Wednesday 7 August 2013

ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်း အနားများကို ရန်ကုန်၊ မန္တလေးနှင့် အနယ်အရပ်ရပ် တွင် စတင် ကျင်းပ

CC-7-8
ရှစ်လေးလုံးငွေရတု အခမ်းအနားအား ရန်ကုန်မြို့၊ မရမ်းကုန်မြို့နယ်ရှိ MCC ခန်းမတွင် သြဂုတ် ၆ ရက်က ကျင်းပစဉ်
၁၉၈၈ ခုနှစ် သြဂုတ် ၈ ရက်တွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ပါဝင်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးသည် ယခုနှစ် သြဂုတ် ၈ ရက်တွင် ၂၅ နှစ်မြောက် ပြည့်မြောက်ခဲ့ရာ ရှစ်လေးလုံးငွေရတု အခမ်းအနားကို ရန်ကုန်၊ မန္တလေးနှင့် အနယ်နယ်အရပ်ရပ်ရှိ မြို့များတွင် သြဂုတ် ၆ ရက်မှ စတင် ကျင်းပလျက် ရှိသည်။

၂၀၁၃ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး ငွေရတုအထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် ၆ ရက်က ရန်ကုန်မြို့ MCC ခန်းမတွင် စတင်ပြုလုပ်ခဲ့သည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ ပြည်တွင်းနိုင်ငံရေး အဖွဲ့အစည်းများ၊ ပြည်ပရောက်နိုင်ငံရေး အဖွဲ့ အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အပါအ၀င် ရဟန်းရှင်လူ စုစုပေါင်း ၃၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရှစ်လေးလုံးသမိုင်းမှတ်တမ်း ဗီဒီယိုကို ပြသ၍ အခမ်းအနားကို စတင်ခဲ့ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က အဖွင့်မိန့်ခွန်း ပြောကြားသည်။

အတိတ်ကာလက ပြည်သူများ မည်သို့ပေးဆပ်၊ ရုန်းကန်ခဲ့ရသည်ကို သိရှိမှသာ အနာဂတ်ကို တန်ဖိုး ထား ဖော်ဆောင်နိုင်မည် ဖြစ်သောကြောင့် မိမိတို့သည် ပစ္စုပ္ပန်၌ ရပ်တည်လျက် အတိတ်ကာလ မှ ပြည်သူများ မည်သို့ပေးဆပ်ခဲ့ရသည်ကို သိရှိစေရန်အတွက် ဖော်ထုတ်ရမည်ဖြစ်ကြောင်း ဦးမင်းကိုနိုင် က ပြောကြားသည်။

"ရှစ်လေးလုံး ဖြစ်ရပ်ကို ၀ိုးတ၀ါးဖြစ်ရတဲ့၊ အကျအန မသိရသေးတဲ့ နောင်မျိုးဆက်တွေ နားထောင်ပါ။ ပုံတွေကိုကြည့်ပါ။ အဲဒီမှာ ပါဝင်ပတ်သက်ခဲ့တဲ့၊ ဆုံးရှုံးခဲ့တဲ့ မိသားစုတွေ၊ ကိုယ်တိုင်နာကျင် ခံစားခဲ့ရတဲ့ သူတွေရဲ့ ပုံရိပ်တွေကို မြင်နိုင်ပါလိမ့်မယ်။ ဒီသမိုင်း၊ ဒီအရေးတော်ပုံကြီးဟာ ပြီးခဲ့တဲ့ ၂၅ နှစ်က အားလုံး သိတဲ့ အတိုင်းပါပဲ။ စစ်အစိုးရရဲ့ သတင်းစာတွေထဲမှာ မင်းမဲ့စရိုက်ဖြစ်ခြင်း၊ လုယက်ဆူပူခြင်း၊ အရေးအခင်း၊ အကြမ်းဖက်မှုကြီးမျိုးစုံ နာမ်နှိမ်ခံခဲ့ရပါတယ်။ ပြောရရင်တော့ ပုံဖျက်ခံရတာပါ။ ကျွန်တော်တို့ ဒီကနေ့ အခမ်းအနား ကျင်းပဖို့ကို ကျွန်တော်တို့ ဒီအရေးတော်ပုံဆိုတဲ့ စကားလုံးကို ဘယ်လိုနည်းနဲ့မှ မလျှော့ပေးနိုင်ဘူး။ အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်။ ကျွန်တော်တို့ဘက်ကလည်း အရေးတော်ပုံ ကနေ တစ်ပြားမှ မလျှော့နိုင်ဘူး။ အကြိမ်ကြိမ် အခါခါ ပြောပါတယ်။ အဲဒါ လွန်ခဲ့တဲ့ ၂၄ နှစ်ကို ဖုန်းမော်တစ်နှစ်ပတ်လည် ကတည်းကပါ။ တကယ်မြင့်မြတ်တဲ့ အရေးတော်ပုံ တစ်ခုကို တခြားစကားလုံးတွေနဲ့ အစားထိုးပြီး သေးသိမ်သွားအောင် ယုတ်ညံ့သွားအောင် အပြုမခံနိုင်ပါဘူး" ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။

