Wednesday 18 December 2013

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဇန်နဝါရီလတွင် ကျင်းပမည်

အာဆီယံဥက္ကဋ္ဌတာဝန်လွှဲပြောင်းရယူထားသော မြန်မာနိုင်ငံတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံ များမှ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပုဂံမြို့ရှိ အော်ရီယမ်ပဲလေ့စ် ဟိုတယ်၌ ပြုလုပ်မည် ဖြစ်ကြောင်း အာဆီယံရေးရာ ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
အာဆီယံ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက စတင်တာဝန်ယူ ဆောင်ရွက်မည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် ပတ်သက်သော ဦးစားပေး လုပ်ဆောင်မည့် အစီအစဉ်များကို မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က တင်ပြဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “နိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးမှာ သဘာပတိ တာဝန်ယူမယ်” ဟု ယင်းအဆင့်မြင့် အရာရှိက ဆိုသည်။

အာဆီယံ နိုင်ငံအသီးသီးထံ ဖိတ်ကြားစာများကို ပို့ဆောင်ထားပြီး တက်ရောက်မည့် ကိုယ်စားလှယ် စာရင်းကိုမူ သက်ဆိုင်ရာ နိုင်ငံများကသာ ပြန်ကြားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ယင်းအစည်းအဝေး မတိုင်မီ ဇန်နဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် အာဆီယံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး၊ အမြဲတမ်း အတွင်းဝန်နှင့် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်မည့် အာဆီယံ အကြီးတန်းအရာရှိ အစည်းအဝေးနှင့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ရုံးစိုက်သော အာဆီယံ အမြဲတမ်း ကိုယ်စားလှယ်များ ကော်မတီ အစည်းအဝေး များကိုလည်း ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ယင်းအစည်းအဝေးသို့ တက်ရောက်မည့် သက်ဆိုင်ရာ ဝန်ကြီးများ၏ လုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီး ဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ထံ မေတ္တာရပ်ခံထားပြီး ဆက်သွယ်ရေး အတွက်မူ သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနထံ အကူအညီ တောင်းခံထားကြောင်း ၎င်းကပြောကြားသည်။

အာဆီယံ အဆင့်မြင့် အစည်းအဝေး ကြီးများကို လာတက်ရောက်ကြမည့် အဆင့်မြင့် အရာရှိများ အပါအဝင် နိုင်ငံခြားသား ခရီးသွားများကြောင့် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သော စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာပြီး စီးပွားရေးဆိုင်ရာ အကျိုးအမြတ် ရရှိနိုင်ကြောင်း အာဆီယံရေးရာ ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးအောင်ထူးက သုံးသပ်ထားသည်။

The Voice Weekly

No comments:

Post a Comment