Wednesday 7 August 2013

ဘရာဇီး နိုင်ငံမှ Pantsir-S1 နှင့် Igla-S လေကြောင်းရန် ကာကွယ်ရေး စနစ်များအား ဝယ်ယူရန် ကြိုးပမ်း ဆောင်ရွက်ခြင်း

ဘရာဇီး နိုင်ငံမှ Pantsir-S1 နှင့် Igla-S လေကြောင်းရန် ကာကွယ်ရေး စနစ်များအား ဝယ်ယူရန် ကြိုးပမ်း ဆောင်ရွက်ခြင်း
ဘရာဇီးနိုင်ငံသမ္မတ Dilma Rousseff သည် ရုရှားနိုင်ငံဝန်ကြီးချုပ် Dimitry Medvedev နှင့် တွေ့
ဆုံ ဆွေးနွေးမှု အပြီးတွင် ရုရှားလက်နက် တင်ပို့ရေး အေဂျင်စီ ၁ ခုဖြစ်သည့် Rosoboronexport ကုမ္ပဏီမှ လေကြောင်းရန် ကာကွယ်ရေး လက်နက် စနစ်များအား ဝယ်ယူ မည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ တွင် အတည်ပြု ပြောကြား ခဲ့ပါသည်။
တပ်ခွဲ(၃)ခွဲစာ ရှိသော Pantsir-S1 ယာဉ်တင် လေကြောင်းရန် ကာကွယ်ရေး ဒုံးစနစ်များနှင့် တပ်ခွဲ(၂)ခွဲစာ ရှိသော Igla-S မြေပြင်မှ ဝေဟင်ပစ်ဒုံးများ ဝယ်ယူရေး အတွက် ဘရာဇီးနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် Rosoboronexport ကုမ္ပဏီတို့ အကြား ဆွေးနွေး ညှိနှိုင်းမှုများအား သုံးလမှ လေးလအတွင်းတွင် စတင် ဆောင်ရွက်မည် ဖြစ်ပါသည်။ Pantsir-S1 ဒုံးစနစ်အား ဘရာဇီးနိုင်ငံ၏ ကြည်းတပ်၊ လေတပ်နှင့် ကမ်းတက် တပ်ဖွဲ့တို့တွင် တပ်ဆင် ပေးသွားမည် ဖြစ်ပြီး Igla-S ဒုံးစနစ်များအား ကြည်းတပ်နှင့် လေတပ်တို့တွင် ဖြည့်တင်း တပ်ဆင်သွားမည် ဖြစ်ပါသည်။
အဆိုပါ ဒုံးစနစ်များ၏ ပထမဆုံး အသုတ်မှာ စာချုပ်ချုပ်ဆိုပြီး ၁၈ လအကြာတွင် ဘရာဇီး နိုင်ငံ သို့ ရောက်ရှိမည် ဖြစ်ပြီး ၂ဝ၁၆ ခုနှစ် အိုလံပစ်ပြိုင်ပွဲ ကာလအတွင်း ဘရာဇီးနိုင်ငံ၏ ဝေဟင် ပိုင်နက်အား ကာကွယ်နိုင်ရန် ဖြန့်ကျက် ထားရှိမည် ဖြစ်ပါသည်။ ယင်းဒုံးစနစ်များအား ဝယ်ယူနိုင်ရေး အတွက် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများအား အချိန်တိုအတွင်း အပြီးသတ် ဆောင် ရွက် နိုင်ခဲ့ ပါသည်။

စာချုပ်ချုပ်ဆိုရာတွင် ဒုံးစနစ်များနှင့် ပတ်သက်၍ လေ့ကျင့်ရေး၊ ထောက်ပံ့ ပို့ဆောင်ရေး၊ ဆက်စပ် ပစ္စည်းများနှင့် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းတို့ အပြင် ပြည်တွင်း လက်နက် ထုတ်လုပ်ရေး ကုမ္ပဏီများမှ ဆက်စပ်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် အတွက် အရေးပါသည့် နည်းပညာများ လွှဲပြောင်းပေးရေး အစရှိသည့် သဘော တူညီချက်များလည်း ပါဝင်မည် ဖြစ်ပါသည်။

ယာဉ်တင် Pantsir-S1 ဒုံးစနစ်သည် တာတို/တာလတ်ပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်ဖြစ်ပြီး ဒုံးပစ်လွှတ်သည့် အစိတ်အပိုင်းတွင် 2A38M  အမျိုးအစား ၃ဝ မီလီမီတာ စက်အမြောက် ၂ လက်နှင့် အသင့် ပစ်ခတ်နိုင်မည့် 57E6-E ဒုံးကျည် ၁၂ တောင့် ပါဝင်သော ဆုံလည် တပ်ဆင်ထားပါသည်။ လက်နက် ၂ မျိုးလုံးအတွက် ပစ်မှတ် ရှာဖွေခြင်း၊ ခြေရာခံခြင်းနှင့် ပစ်ခတ်ခြင်း စနစ်များ ပါဝင် တပ်ဆင် ထားပါသည်။ Igla-S သည် လူဖြင့်သယ်ယူ ရွှေ့ပြောင်းရသည့် မြေပြင်မှ ဝေဟင်ပစ် တာတိုပစ် ဒုံးလက်နက် တစ်မျိုးဖြစ်ပါသည်။

Myawady

No comments:

Post a Comment