Wednesday 7 August 2013

လက်ပံတောင်းတောင် ဧရိယာ အနီးရှိ ဇီးတောကျေးရွာ တွင် ဖမ်းဝရမ်း ထုတ်ထား သူများကို ရဲတပ်ဖွဲ့က ၀င်ရောက် ရှာဖွေရာမှ ဒေသခံ များနှင့် ပြဿနာဖြစ်ပွား

AA-7-8
ဇီးတောကျေးရွာရှိ စန်းမြ၀တီ ကျောင်းတိုက်အား သြဂုတ် ၆ ရက် နံနက်ပိုင်း က တွေ့ရစဉ်
သြဂုတ် ၆ ရက် နံနက် ၂ နာရီခန့်က လက်ပံတောင်းတောင် ဧရိယာအနီးရှိ ဇီးတောကျေးရွာ၌ ရဲဝတ်စုံနှင့် အရပ်ဝတ် ရဲဝန်ထမ်း ၂၀ ဦးခန့်က လက်ပံတောင်းတောင်အရေး သက်ဆိုင်ရာ၏ ဖမ်းဝရမ်း ထုတ်ထားသူ ခုနစ်ဦးကို မေးမြန်းခဲ့ရာမှ ဒေသခံရွာသားများနှင့် ပြဿနာဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုနေ့က ရှာဖွေရာတွင် ရဲတပ်ဖွဲ့ဝင်များမှ ယင်းရွာတွင်ရှိသည့် စန်းမြ၀တီကျောင်းတိုက် ဆရာတော် သီတင်းသုံးရာ ကျော အပေါ်ထပ်သို့ ဖိနပ်စီးလျက် တက်ရောက်ခဲ့သည်။

ယင်းနောက် ဆရာတော် ကျိန်းစက်ရာ အခန်းကိုလည်း မှန်တံခါးများခွဲကာ ၀င်ရောက်ရှာဖွေခဲ့ပြီး ဇီးတော ရွာသား လေးဦးကို ခေါ်ဆောင်သွားခဲ့ ရာမှ နှစ်ဦးမှာ ပြန်လည်ထွက်ပြေး လွတ်မြောက်လာ ခဲ့ကြောင်း ဒေ သခံ ဇီးတောရွာသားများက ဆိုသည်။

ပြန်လည်ထွက်ပြေး လွတ်မြောက်လာသည့် ဇီးတောရွာသား ကိုဝင်းဆွေက "ရဲတွေက ဘုန်းကြီးကျောင်း ထဲကို မနေ့ကနံနက် ၂ နာရီလောက်က ၀င်လာပြီး လက်ပံတောင်းအရေး ဆောင်ရွက်နေတဲ့ သူတွေ ကို မေးတယ်။ ဒါနဲ့ ကျွန်တော်တို့က မသိဘူးလို့ ပြောတယ်။ ပြီးတော့ ကျောင်းထဲကို ၀င်ရှာတယ်။ ခဏကြာတော့ ကျွန်တော်နဲ့ ရဲထက်အောင်ကို ဖမ်းခေါ်သွားတယ်။ ကျောက်ဖြူတိုင်ဘက်ရောက်တော့ ရွာသားတွေက အနောက်က အသံပေးပြီး လိုက်လာလို့ ကျွန်တော်တို့လည်း ရုန်းပြီးထွက်ပြေး လာခဲ့တာ" ဟုဆိုသည်။

ထိုနေ့က အဖမ်းခံခဲ့ရသည့် ဇီးတောရွာသားနှစ်ဦးမှာ ကိုမောင်တူးနှင့် ကိုတင်လင်းတို့ဖြစ်ပြီး ၎င်းတို့ကို သြဂုတ် ၆ ရက် မွန်းတည့် ၁၂ နာရီခန့်က ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရှာဖွေရာ၌ ပါဝင်ခဲ့သူ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုစရိုက်နှိမ် နင်းရေး ဌာနမှ ဒုရဲမှူး ကျော်ဇင်အား မေးမြန်းရာ "ကျွန်တော်တို့အနေနဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့သူက ဘုန်းကြီးကျောင်းမှာ ရှိနေတယ်လို့ သတင်းရလို့ တာဝန်အရ လာရှာတာပါ။ ၀င်ရောက်ရှာဖွေတဲ့အခါ ညဘက်ဖြစ်နေတဲ့ အခါဆိုတော့ အနည်းငယ် ထိခိုက်မှုတွေတော့ ရှိပါလိမ့်မယ်။ ဖျက်ဆီးတာမျိုးတော့ မလုပ်ပါဘူး။ အဲဒီညက ဖမ်းဆီးခဲ့တဲ့ ရွာသားနှစ်ဦးကိုလည်း ဒီနေ့မနက် ၁၂ နာရီက ပြန်လွှတ်ပေး လိုက်ပါပြီ" ဟု သြဂုတ် ၆ ရက် ညနေ ၃ နာရီခန့်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment