Wednesday 7 August 2013

မရေရာမှု များ ဖြစ်ပေါ်နေသော ကမ္ဘာ့ တိုက်ယာဉ် ဈေးကွက် အခြေအနေ

မရေရာမှုများ ဖြစ်ပေါ်နေသော ကမ္ဘာ့တိုက်ယာဉ် ဈေးကွက် အခြေအနေ
Frost & Sullivan ကုမ္ပဏီ၏ ဖော်ပြချက်များ အရ  နိုင်ငံများစွာက ကာကွယ်ရေး အသုံးစရိတ် များ လျှော့ချမှုနှင့် ဝယ်ယူမှုများ ဆိုင်းငံ့နေခြင်း တို့ကြောင့် ကမ္ဘာ့ တိုက်ယာဉ်များ ဈေးကွက်သည် မရေရာမှုများနှင့် ရင်ဆိုင် နေရကြောင်း သိရှိရပါသည်။
အဆိုပါ ကုမ္ပဏီက ကမ္ဘာလုံးဆိုင်ရာ ကြည်းတပ်သုံး တိုက်ယာဉ်များ ဈေးကွက်သည် ၂ဝ၁၂ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အတွင်း နှစ်စဉ် တိုးတက်မှုနှုန်း (CAGR-compound annual growth rate) မှာ ဝ.၇% ကျဆင်းသွားဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။        
       
 လက်ရှိအချိန်တွင် ကမ္ဘာ့ တိုက်ယာဉ်များ ဈေးကွက်ကို အမေရိကန်က လွှမ်းမိုး ထားပါသည်။ သို့သော် အမေရိကန် ကြည်းတပ်၏ တိုက်ယာဉ်သစ် ထုတ်လုပ်ရေး အစီအစဉ် အချို့ကို ဖျက်သိမ်း လိုက်သောကြောင့် ၄င်းတို့၏ ဈေးကွက်မှာလည်း ၁.၅% အထိ ကျဆင်းသွားခဲ့သည်။ အာရှ-ပစိဖိတ်နှင့် အရှေ့ အလယ်ပိုင်း ဒေသ ဈေးကွက်များတွင်မူ အလယ်အလတ် အထိ တိုးတက်လာပါသည်။ ဥရောပ ဈေးကွက်တွင်မူ တိုက်ယာဉ်များအား အဆင့်မြှင့်တင် ပေးခြင်းနှင့် ကြံ့ခိုင် ထိန်းသိမ်းခြင်း များကိုပါ ကမ်းလှမ်း၍ မက်လုံးပေး ဆွဲဆောင်ကြဖွယ် ရှိသည်ဟု Frost & Sullivan ကုမ္ပဏီက ထပ်မံ ပြောကြား ခဲ့ပါသည်။

ဥရောပနှင့် မြောက်အမေရိက နိုင်ငံများသည် ၄င်းတို့၏ တိုက်ယာဉ်ဟောင်း များကို အစားထိုးရန် ဆန္ဒ ရှိနေကြသော်လည်း အနာဂတ် ကာလတွင် ဥရောပ ဒေသ ဈေးကွက်မှ တိုက်ယာဉ်သစ် ဝယ်ယူမှုများမှာ ဆက်လက် ကျဆင်းဖွယ် ရှိနေပါသည်။ ဥရောပ ကုမ္ပဏီများ အနေဖြင့် နိုင်ငံ တစ်ခုတည်းကိုသာ မှီခို အားထားမှုမှာ ရေရှည်တွင် မဖြစ်နိုင်တော့ဘဲ အာရှပစိဖိတ်နှင့် အရှေ့ အလယ်ပိုင်း ဒေသများ ကဲ့သို့ ဈေး ကွက် ပေါင်းစုံအား အလေးထား အာရုံစိုက် သင့်သည်ဟု Frost & Sullivan ကုမ္ပဏီ အကြီးတန်း သုတေသန ပညာရှင် Mahendran Arjunraja  ကမှတ်ချက် ပြုခဲ့ပါသည်။

စစ်ပွဲများ၏ သဘောသဘာဝ ပြောင်းလဲလာမှုနှင့် စစ်ဆင်ရေး အတွက် ကုန်ကျစရိတ်များ ပုံမှန် တိုးတက် လာမှုများက စစ်ဆင်ရေး စီမံချက် ရေးဆွဲသူများ အတွက် အနာဂတ် တိုက်ယာဉ်များ၏ စွမ်းဆောင်ရည် များနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ရန် ဖိအားတစ်ခု ဖြစ်လာစေသည်။ အနာဂတ် ကာလတွင် ဘက်မညီ စစ်ပွဲ များသာ ဖြစ်ပွားလာဖွယ် ရှိပြီး တပ်ဖွဲ့များ အနေဖြင့်လည်း မြို့တွင်း စစ်ဆင်ရေးများကို မလွဲမသွေ ရင်ဆိုင်ရဖွယ် ရှိနေပါသည်။ လှုပ်ရှားနိုင်စွမ်း၊ အလွယ်တကူ ပြောင်းလဲနိုင်စွမ်း၊ အကာ အကွယ်နှင့် အခြားသော စစ်ဆင်ရေး များတွင်လည်း ပေါင်းစပ် အသုံးပြုနိုင်မှု တို့သည် အနာဂတ် တိုက်ယာဉ်များ အတွက် ခေတ်သစ် ခြိမ်းခြောက်မှု များကို ကုန်ကျစရိတ် သက်သက်သာသာဖြင့် ရင်ဆိုင်နိုင်မည့် နည်းလမ်းတစ်ခု ဖြစ်လာပါသည်။

ခေတ်သစ် ဖြေရှင်းမှု နည်းလမ်းအဖြစ် သုံးစွဲသူ များသည်လည်း  သမားရိုးကျ တိုက်ယာဉ် များထက် ဖြုတ်နိုင်၊ တပ်နိုင်သည့် ကိုယ်ထည်ဖြင့် ဘက်စုံ အသုံးပြုနိုင်သည့် တိုက်ယာဉ်များ အပေါ် စိတ်ဝင်စားမှု ပိုလာခဲ့ပါသည်။ တူညီသော ဘုံအစိတ်အပိုင်းများကို အသုံးပြုခြင်းကြောင့် တိုက်ယာဉ်၏ သက်တမ်း တစ်လျှောက် ကုန်ကျစရိတ်ကို လျော့နည်း စေပါသည်။ ဖြုတ်နိုင်၊ တပ်နိုင်သည့် စနစ်ဖြင့် တည်ဆောက်ထားသည့် တိုက်ယာဉ်အုပ်စု တစ်ခုသည် အသုံးပြုသူများ အတွက် တိုက်ယာဉ် တစ်မျိုးတည်းကို အထူး ကိရိယာများ အနည်းငယ် ပြုပြင်ပြောင်းလဲ တပ်ဆင်ပေး၍ ရည်မှန်းချက် တာဝန် အမျိုးမျိုးကို ထမ်းဆောင်နိုင်မည် ဖြစ်ပါသည်။ ထိုသို့ အလွယ်တကူ ဖြုတ်နိုင်၊ တပ်နိုင်သော တိုက်ယာဉ် များကို နှစ်သက်မှု ပိုမို များပြားလာပြီး ၄င်းတိုက်ယာဉ်များ ထုတ်လုပ်မှု နယ်ပယ်မှာ အနာဂတ်တွင် ပိုမိုတိုးတက် များပြားလာမည်ဟု မျှော်လင့်ရကြောင်း Arjunraja  က ရှင်းလင်း ပြောကြားခဲ့ပါသည်။

