Monday 9 September 2013

မြန်မာနိုင်ငံဘဏ်လုပ်ငန်း ဖွံ့ဖြိုးမှုအားနည်းနေကြောင်း လုပ်ငန်းရှင်များ ပြော

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်နေသည့် အခက်အခဲများကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းထံ စီးပွားရေး ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များက တင်ပြရာတွင်လုပ်ငန်း ရှင်များ၏ ထက်ဝက်ကျော်က ဘဏ်လုပ်ငန်းဖွံ့ဖြိုးမှုအားနည်းနေသည်ဟု ပြောဆိုလိုက်သည်။

ယင်းသို့ ပြောဆိုခြင်းမှာ စက်တင် ဘာ ၈ ရက်က ရန်ကုန်မြို့ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနှင့် စီးပွားရေးကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များ တွေ့ဆုံရာတွင်ပြော လိုက်ခြင်းဖြစ်ပြီး အခက်အခဲများကို တင်ပြဆွေးနွေးသည့် လုပ်ငန်းရှင် ၁၃ ဦးအနက်မှ ရှစ်ဦးကဘဏ်လုပ်ငန်း ဖွံ့ဖြိုးမှု အားနည်းနေသည်ဟု ဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က “ဘဏ်စနစ်မှာဖြစ်နေတာ ထုတ်လုပ်သူလုပ်ငန်းရှင်တွေအတွက် လုံလောက်တဲ့ ချေးငွေပေးနိုင်ခြင်းမရှိတာတွေ့ရပါတယ်။ ကန် (ငါး
မွေးမြူရေးကန်) ကို အပေါင်ပစ္စည်းအဖြစ်ထားနိုင်တာကလည်း ကမ္ဘာ့ရတနာဘဏ် (ယခင် မွေး/ရေဘဏ် ) တစ်ခုသာ လက်ခံတာပါ။ ပြီးတော့ နှစ်ရှည်ချေးငွေမရရှိတာကလည်း လုပ်ငန်းရှင်တွေအတွက် အခက်အခဲ အများကြီးရှိပါတယ်” ဟု အဆိုပါတွေ့ဆုံပွဲတွင်ပြောသည်

လုပ်ငန်းရှင်များက အခက်အခဲများကို ပြောဆိုရာတွင် မြန်မာနိုင်ငံရှိဘဏ်များသည် အခြားသောနိုင်ငံများရှိ ဘဏ်များနှင့်နှိုင်းယှဉ်ပါက ဘဏ်အတိုးနှုန်းမြင့် မားနေခြင်း၊ အခြေခံထုတ်လုပ်သူများအနေဖြင့် အပေါင်ပစ္စည်း မပေးနိုင်ပါက ဘဏ်ချေးငွေရရှိရန် မလွယ်ကူခြင်း၊ စီးပွားရေးလုပ်ငန်းလည်ပတ်ရန် လုံလောက်သော ချေးငွေမပေးနိုင်ခြင်းများနှင့် နှစ်ရှည်ချေးငွေများ ချေးနိုင်မှုမရှိခြင်းများကို အဓိကထားပြောဆိုသည်။

မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးစိုးဝင်းက “နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကို အများကြီး ရှာပေး နိုင်တဲ့ ပုစွန်လုပ်ငန်းတွေဟာ အခုဆိုရင်စီးပွား ရေးအခက်အခဲများစွာကြောင့် ရပ်ထားရတဲ့ အနေ အထား ပါ။ ဒါတွေကို လုပ်ငန်းလည်ပတ်နိုင်တဲ့ နှစ်ရှည်ချေးငွေတွေ ထုတ်ပေးပြီးလုပ်နိုင်မှဖြစ်မှာပါ” ဟု ပြောသည်။

ဆွေးနွေးရာတွင် ဘဏ်ငွေလွှဲခများနေခြင်းကိုလည်း ထောက်ပြပြောဆိုကြပြီး ဘဏ်ငွေလွှဲခနှုန်းထားမှာ ငွေကျပ် ၁၀၀ လျှင် ၁၅ ပြား ပေးဆောင်နေရခြင်းကြောင့် ကုန်သည်လုပ်ငန်းများအတွက် အခက်အခဲဖြစ်နေကြောင်းလည်း လုပ်ငန်းရှင်များကဆိုသည်။

ဘုရင့်နောင်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးလွင်က “နယ်ကိုယ်စားလှယ်တွေနဲ့ အလုပ်လုပ်တဲ့ အခါ မှာ ဘဏ်ကနေ ငွေလွှဲရတာတွေ အရမ်းများပါတယ်။ အဲဒီအတွက် ဘဏ်ငွေလွှဲခကိုပဲ ကျပ် ၁၀၀ မှာ ၁၅ ပြား ပေးနေရတာက အရမ်းမြင့်လွန်းပါတယ်” ဟုပြောသည်။

ယင်းအပြင် နိုင်ငံတကာ ဘဏ်လုပ်ငန်းများတွင် အသေးစားနှင့် အလတ်စားလုပ်ငန်း (SMES) များ ဖွံ့ဖြိုးရေးအတွက် အပေါင်ပစ္စည်းထားရှိရန်မလိုသည့် ချေးငွေများရှိသော်လည်း မြန်မာနိုင်ငံတွင်မူ ခိုင်မာသည့် အပေါင်ပစ္စည်းဖြစ်မှသာ ချေးငွေထုတ်ပေးခြင်းများက စီးပွားရေးလုပ်ငန်းများအတွက် ကြီးမားသည့်အခက်အခဲဖြစ်ကြောင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဒေါ်နုနုဝေကပြောသည်။
Mizzima

No comments:

Post a Comment