Wednesday 7 August 2013

မြန်မာ့ကျောက်မျက် ရတနာ ခန်းမကြီး ကို နိုဝင်ဘာလ အမီ အပြီးပြုပြင် မွမ်းမံ သွားမည်

ရန်ကုန်တိုင်း ဒေသကြီး ၊ မရမ်းကုန်းမြို့နယ် ၊ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ကမ္ဘာအေး စေတီတော် မြတ် ကြီးအနီးတွင် တည်ရှိသော မြန်မာ့ ကျောက်မျက် ရတနာခန်းမကြီး ကို နိုင်ငံတကာအဆင့်မီ ကျောက်မျက် ရတနာအချောထည်များရောင်းချသည့် ကုန်တိုက်ကြီး တစ်ခုအဖြစ် ပြောင်းလဲဖွင့်လှစ်ရန် အတွက် အဆောက် အအုံ အတွင်းအပြင် ဥပစာ တစ်ခုလုံးကို အကြီးစား ပြုပြင် မွမ်းမံ တည်ဆောက်လျက်ရှိပြီး ယခုနှစ် နိုဝင်ဘာလ အမီ အပြီးပြုပြင် နိုင်စေရန် ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ မြန်မာ့ ကျောက်မျက်ရတနာခန်းမကြီးကို နိုင်ငံတကာအဆင့်မီ ကျောက်မျက်ရတနာ အချောထည် ကုန်တိုက်ကြီး အဖြစ် ပြောင်းလဲ ဖွင့်လှစ် နိုင်စေရန် အတွက် ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌက ငွေကျပ် သိန်းငါးထောင် မတည်ကာ ပြုပြင် ဆောင်ရွက် နေခြင်း ဖြစ်သည်။

အဆိုပါ ကုန်တိုက်ကြီး တည်ဆောက် ပြီးစီး သွားပါက နိုင်ငံတကာ အဆင့်မီ ကျောက်မျက် ရတနာ အချောထည် ကုန်တိုက်ကြီး ဖြစ်လာမည် ဖြစ်ပြီး ကျောက်မျက် ရတနာ အချောထည်များ ရောင်းချသော ဆိုင်ခန်းပေါင်းများစွာကို ဖွင့်လှစ်သွားမည်ဖြစ်ကာ ပြည်တွင်းပြည်ပ ကျောက်မျက်ရတနာ ပြပွဲများကိုလည်း အခါအခွင့်သင့်သလို ကျင်းပသွားမည် ဖြစ်သည်။

ထို့အပြင် ကျောက်မျက်ရတနာများကို လာရောက်ဝယ်ယူကြသူများ ယုံကြည် စိတ်ချစွာ ၀ယ်ယူ နိုင်စေ ရန် နှင့် လိုအပ်လျှင် စစ်ဆေး ကြည့်ရှု နိုင်စေရန် နိုင်ငံတော် အသိအမှတ်ပြု ကျောက်မျက် ဓာတ်ခွဲခန်းကို လည်း ထားရှိပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကျောက်မျက် ရတနာအချောထည် ကုန်တိုက်ကြီးတွင် ယခုနှစ် နိုဝင်ဘာလ၌ ကျင်းပရန် စီစဉ်ထား သည့် စင်ကာပူနိုင်ငံ ကျောက်မျက်ရတနာအသင်းမှ ဦးစီးပြီး ပြည်ပ နိုင်ငံများမှ လာရောက် ပြသကြ မည့် ကျောက်မျက် ရတနာ ပြပွဲကြီးကို လက်ခံ ကျင်းပပေးနိုင်ရန် အတွက် အလျင်အမြန် ပြုပြင် မွမ်းမံ တည်ဆောက်လျက် ရှိကြောင်း သိရှိရသည်။
themyawadydaily

No comments:

Post a Comment