 အရေအတွက်ထက် အရည်အချင်းက တစ်ဖြည်းဖြည်း ပိုမိုအရေးပါလာမှုကလည်း တိုက်ယာဉ် ထုတ်လုပ် ရောင်းချသူများ အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့နည်းရေး အပေါ်အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါသည်။ အစိုးရ အာဏာပိုင်များသည် ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာရေး အတွက် ဝယ်ယူရေးနှင့် ပြုပြင် ထိန်းသိမ်းမှု စရိတ်များကို လျှော့ချခြင်း၊ သုံးပြီး ပစ္စည်းများကို ပြန်လည် ထုခွဲခြင်း တို့သည် အသုံးစရိတ် ချွေတာရေး အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုအဖြစ် သဘောထား လာကြပါသည်။
 ဇူလိုင်လအတွင်း ICD  မဟာဗျူဟာ ကာကွယ်ရေး သတင်း ထောက်လှမ်းရေး ဌာန၏ ခန့်မှန်းချက်အရ သံချပ်ကာ တိုက်ယာဉ်များ၏ ဈေးကွက် တစ်ခုလုံးသည် ၂ဝ၁၁ ခုနှစ်အတွင်း ၂၅.၁ ဘီလီယံမှ ၂ဝ၂၁ ခုနှစ်တွင် ၂၄.၁ ဘီလီယံ အထိ လျော့ကျ သွားနိုင်ကြောင်း သိရပါသည်။ သို့သော်လည်း သံချပ်ကာ တိုက်ယာဉ်များ၏ (APC ၊ MBT ၊ MRAP  နှင့် ချိန်းတပ်ယာဉ်များ) ပြုပြင် ထိန်းသိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အကြီးစားပြင်ဆင်ခြင်း (MRO) လုပ်ငန်းများ ဈေးကွက်မှာမူ ၂ဝ၂၁ ခုနှစ်အထိ ၅.၈၆ % နှစ်စဉ် တိုးတက် နိုင်မည်ဟု ခန့်မှန်းထားသည်။ ၄င်း MRO  လုပ်ငန်းဈေးကွက် မှာလည်း အနာဂတ်တွင် မြောက် အမေရိ က ဒေသက လွှမ်းမိုးလာဖွယ် ရှိနေပြီး ၄င်းနောက်တွင် အာရှပစိဖိတ်နှင့် ဥရောပ  နိုင်ငံများက အစဉ်လိုက်ရပ်တည်မည်ဟု ခန့်မှန်း ရပါသည်။

သံချပ်ကာ တိုက်ယာဉ်များ၏ MRO လုပ်ငန်း လိုအပ်ချက်များ တိုးတက် လာချိန်တွင် အာဖဂန် နစ္စတန်နှင့် အီရတ်နိုင်ငံများ အတွင်း ပဋိပက္ခ များမှာ ဆယ်စုနှစ် တစ်ဝက်အတွင်း လျော့နည်း သွားမည် ဖြစ်၍ နိုင်ငံ တကာ သံချပ်ကာ တိုက်ယာဉ် ဈေးကွက်နှင့် မိုင်းဒဏ်ခံ တိုက်ယာဉ်များ ဈေးကွက်မှာ လာမည့် ၉ နှစ်အတွင်း ကျဆင်း သွားနိုင်ကြောင်း ICDမှ ဟောကိန်း ထုတ်ထားပါသည်။ အကျိုးဆက် အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ သံချပ်ကာ တိုက်ယာဉ်များ ဈေးကွက် မှာ၂ဝ၁၁-၂ဝ၂၁ ခုနှစ် ကာလအတွင်း နှစ်စဉ် တိုးတက်နှုန်းမှာ ဝ.၄၃ % ဖြင့် အနုတ်လက္ခဏာ ပြကာ ၂ဝ၂၁ ခုနှစ်တွင် ဒေါ်လာ၂၄.၁ ဘီလီယံသာ ရှိတော့မည် ဖြစ်ကြောင်း ၂ဝ၁၁-၂ဝ၂၁ ကာလအထိ  ကမ္ဘာ့သံချပ်ကာ တိုက်ယာဉ်ဈေး ကွက် အခြေအနေ ခန့်မှန်းချက် အစီအရင်ခံစာ အရ သိရသည်။

 တောင်အမေရိက နိုင်ငံများတွင် ဘဏ္ဍာရေး ပြဿနာများ မြင့်တက်နေသော်လည်း ၄င်းဒေသတွင်  သံချပ်ကာ တိုက်ယာဉ် ဈေးကွက်သည် ၃၁.၉ % ဖြင့် အကြီးဆုံး ဈေးကွက် ဝေစုအဖြစ် ရပ်တည်နေပါ သည်။ ဥရောပ နိုင်ငံများသည်လည်း ဘဏ္ဍာရေး ကြွေးမြီများ ကြုံတွေ့နေရသဖြင့် အနာဂတ် သံချပ်ကာ တိုက်ယာဉ် ဈေးကွက်မှာ ကျဆင်းဖွယ် ရှိနေပါသည်။ လက်ရှိ အချိန်တွင် ဥရောပ ဒေသသည် သံချပ်ကာ တိုက်ယာဉ် ဈေးကွက်၏ ၂၆.၅ % အထိသာ ရယူထားနိုင်ပါသည်။

စီးပွားရေး တိုးတက်လာမှု၊ ပိုင်နက် အငြင်းပွားမှုများ၊ ပြည်တွင်း ဆူပူ သောင်းကျန်းမှုနှင့် ဒေသတွင်း တပ်ဖွဲ့ များ၏ အရွယ်အစား ကြီးမား လာမှုများသည် အာရှဒေသ၏ သံချပ်ကာ တိုက်ယာဉ် လိုအပ်ချက်ကို မြင့်မား လာစေပြီး ၂ဝ၁၁-၂ဝ၂၁ ခုနှစ် ကာလအတွင်း အာရှဒေသ၏ သံချပ်ကာ တိုက်ယာဉ် ဈေးကွက်မှာ ၂၄.၁% ရှိမည်ဟု ခန့်မှန်း ရပါသည်။ ရေနံဈေးနှုန်း မြင့်မားလာမှုနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု များသည် အရှေ့ အလယ်ပိုင်း ဒေသတွင် သံချပ်ကာ တိုက်ယာဉ် လိုအပ်ချက် အပေါ် သက်ရောက်မှု ရှိနေပြီး သံချပ်ကာ တိုက်ယာဉ်ဈေးကွက်၏ ၈.၈% အထိ ရောက်ရှိမည်ဟု ခန့်မှန်း ရပါသည်။

လက်တင် အမေရိက နိုင်ငံများသည် မကြာမီ ကာလအတွင်း ၄င်းတို့၏ လက်နက်ကိုင် တပ်ဖွဲ့များကို အဆင့် မြှင့်တင်မှု များ ပြုလုပ်သွား မည် ဖြစ်ပါသည်။ ၄င်းတို့၏ အဆင့်မြှင့်တင် မှုများတွင် လေတပ်၊ ရေ တပ်နှင့် အခြား အီလက်ထရွန်နစ်နှင့် ဆိုက်ဘာ စစ်ဆင်ရေးများ အတွက် စွမ်းဆောင်ရည်များ မြှင့်တင် သွားမည် ဟု ခန့်မှန်းရပါသည်။ ရလဒ်တစ်ခုမှာ ၄င်းဒေသတွင်း သံချပ်ကာ တိုက်ယာဉ်များ လိုအပ်ချက်မှာ အနည်းငယ် မြင့်တက် လာဖွယ်ရှိပြီး ကမ္ဘာ သံချပ်ကာ တိုက်ယာဉ် ဈေးကွက်တွင် ၄.၇ % အထိ ရောက်ရှိ လာနိုင်ပါသည်။သတ္တုနှင့် ရေနံသယံဇာတများ ရှာဖွေတွေ့ရှိမှု၊ နယ်မြေ အငြင်းပွားမှုနှင့် လူမျိုးရေး ပဋိပက္ခများကြောင့် အာဖရိက ဒေသအတွင်း သံချပ်ကာ တိုက်ယာဉ် လိုအပ်ချက်မှာ မြင့်မား လာမည် ဖြစ် ပါ သည်။ သို့သော်လည်း ကာကွယ်ရေး အသုံးစရိတ် အနည်းငယ်သာ သုံးစွဲနိုင်သော နိုင်ငံများကြောင့် တိုက်ယာဉ်ဈေးကွက်၏ ၄.၁ % သာရှိမည် ဟု ခန့်မှန်းရပါသည်။

Myawady

No comments:

Post a Comment