ယခုပြုလုပ်သောပွဲသည် မိမိတို့ထက် အရေးတော်ပုံတွင် ကျဆုံးခဲ့သော အညတရ သူရဲကောင်းများကို အထူးတလည် ဂုဏ်ပြုသည့်ပွဲလည်း ဖြစ်သောကြောင့် မိမိတို့ ကြုံဆုံခဲ့ရသော ဖြစ်ရပ်များနှင့် ပတ်သက် ၍ ဖြည့်စွက်ရေးသားပေးရန်လည်း တိုက်တွန်းပြောဆိုသည်။
DD-7-8
သြဂုတ် ၆ ရက်က မန္တလေးမြို့တွင် ကျင်းပသည့် ၁၉၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံ ငွေရတုဖွင့်ပွဲ အခမ်းအနားတွင် ဟံသာဝတီဦးဝင်းတင်နှင့် ဦးသိန်းတန်တို့အား တွေ့ရစဉ်
ယင်းအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရ သည်။

ယနေ့ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး၊ တိုင်းရင်းသားရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖော်ဆောင်ရေး လုပ်ငန်းစဉ်၊ (၂) လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု (၃) အနာဂတ်ပြည်ထောင်စု (၄) စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး (၅) မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီ အင်အားစုများ၏ အခန်းကဏ္ဍ (၆) တိုင်းပြည်ပြန်လည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည့်ခေါင်းစဉ် များဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

၁၉၈၈ လူထုအုံကြွမှု ၂၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို အထက်မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ်လည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁ လမ်းနှင့် ၈၄ လမ်းထောင့်ရှိ ဓမ္မသာလာခန်းမတွင် ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နာယက တစ်ဦးဖြစ်သည့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နှင့် မန္တလေးမြို့ခံ နိုင်ငံရေးသမား တစ်ဦးဖြစ်သော ဦးသိန်းတန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ ကြသည်။

သြဂုတ် ၆ ရက်မှ စတင်ပြီး ၃ ရက်ကြာ ကျင်းပမည့် အဆိုပါငွေရတု အထိမ်းအမှတ် အခမ်းအနား သို့ နိုင်ငံရေးအဖွဲ့အစည်း အသီးသီးမှ အင်အားစုများ၊ လွှတ်တော်ကိုယ်စားလှယ်အချို့၊ မန္တလေးမြို့ခံ ၈၈ မျိုးဆက် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနား၌ သတင်းစာဆရာကြီး ဦးဝင်းတင်က အဖွင့်အမှာစကား ပြောကြားပေးခဲ့ ရာတွင် မြန်မာ့ သမိုင်း၌ အရေးတော်ပုံကြီး နှစ်ကြိမ်ပေါ်ပေါက်ခဲ့ကြောင်း၊ ကိုလိုနီစနစ်နှင့် နယ်ချဲ့ဆန့်ကျင်ရေး ၁၃၀၀ ပြည့် အရေးတော်ပုံမှာ အောင်မြင်ခဲ့ပြီး ဖြစ်သော်လည်း အဆိုပါ အရေးတော်ပုံအပြီး နှစ်ပေါင်း ၅၀ ကျော် အကြာတွင် ပေါ်ပေါက်ခဲ့သည့် ၁၉၈၈ (ရှစ်လေးလုံး) ဒီမိုကရေစီ အရေးတော်ပုံမှာ ခရီးအဆုံး ပန်းတိုင်သို့ မရောက်ရှိသေးကြောင်း၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် တိုက်ပွဲဝင်ရဦးမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

