်းမှ မြောက်ဘက် ၃၅ လမ်းအထိ၊ အရှေ့ဘက်တွင် မြို့ပတ်လမ်းနှင့် အနောက်ဘက်တွင် မြစ်ကမ်းအထိ ကျယ်ဝန်း၍ လူဦးရေ တစ်သိန်း လေးသောင်းခန့် နေထိုင်ပြီး စီးပွားရေးလုပ်ငန်းအဖြစ် ဈေးသည်နှင့် ကုန်သည်လုပ်ငန်းလုပ်ကိုင်သူ များ ပြားပြီး အသေးစား၊ အလတ်စားလုပ်ငန်း ၁,၅၀၀ ခန့် ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment