Wednesday 18 December 2013

ပြည်သူ့ဆန္ဒ၊ အစိုးရဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ တပ်မတော်ဆန္ဒနှင့် အကောင်း ကြိုက်ကာလ

ရာဇဝင်သမိုင်းထဲမှာသာမက ဒီကနေ့ခေတ်ထိ လေးစားထိုက် သူတွေကို တွေ့နိုင်သလို ရွံရှာစက်ဆုပ်ဖွယ်လူညစ်တွေကို လည်း တွေ့နိုင် ပါသည်။နာယကဂုဏ်နှင့် ပြည့်စုံသောခေါင်းဆောင်တွေမှမဟုတ်။ ဧရာမ အလုပ်ကြီးဟု လူအများမြင်တွေ့နိုင်သည့်နေရာမှာ လုပ်ကိုင်နေကြရမှ မဟုတ်။ လူသာမန်အသွင်မျှနှင့် ကိုယ့်မိသားစု၊ ကိုယ့်ရပ်ဝန်းကျင်နှင့်ကိုယ့် လူမျိုး၊ ကိုယ့်နိုင်ငံတစ်ခွင် အကျိုး တစ်စုံတစ်ရာဖြစ်ထွန်းအောင်လုပ်ဆောင်နေ သူတိုင်းမှာ စိတ်ရှည်ဇွဲသန်သည်းညည်းခံနိုင်ကြမှုတွေကို တွေ့မြင်ကြရ၍ ဦးညွှတ် လေး စား ရသည်လည်း ရှိ၏။

တစ်ခါတစ်ရံအထင်နှင့်အမြင်လွဲတတ်သော သဘောသဘာဝအတိုင်း အလုပ်ကြီးအကိုင်ကြီးတာဝန်ကြီးတွေနှင့်မလိုက် မထိုက်အောင် ပင် စိတ် ဓာတ်အရာချွတ်ခြုံကျသူတွေကိုလည်း တွေ့ရတတ်သည့်အခါ စိတ်ပျက် အားယုတ်ဖြစ်မိသည်ကိုလည်း ကြုံတတ်၏။ အလုပ်အကိုင် တာဝန်နှင့် အလိုက်အထိုက်ထားရှိအပ်သော စိတ်ဓာတ်ဂုဏ်အင် ညီညွတ်အောင် ကျင့်ကြံနေထိုင် ပြုမူနိုင်စွမ်း ရှိ မရှိနှင့်စံညွှန်း ကိုက် မကိုက်ကို ဖော်ညွှန်း သည့် လူ့ဂုဏ်သိက္ခာအပေါ်လူ့သဘာဝအရ အကောင်းချည်းသာလိုချင် တွေ့ ချင်ကြုံချင်မိသောဆန္ဒမနောကြောင့်ဖြစ်မည်။

အမှန်စင်စစ်အဆိုးနှင့်အကောင်း ဒွန်တွဲနေသည့် သဘာဝ သဘောနှင့် လောကကြီးအကြောင်း ဆင်ခြင်သိရှိနိုင်ခဲ့ကြပါမူ အိုးရွဲ့ကို စလောင်းရွဲ့ဖြင့်တုံ့ပြန်ဖြစ်ကြမည် မဟုတ်ရုံသာမက အရွဲ့ကို တည့်ပေး နိုင်သူအဖြစ် တန်ဖိုးပင်တက်နိုင်ကြပါမည်။

အဆိုးကိုအကောင်းဖြင့် ပြုပြင်ပေးနိုင်ခြင်းမရှိပါက အကောင်းသည်လည်း အဆိုးနှင့်ယှဉ်ကာ ဆိုးသွားမည့်အန္တရာယ်ရှိနိုင်သည် မဟုတ်လော။ အကောင်းကြိုက်သူဟု မည်သို့ပင်ဆိုစေ အဆိုးပြုမိနေသူကိုမပြုမပြင်ပေးနိုင် ဘဲ မျက်နှာလွှဲခဲ့ပါမူ ထိုသူသည် အကောင်းကိုကြိုက်ပင်ကြိုက်ငြား အကောင်းနှင့်မထိုက်သူသာ ဖြစ်မည်။ အကယ်၍သာ တစ်ဦးတစ်ယောက် အဆိုးကိုပြုနေမိသော် ၄င်းကိုယ်တိုင်သတိပြုပြင်ဆင်ပြုမူချင်လာအောင်လည်း အများကပင် ဆက်လက်ကောင်းပြလိုက်နိုင်ကြဖို့ အကောင်းကြိုက်သူတိုင်း ဆန္ဒရှိသင့်၏။

ယနေ့ကာလမှာ မြန်ပြည်တစ်ခွင် အကောင်းကြိုက်ကာလဟုပင် ဆိုချင်စရာ။ မကောင်းမှာ စိုးရိမ်နေကြသည့်အလား၊ အားလုံးက အပြန်အလှန် ကောင်းစေချင်နေကြသည်။ အကောင်းကို မျှော် လင့်တောင့်တနေရသူက ပြည်သူ။ အနှီပြည်သူကို ကောင်းစေချင်သူက အစိုးရ။ ယင်းအစိုးရကို သည်းသည်းလှုပ် ကောင်းစေချင်နေသည်က လွှတ်တော်။ အဆိုပါ လွှတ်တော် အရပ်ရပ်မှာ ကောင်းစေချင်သည် ဆိုကာ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း စီထည့်ပေးထားသည်က တပ်မတော်။ အပြန်အလှန် ထိန်းကျောင်းမှုဟု ဆိုသော်ရမည်။

ခက်မသုံးဖြာဖြင့်နိုင်ငံကိုရှေ့ဆောင်နေသော နိုင်ငံရေးစနစ်တစ်ခုတွင်
ကောင်းမွန်မှုဟူသည်ဘက်ညီမှ တစ်ပြိုင်နက် တိုးတက်အောင်မြင် မှာလည်း ဖြစ်သည်။ တစ်ဦးကိုတစ်ဦးက ပြုပြင်စေလိုခြင်း သည် ကောင်း သည်ဆိုငြား အကောင်းပြောသည်မှာပင် အပြောကောင်းဖို့ လိုအပ်နေသေး သည်မှာ ထင်သာမြင်သာ၏။ အကောင်းပြောသည်ဟုပင် ကိုယ်နှင့်ကိုယ့် အဖွဲ့ကမည်မျှ ယုံကြည်သက်ဝင် ထားစေကာမူ လေသံ၊ ဟန်ပန်၊ စကားလုံးတို့နှင့် ရှေ့ရှေ့က ပြုခဲ့မှုတွေနှင့် နှိုင်းချင့်ကာ တစ်ဖက်နာကြားရသူ ဘဝင်ကျနိုင် မကျနိုင်လည်း ရှိနေနိုင်သေးသည့်အချက်ကို အကောင်းဆုံး ချင့်တွက်နိုင်ပါမှ ပြောရဆိုရကျိုးနပ်ပါလိမ့်မည်။ ခေါင်းဆောင်ကြီးဖြစ်လေမှ နာယကဂုဏ်ရှိထိုက်သည်ဟု တွက်ကပ်ခြင်းမပြုဘဲ 'ခမာ၊ ဇာဂရိယ၊ ဥဋ္ဌာန၊ သံဝိဘာဂ၊ ဒယာ၊ က္ကုက္ခနာ'ဟူသည့် သည်းခံခြင်း၊ နိုးကြားခြင်း၊ ထကြွလုံ့လ ရှိခြင်း၊ ခွဲခြမ်းဝေဖန်ခြင်း၊ ကြင်နာသနား ညှာတာခြင်း၊ မြော်မြင် ဆင်ခြင် ခြင်းတို့ဖြင့် ခြောက်ပါးသော နာယကဂုဏ်အင်ကို တစ်ပါးသူအေ ပါ် ပြုစေပြင်စေလိုသည့် စေတနာစကားကောင်း ပြောကြား ပေးလိုသူတိုင်း လိုက်နာကျင့်သုံးအပ်သည်ဟု ဆိုချင်၏။

'ခမ ဘာဝ'သည်းခံစိတ်အမှုကိုပြုနိုင်ကြဖို့မည်မျှခက်ခဲနေစေကာမူ အကောင်းပြောလိုသည့် စေတနာကောင်း အခြေတည် ထားပါမူ သည်း ခံစိတ်ကို မွေးနိုင်ကြမည်သာ။

ကောင်းစေလိုသောဤအရေးမှာ ပြုပြင်နိုင်အောင်ဆိုညွှန်းတင်ပြရသည့်တာဝန်ကို စတုတ္ထမဏ္ဍိုင်ကလည်း သမိုင်းပေး တာဝန်အဖြစ် မျက်နှာမလွှဲ ထမ်းရွက်ကြရမည်ဖြစ်ရာ ယခုလိုနှစ်ကုန်ခါနီးကာလတွေ အတွင်း နှစ်ချုပ်တွေရေးသားတင်ပြမှုများသည်လည်း အထူးအရေးပါနိုင်ပါ၏။

နှစ်ချုပ်တို့ရည်ညွှန်းလေမည့် ကုန်ဆုံးခါစနှစ်ဆိုသည်မှာ လောလော လတ်လတ်ကာလ ဖြစ်ဆဲကာလသာဖြစ်ပြီး၊ တုတ်ထမ်း ဓားထမ်း ငြင်းလောက်သော ရှေးအတည်တေသမယ လွန်လေပြီးခဲ့သော ကာလမဟုတ်၍ မှားခြင်းမှန်ခြင်းမှာ ပြုသူဖြစ်သူအားလုံး ခံသာအောင်ရှိဖို့ လိုမည်ဟုတော့ အပြုသဘော တွေးဆထားသင့်ပါလိမ့်မည်။

လတ်တလော ပြုနိုင်ပြင်နိုင် အချိန်မီနိုင်သေးသည့် အခါ ဖြစ်နေပါ လျက်မှားသည်ကို ပြင်လိုစိတ်ရှိအောင်မပြောနိုင်ပါက အပြစ်တင်ဆိုခြင်း တစ်မျိုးသာဖြစ်ပြီး ဝေဖန်ထောက်ရှုခြင်းလည်း မမည်နိုင်ပါ။

ထိုနည်း၎င်း သမိုင်းကောင်းကိုမျှော်လင့်နေသော ယနေ့ခေတ်လူများ ကိုယ်တိုင်ကလွန်လေပြီးခဲ့သောအမှုတို့ကို သုံးသပ် ရှုမြင်ရာ၌လည်း အကျိုးရှိအောင် သုံးသပ်ဆင်ခြင်နိုင်ခြင်းမရှိခဲ့ပါမူ သမိုင်းကို မအ အအောင် သင်ယူမိသူနှင့် မခြားရှိနိုင်ကြောင်း သတိပြုရာ၏။ ဥပမာဆိုလျှင် ရှေး အတည်တေအခါသမယ အနော်ရထာမင်းစောနှင့် မင်းကျန်စစ်တို့တည် ခဲ့သည့် ပုဂံခေတ် မြန်မာပြည်၊ ဘုရင့်နောင်တည်ထားခဲ့ သည့် တောင် ငူခေတ် မြန်မာပြည်နှင့် အလောင်းမင်းတရားတည်သော ကုန်းဘောင်ခေတ် မြန်မာပြည်တို့မှာ မြန်မာ့မြေကိုတိုင်းတစ်ပါးသို့ စစ်လျော်ကြေးစတင်ပေးရခြင်းပင် ၁၁၁ နှစ်တင်းတင်းပြည့်ပြီဟု ၂ဝ၁၄ မှာ အမှတ်တရအဖြစ် နာစရာတွေ ဖျစ်ညစ်ရှာနေကြလေဦးမည်လား။ သင်ခန်းစာရရာရကြောင်း စေတနာကောင်းဟုဆိုလျှင် အကောင်းပြောသည် မှာပင် အပြောကောင်းဖို့ လိုမည်ဟု ဆိုခဲ့ပြီးမဟုတ်ပါလော။

အဆိုပါ ရှေးလွန်လေပြီးသော ၁၁၁ နှစ်က ပထမမြန်မာ-အင်္ဂလိပ် စစ်ပွဲအပြီး ဘိုးဘွားအမွေအနှစ်မြေကို ဖဲ့ခြွေကာ စစ်လျော်ကြေး စတင်ပေးခဲ့ရသူ ဘကြီးတော်မင်း၏ ထီးမွေကိုဆက်ခံသည့် သာယာဝတီ မင်းလက်ထက်မှာ သူ့ဝန်ထမ်းနေသူ ယင်းတော်ဝန်ကြီးကို လှံဖြင့်ထိုး သတ်ကွပ်မျက်ခဲ့ဖူးပြီး သမိုင်းတစ်ကျော့ မင်းတစ်ဆက်မျှသာခြားချိန်မှာလည်း သာယာဝတီမင်း၏သားဖြစ်သူ မင်းတုန်းမင်းက ယင်းတော်ဝန်ကြီး ၏သားဖြစ်သူ ယောမင်းကြီးဦးဖိုးလှိုင်ကို လှံတံပြကာ ခြောက်လှန့် စကားဆိုခဲ့ သေး၏။

မင်းမျိုးက မင်းဖြစ်ပြီး မင်းခစားမျိုးက မင်းထံဆက်လက်ခစားအမှုထမ်းရသည့် ဤသမိုင်းဖြစ်စဉ်မှာ သက်ဦးဆံပိုင် ကိုယ့်သခင်ကိုယ့်အရှင်ကို ရန်သူလို သဘောမထားနိုင်ကြသော်ငြား ကိုယ့်ဘုရင် ကိုယ့်အရှင် အမှားဆောင်ရွက် မိမည်ကိုသာ စိုးရိမ်ကာ အသက်ကိုပဓာနမထားတည့်မတ် စကား လျှောက် တင်ပြောကြားသည့် အမတ်၊ ဝန်ကြီး၊ အမူထမ်းကောင်းတွေရှိခဲ့သည့် တိုင်းပြည်အဖြစ် ကျွန်ုပ်တို့မြင်ကြည့်ပုံနှင့် စေတနာကိုလိုက်ကာ သမိုင်းသည် ပင် သင်ခန်းစာယူပုံ ပြောင်းနိုင်မဟုတ်ပါလား။ မင်းပင်ကောင်းလျက်
မင်းမြှောင်ဖျက်သောခေတ်သမိုင်းတွေ၊ မင်းပင်ကိုယ်၌ ဖျက်ခဲ့၍ပျက် ရသော ခေတ်သမိုင်းတွေကြား ကျွန်ုပ်တို့နှောင်းလူတွေ ဂုဏ်ယူပြောကြားနိုင် သည့် မင်းကောင်းမင်းမြတ်၊ မင်းအမတ်တွေ မရှားခဲ့ခြင်းအတွက် လည်း ကျေးဇူးတင်မိပါ၏။

မည်သို့ဆိုစေ ကျွန်ုပ်တို့သည် ဘိုးဘွားအမွေကို ဆိုးမွေကောင်းမွေ မှန်သမျှ မလွှဲမရှောင်သာ ဆက်ခံလက်ခံယူကြရမြဲ ဓမ္မတာနှင့်အတူ အနီးဆုံးဆိုးမွေကောင်းမွေရလဒ်ကို အနီးဆုံးမျိုးဆက်ကသာ ဆက်ခံရ စမြဲဖြစ်၍ ကျွန်ုပ်တို့ ကြားဖူးနေကျဖြစ်သော ကိုယ်ပြုသည့်ကံသည် ကိုယ်သာမက ကိုယ့်မျိုးဆက်အထိပါ ခံကြရသည်ကိုလည်း မမေ့အပ်ရာဟု သတိပြုသင့်ပါကြောင်းဆန္ဒပြု ရေးသားလိုက်ရပါသည်။

အယ်ဒီတာ့အာဘော်
Popular Myanmar News Journal

No comments:

Post a Comment