Wednesday 7 August 2013

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် တွေ့ဆုံရန် ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကမ်းလှမ်း

ပြန်ကြားရေးဝန်ကြီးဌာန၏ ကတိဖျက်မှုကြောင့် ပြဿနာရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း မြန် မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် တွေ့ဆုံရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ကမ်းလှမ်းလိုက်ကြောင်း သတင်းရရှိသည်။
"ပြန်ကြားရေးဝန်ကြီးက စာနယ်ဇင်းကောင်စီကို  တွေ့ဆုံဖို့ စာနယ် ဇင်းကောင်စီ အဖွဲ့ဝင် အားလုံးကို တရားဝင် ဖိတ်ကြားခဲ့ပါတယ်" ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေး က ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီး၏ ဖိတ်ခေါ်ချက်အရ သြဂုတ် ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ် ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် စာနယ်ဇင်းကောင်စီ(ယာယီ)တို့ တွေ့ဆုံကြမည်ဟု သိရသည်။

ထိုသို့ တွေ့ဆုံမှုတွင် ပြောကြားမည့် ကိစ္စရပ်များကို စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များ အကြား ဆွေးနွေးညှိနှိုင်းထားပြီးဖြစ်ကာ ထိုအချက်များကို တွေ့ဆုံပွဲမတိုင်မီ ထုတ်ဖော်ပြောကြားမည် မဟုတ်ကြောင်း သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် စာနယ်ဇင်းကောင်စီ (ယာယီ) ဖွဲ့စည်းပြီးချိန်၌ တစ်ကြိမ်၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲပြီး လွှတ်တော်သို့ တင်ပြခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ဂျာနယ်လစ် အဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက်ပြီးချိန်၌ တစ်ကြိမ်၊ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များ နေပြည်တော်သို့ သွားရောက်စဉ်ကတစ်ကြိမ် တွေ့ဆုံခဲ့ဖူးသည်။

ပထမအကြိမ် တွေ့ဆုံစဉ်က ပုံနှိပ်မီဒီယာ ဥပဒေအား စာနယ်ဇင်းကောင်စီ (ယာယီ) အား လွတ်လပ် စွာ ရေးဆွဲခွင့်ပြုမည်ဟု ကတိစကား ပြောဆိုခဲ့ပြီး ဒုတိယအကြိမ် တွေ့ဆုံချိန်တွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီ (ယာယီ) မှ စိတ်ကြိုက်ပြင်ဆင်နိုင်ကြောင်းနှင့် ပုံနှိပ်မီဒီယာ ဥပဒေကိုလည်း စိတ်ကြိုက်ရေးဆွဲနိုင်ကြောင်း ကတိစကား ပြောဆိုခဲ့ပါသည်။ တတိယ အကြိမ် တွေ့ဆုံမှုတွင် မည်သည့်ဆွေးနွေးမှုမျှ မရှိခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးနှင့် ဒုတိယအကြိမ် တွေ့ဆုံမှုရလဒ်အရ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီ (ယာယီ) မှ ပြင်ဆင်ပေးခဲ့သော်လည်း ထိုဥပဒေကြမ်း ကို ပြည်သူ့ လွှတ်တော်၌ အတည်ပြုပြီးချိန်တွင် စာနယ်ဇင်းကောင်စီ(ယာယီ) မှ ပြင်ဆင်ခဲ့သော အချက်များ ပါဝင် ခဲ့ခြင်း မရှိပေ။ ထို့အပြင် စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲသော ပုံနှိပ်မီဒီယာ ဥပဒေကြမ်း ကို ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့်အတူ လွှတ်တော်သို့ တင်သွင်းပေးမည်ဆိုသော ကတိကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ချိုးဖောက်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လူကြီးလူကောင်းကတိ ချိုးဖောက်ခြင်းများ ရှိသည့်နည်းတူ စာနယ် ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲသော ပုံနှိပ်မီဒီယာ ဥပဒေကြမ်းတွင် လက်မခံနိုင်သော အချက်များ ပါဝင်သည်ဟု ဆိုကာ ပြင်ဆင်ခိုင်းခြင်းများ ရှိခဲ့ပြီး အချက် (၁၇) ချက်ကို စာနယ်ဇင်းကောင်စီ (ယာယီ) က မပြင်ပေးသဖြင့် လွှတ်တော်သို့ မတင်သွင်းပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် စာနယ်ဇင်းကောင်စီ (ယာယီ) က ၎င်းတို့ရေးဆွဲထားသော ပုံနှိပ်မီဒီယာ ဥပဒေကြမ်းကို လွှတ်တော် ကိုယ်စားလှယ် တစ်ဦးမှတစ်ဆင့် လွှတ်တော်သို့ တိုက်ရိုက်တင်သွင်းရန် ဆုံးဖြတ်ခဲ့သည်။
Eleven Media Group

No comments:

Post a Comment