Wednesday 18 December 2013

ဘင်္ဂါလီ ခုနစ်ဦးကို ခေါ်ယူလာသည့် ယာဉ်မောင်းကို လူကုန်ကူးမှု အပါအဝင် ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ဘင်္ဂါလီ ခုနစ်ဦးကို ပါဂျဲရိုးယာဉ်ဖြင့် ရန်ကုန်မြို့တော်သို့ ခေါ်ဆောင်လာသော ယာဉ်မောင်းကို လူကုန်ကူးမှု အပါအဝင် ပုဒ်မနှစ်ခုဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့က အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မှော်ဘီမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
လွန်ခဲ့သောရက် ၂၀ ကျော် နိုဝင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အမှတ် (၄) လမ်းမကြီး ပူးပေါင်း စစ်ဆေးရေးဂိတ်သို့ ဖြတ်သန်း မောင်းနှင်စဉ် တရားမဝင် ကျွန်းသစ်များ တင်လာသည်ဟု သံသယ ရှိသောကြောင့် ရှာဖွေ စစ်ဆေးခဲ့ရာမှ Whirt Card ကိုင်ဆောင်သူ နှစ်ဦး အပါအဝင် စုစုပေါင်း ဘင်္ဂါလီလူမျိုး ခုနစ်ဦးကို ဖမ်းမိခဲ့ကြောင်း၊ ယင်းနောက် ပါဂျဲရိုးယာဉ်ကို ထပ်မံစစ်ဆေးရာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် ယာဉ်မှတ်ပုံ တင်ထားခြင်း မရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်ကြောင်းကို နိုဝင်ဘာလကုန်တွင် အကြောင်းပြန်ခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

လိုင်စင်မဲ့ယာဉ်ကို ပြန်လည် စိစစ်ပြီးနောက် ပျဉ်းမနားမြို့နယ် ပန်းခင်း ရပ်ကွက်တွင်နေသူ အသက် ၃၆ နှစ်အရွယ် ယာဉ်မောင်း ကိုအောင်မျိုးထိုက်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် နေထိုင်သူ အသက် ၃၁ နှစ်အရွယ် မသူဇာထွေးတို့ကို ပို့ကုန်သွင်းကုန် ပုဒ်မ ၈ ဖြင့် အမှုဖွင့်ထားကြောင်း မှော်ဘီမြို့မ ရဲစခန်းထံမှ သိရှိရသည်။

“အခု ဖမ်းထားတဲ့ ယာဉ်မောင်းက ဒီနှစ်ထဲမှာပဲ မင်္ဂလာဒုံ ရဲစခန်းမှာ လူကုန်ကူးမှုနဲ့ အမှုဖွင့်ထားတဲ့ တရားခံပြေး။ ကွင်းဆက် တရားခံတွေကို ထပ်ဖမ်းနိုင်ဖို့ သက်ဆိုင်ရာ ရဲအဖွဲ့ကို အမှုတွဲတွေ လွှဲပြောင်းပြီး စစ်ဆေးနေဆဲပါ” ဟု အဆိုပါ စခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကန်ပေါက်ကျေးရွာရှိ ဈေးတံတား အနီးတွင် နေထိုင်သော ဘင်္ဂါလီလူမျိုး တစ်ဦးနှင့် ယာဉ်မောင်း အောင်မျိုးထက်တို့ ဆက်သွယ်ကာ နိုဝင်ဘာလ ၂၅ ရက်နေ့က ဘင်္ဂါလီလူမျိုး အမျိုးသား ငါးဦးနှင့် အမျိုးသမီး နှစ်ဦးတို့ကို တစ်ဦးလျှင် ငွေကျပ်ငါးသိန်း ရယူကာ နိုဝင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ရွှေပြည်သာ ကားဂိတ်သို့ ပို့ဆောင်ခငွေ ကျပ် ၃၂ သိန်းဖြင့် လက်ခံခဲ့ကြောင်း၊ ယင်းနောက် စရန်ငွေ ရှစ်သိန်းယူပြီး ရန်ကုန်သို့ ပို့ဆောင်ရာက ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် Whirt Card ကိုင်ဆောင်ထားသူများမှာ ဒေသန္တရ စည်းမျဉ်းများအရ ရခိုင်ပြည်နယ်အတွင်း သွားလာခွင့် ရှိသော်လည်း ရပ်ဝေးဒေသ များသို့ ခရီးသွားလာ လိုပါက နေထိုင်သူ၏ မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနတွင် ပုံစံ (၄) ထုတ်ယူပြီးမှသာ သွားလာခွင့် ရှိသောကြောင့် သက်သေ အထောက်အထား စာရွက်စာတမ်းများ မပါရှိဘဲ ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ ဝင်ရောက်လာသော အဆိုပါ ဘင်္ဂါလီလူမျိုး ခုနစ်ဦးကို လဝက အက်ဥပဒေ ၆(၂)၊ ၆(၃) အမှုများဖြင့် အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီး ချုပ်နှောင်ထားပြီး ရုံးထုတ် စစ်ဆေးလျက် ရှိကြောင်း မှော်ဘီမြို့နယ် လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦးက ပြောကြားသည်။

လိုင်စင်မဲ့ ပါဂျဲရိုးယာဉ်ကို မောင်းနှင်ကာ ဘင်္ဂါလီလူမျိုး ခုနစ်ဦးကို ခေါ်ဆောင်လာသူ ယာဉ်မောင်းကို မင်္ဂလာဒုံမြို့မ ရဲစခန်းနှင့် မှော်ဘီ မြို့မရဲစခန်းတို့က ပြစ်မှုပုဒ်မ ၃၆၇/၃၇၀ ဖြင့် အမှုဖွင့်ထားပြီး ပို့ကုန်သွင်းကုန် ပုဒ်မ-၈ ဖြင့်ပါ ထပ်မံအမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မှော်ဘီမြို့နယ် မြို့မ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment