Wednesday 18 December 2013

ပြစ်ဒဏ်ကျ ထောက်လှမ်းရေး ဟောင်းများကို နိုင်ငံရေး အကျဉ်းသားအဖြစ် လက်မခံဟုဆို

ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ထိန်းသိမ်း အရေးယူ ခံရစဉ်တွင် တစ်ပါတည်း ဖမ်းဆီး အကျဉ်းကျခံရပြီး မလွတ်မြောက်သေး သည့် ထောက်လှမ်းရေး အဖွဲ့ဝင်ဟောင်းများကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်၍ လွတ်ငြိမ်း ချမ်းသာခွင့်ပြုမည် ဆိုပါက လုံးဝလက်မခံမည် မဟုတ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ထုတ်ပြန် ပြောကြားသည်။
အစိုးရဟောင်း လက်ထက်တွင် ပြစ်ဒဏ် ကျခံခဲ့ရသည့် ထောက်လှမ်းရေး တပ်ဖွဲ့ဝင် ဟောင်းများကို နိုင်ငံရေး အကျဉ်း သား ခေါင်းစဉ်ဖြင့် လွှတ်ပေးရန် တောင်းဆိုလာကြောင်း ကြားသိနေရပြီး လူသားချင်း စာနာမှုအရ အခြားခေါင်းစဉ် တစ်ရပ်ရပ်ဖြင့် လွှတ်ပေးမည် ဆိုပါကမူ ကန့်ကွက်မည် မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြစ်ဒဏ်ကျခံဆဲ ထောက်လှမ်းရေး အဖွဲ့ဝင်ဟောင်းများကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ရေး လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီအတွင်း ဆွေးနွေး ငြင်းခုံမှုများ ရှိသော်လည်း အကျဉ်းသား မိသားစုများထံမှ နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမှု မရှိကြောင်း အဆိုပါ ကော်မတီဝင် ဦးကိုကိုကြီးက ပြောကြားသည်။
“ဗုဒ္ဓဘာသာ မြန်မာတစ်ယောက် အနေနဲ့ လူပုဂ္ဂိုလ် တစ်ယောက် အကျဉ်းအကျပ်ကနေ လွတ်ဖို့အတွက် ကျွန်တော်တို့ ကိုယ်တိုင် လိုလိုလားလား ကြိုဆိုတယ်။ သူတို့ လွတ်မြောက်ရေးအတွက် ကန့်ကွက်စရာ မရှိဘူး” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်သူ ဦးကိုကိုကြီးက မှတ်ချက်ပြုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၃ ခုနှစ် အကုန်တွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားများ မရှိစေရ ဟု နိုင်ငံတကာသို့ ကတိပြု ထားသော်လည်း ပုဒ်မ ၁၈ နှင့် ဖမ်းဆီး အကျဉ်းချမှုများ ဆက်တိုက် ရှိနေ၍ ဒီဇင်ဘာ အကုန်တွင် နိုင်ငံရေး အကျဉ်းသားများ ဆက်ရှိနိုင်ဖွယ် ရှိကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီးတွင် ၂၀၁၃ ခုနှစ်အကုန်၌ နိုင်ငံရေး အကျဉ်းသား လုံးဝမရှိစေရန် လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက အကျဉ်းထောင်များ၊ အကျဉ်းသား မိသားစုဝင်များနှင့် ချိတ်ဆက် ဆောင် ရွက်နေ ပြီး နိုင်ငံတော်သမ္မတက နိုင်ငံရေး အကျဉ်းသားများကို အုပ်စုအလိုက် ခြောက်ကြိမ်တိုင် လွတ်ငြိမ်းချမ်းသာခွင့် ပြုထားသည်။

The Voice Weekly

No comments:

Post a Comment