"ဒီအရေးတော်ပုံကြီးမှာ ပါဝင်ဆင်နွှဲခဲ့သူတွေ တောင်းဆိုခဲ့တဲ့ ဘ၀အခြေအနေတွေ ပြောင်းသွားပြီလား ဆိုတော့ မပြောင်းသေးပါဘူး။ ဥပမာ-ကျွန်တော်တို့ ဒီမိုကရေစီ အခွင့်အရေးတွေ တောင်းဆိုခဲ့တာ ရပြီလားဆိုတော့ မရသေးပါဘူး။ လူ့အခွင့်ရေးတွေ တောင်းဆိုခဲ့တာ ရပြီလားဆိုတော့ မရသေးပါဘူး။ ဒီနေ့ ဒီရက်အထိ ငြိမ်းချမ်းရေးဆိုတာ မျှော်တိုင်းဝေးနေတုန်းပဲ ရှိပါသေးတယ်" ဟု ဟံသာဝတီ ဦးဝင်းတင်က ပြောကြားသည်။

ငွေရတု အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီမှ ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်သူ ဦးဇာနည်အောင် က "အခုဆိုရင် ငွေရတု အခမ်းအနားကို ရောက်သွားပြီ။ အဲဒီထဲက အကြီးမားဆုံး သင်ခန်းစာကတော့ သွားရမယ့် MAIN TREND ပျောက်ပြီး အချင်းချင်းကြားမှာရှိနေတဲ့ ပြဿနာ၊ တကယ်တော့ ပြဿနာမဟုတ်ဘဲနဲ့ ညီညွတ်ရေးကို ဇောင်းပေးပြီး ဖြေရှင်းကြရတဲ့ အခါမှာ တစ်စုလုံးနဲ့ သက်ဆိုင်တဲ့လမ်းစဉ်၊ မူဝါဒ Strategy ကို မစဉ်းစားနိုင်ခဲ့ဘူး။ မတူရင်ရန်သူ ဆိုတာမျိုး မှတ်ထင်ခဲ့ကြ တယ်။ အားလုံးရဲ့ မသိစိတ်ထဲမှာလည်း ဒါရှိနေတယ်လို့ ပြန်သုံးသပ်ရမှာပဲ။ ၈၈ အရေးတော်ပုံကြီးဟာ မီးတောက်တစ်ခုဆိုရင် အသက်စွန့်လွှတ်ခဲ့တဲ့ အညတရ သူရဲကောင်းတွေဟာ ထင်းတုံးလေးတွေပါ။ မီးတောက်ကြီးကိုတော့ မြင်ကြပါတယ်။ ထင်းတုံးကိုတော့ မမြင်ကြဘူး။ အရေးတော်ပုံကြီးရဲ့ အန္တိမရည်မှန်းချက်ကို မရသေးပါဘူး။ ၀ိုးတ၀ါး အခြေအနေမှာပဲ ရှိပါသေးတယ်" ဟု ပြောကြားသည်။

သြဂုတ် ၇ ရက်တွင် ဂီတပဒေသာ ဖျော်ဖြေပွဲဖြင့် တင်ဆက်မည်ဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်းသားများ ပါဝင်တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

ရှစ်လေးလုံး ငွေရတု အခမ်းအနားများ ကျင်းပရန် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ်အသီးသီး တွင်လည်း ကြိုတင်ပြင်ဆင်မှုများ၊ ရှစ်လေးလုံးငွေရတု အခမ်းအနားနှင့် ပတ်သက်သည့် လှုပ်ရှားမှုများ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment