Wednesday 7 August 2013

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်း အနားအဖြစ် မန္တလေးမြို့တွင် စာပေနှင့် နိုင်ငံရေး သမားများ၏ ဟောပြောပွဲ ကျင်းပ

BB-7-8
ရှစ်လေးလုံးငွေရတု အခမ်းအနားတွင် ကဗျာဆရာကိုလေး (အင်းဝဂုဏ်ရည်)မှ ဟောပြောစဉ်
၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော လူထုအုံကြွမှုကြီးနှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့သော ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ကွယ်လွန်ခဲ့သော ရဲဘော်များနှင့် ပတ်သက်ပြီး မန္တလေးမြို့ရှိ ရဲဘော်များ၏ လွမ်းဆွတ်တမ်းတခြင်းနှင့် အမှတ်တရ ဟောပြောခြင်း အခမ်းအနားအား သြဂုတ် ၆ ရက် ညပိုင်းက မန္တလေးမြို့ရှိ ဓမ္မသာလာခန်းမတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များတွင် ထင်ရှားကျော်ကြား ခဲ့သူများဖြစ်သည့် ကိုလေး (အင်းဝဂုဏ်ရည်)၊ စာရေး ဆရာ ညီစေမင်း၊ တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်သူ ဦးထွန်းအောင်ကျော်နှင့် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကျော်ကိုကို တို့မှ ရှစ်ဆယ့်ရှစ်ငွေရတု ဂုဏ်ပြုဟောပြောခဲ့ကြပြီး မြို့ခံလူထုမှ စိတ်ဝင်စားမှု များပြားခဲ့ကြောင်း တွေ့ရသည်။

စစ်အစိုးရခေတ်တွင် နှစ်ရှည်လများ ကလောင်ပိတ်ပင်ခြင်း ခံခဲ့ရသည့် ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) က  ၈၈ မျိုးဆက်များ၏ အမှတ်တရပွဲတွင် ပါဝင်ပတ်သက်ခဲ့သူများ၊ ဖိတ်ကြားခြင်း မခံခဲ့ရသူများအပေါ် မှတ်ချက်ပေးရာ၌ "ပြည့်တန်ဆာ ပပျောက်ရေး လုပ်ရာမှာ ဇိမ်ခေါင်းတွေ သဘာပတိနေရာ မတင်မိပါစေနဲ့" ဟု လက်ရှိနိုင်ငံရေး အခင်းအကျင်းများနှင့် ပတ်သက်ပြီး ပြောကြား သွားခဲ့သည်။

သြဂုတ် ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည့် အထက်မြန်မာပြည် ကိုယ်စားပြု မန္တလေးမြို့ ရှစ်လေး လုံးငွေရတု အထိမ်းအမှတ်ပွဲတော်သို့ ရန်ကုန်မြို့မှ ကိုယ်စားလှယ်များ အပါအ၀င် နိုင်ငံရေးနယ်ပယ် အသီးသီးမှ ဒီမိုကရေစီ အင်အားစုများ ပါဝင်ဆင်နွှဲလျက်ရှိပြီး သြဂုတ် ၇ ရက် ညပိုင်းတွင် ၈၈ မျိုးဆက် ကျောင်းသားများကိုယ်တိုင် ရေးစပ်သီဆို ဂုဏ်ပြုမည့် ပဒေသာကပွဲ အပါအ၀င် အခြားအစီအစဉ် များဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Eleven Media Group

No comments:

Post a Comment