Wednesday 7 August 2013

ထိုင်းနိုင်ငံမှ မြန်မာတွင် မြှုပ်နှံခွင့်ရခဲ့သည့် ပမာဏမှာ ဒေါ်လာ ၁၀ ဘီလျံနီးပါးဖြစ်ပြီး လက်ရှိမြှုပ်နှံ ထားသည့် ပမာဏမှာ ဒေါ်လာ သုံးဘီလျံ နီးပါးသာရှိရာ စာရင်းရှိနှင့် အမှန်မြှုပ်နှံမှု ပမာဏ အများဆုံး ကွာဟ သည့်နိုင်ငံ ဖြစ်နေ

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နိုင်ငံအလိုက် စာရင်းအရ ထိုင်းနိုင်ငံမှာ ဒုတိယနေရာမှ အမြင့် ဆုံး မြှုပ်နှံ ထားပြီး ရင်းနှီးမြှုပ်နှံလာသည့် ကာလ တစ်လျှောက် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံနီးပါး အထိ မြှုပ်နှံခွင့် ပေး ထားခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
သို့သော် ၂၀၁၃ ခုနှစ် ဇွန်လကုန်အထိ စာရင်းများအရ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံမှ အမှန်တကယ် ရင်းနှီးမြှုပ်နှံထားသည့် ပမာဏမှာ အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလျံကျော်သာ ရှိကြောင်း၊ အခြားနိုင်ငံ များ သည်လည်း ထိုင်းကဲ့သို့ပင် ကွာဟသော်လည်း ထိုင်းနိုင်ငံကဲ့သို့ ပမာဏများစွာ ကွာဟမှုမရှိကြောင်း၊ ထိုင်းနိုင်ငံသည် မြှုပ်နှံခွင့်ရ ပမာဏနှင့် အမှန်မြှုပ်နှံပမာဏ အများဆုံးကွာဟသည့် နိုင်ငံဖြစ်ကြောင်း သိရသည်။

လက်ရှိအမှန်တကယ် မြှုပ်နှံထားသော ပမာဏမှာ ဒေါ်လာသုံးဘီလျံနီးပါးဟု ဆိုသော်လည်း ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန်လကုန်အထိ ခြောက်လ အတွင်း အမေရိကန်ဒေါ်လာ သန်း ၄၁၀ ကျော် ကို လောလောလတ်လတ် လာရောက်မြှုပ်နှံခဲ့သည့်အတွက် သုံးဘီလျံနီးပါးသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ခွင့်ပြုမိန့်ရရှိသည့် ပမာဏ အရသာလျှင် ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံ၏ အများဆုံးလာရောက် မြှုပ်နှံ သည့် နိုင်ငံစာရင်းတွင် ဒုတိယနေရာ တွင် ရောက်ရှိနေသော်လည်း အမှန်တကယ် မြှုပ်နှံ သည့် နိုင်ငံအလိုက် စာရင်းတွင်မူ အဆင့် ၄ နေရာအထိပင် ကျဆင်းလျက် ရှိသည်။

မြန်မာနိုင်ငံတွင် အမှန်တကယ် မြှုပ်နှံသည့် နိုင်ငံအလိုက် စာရင်းတွင် တရုတ်နိုင်ငံမှ ဒေါ်လာ ၁၄ ဘီလျံကျော်ဖြင့် အဆင့် ၁ နေရာတွင် ရှိနေပြီး ဟောင်ကောင်မှာ နှစ်နှစ်အတွင်း ဆက်တိုက်မြှုပ်နှံမှုကြောင့် အမှန်ဝင်ရောက်မြှုပ်နှံသည့် ပမာဏမှာ ဒေါ်လာ ၆ ဒသမ ၃ ဘီလျံကျော်အထိ ရှိလာပြီး ထိုင်း၊ ကိုရီးယားတို့ကိုပင် ကျော်တက်ကာ အဆင့် ၂ နေရာအထိ ခုန်တက်သွားခဲ့သည်။

အဆင့် ၃ နေရာတွင် ကိုရီးယားနိုင်ငံက ရပ်တည်နေပြီး မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ သုံးဘီလျံ နီးပါး မြှုပ်နှံထားပြီး ယင်းနောက်တွင်မှ ထိုင်းနိုင်ငံက အဆင့် ၄ နေရာတွင် ရပ်တည်နေခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံကဲ့သို့ပင် အခြားသော နိုင်ငံများသည်လည်း ခွင့်ပြုမိန့်ရရှိသည့် ပမာဏနှင့် လက်တွေ့မြှုပ်နှံသည့် ပမာဏများမှာ ကွာဟသော်လည်း အနည်းအကျဉ်းသာ ကွာဟကြောင်း သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံပေါင်း ၃၂ နိုင်ငံ အား မြှုပ်နှံခွင့်ပြုခဲ့သည့် ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၄၃ ဘီလျံနီးပါးအထိ ရှိရာတွင် ရင်းနှီးမြှုပ်နှံကာလပြည့်၍ ပြန်လည်ထွက်ခွာသွားသည့်အတွက် လည်းကောင်း၊ အပြည့်အ၀မမြှုပ်နှံရသေး သည့် အတွက်လည်းကောင်း အဆိုပါ ပမာဏအတိုင်း မရှိတော့ဟု သိရသည်။

ထို့အတွက် အမေရိကန်ဒေါ်လာ ၄၃ ဘီလျံနီးပါးတွင် လက်တွေ့အမှန်မြှုပ်နှံ ထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၃ ဘီလျံနီးပါးသာ ရှိသည့်အတွက် ကွာဟချက်မှာ ၁၀ ဘီလျံနီးပါး ရှိခဲ့သည်။ နိုင်ငံပေါင်း ၃၂ နိုင်ငံ၏ ခွင့်ပြုချက်ရခဲ့သည့် ပမာဏနှင့် လက်တွေ့မြှုပ်နှံသည့် ပမာဏ ဒေါ်လာ ၁၀ ဘီလျံ ကွာဟမှုတွင် ထိုင်းနိုင်ငံ တစ်နိုင်ငံတည်းမှ အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံ ကွာဟနေခြင်းဖြစ်ပြီး ကျန် ၃၁ နိုင်ငံမှ ဒေါ်လာသုံးဘီလျံသာ ကွာဟနေခြင်း ဖြစ်သည်။

အစိုးရသစ်လက်ထက် တတိယမြောက် ဘဏ္ဍာရေးနှစ်၏ ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန်လကုန် အထိ ခြောက်လအတွင်း နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အမေရိကန်ဒေါ်လာသန်း ၈၁၀ ကျော် လာရောက်မြှုပ်နှံ ရာ၌ ထိုင်းနိုင်ငံ မှ ဒေါ်လာသန်း ၄၁၀ ကျော် ထပ်မံမြှုပ်နှံသည့် အတွက်လည်း ယခုကဲ့သို့အဆင့် ၄ နေရာအထိသာ ကျဆင်းသွားခြင်း ဖြစ်သည်။

ပုံမှန်သမားရိုးကျ လုပ်ငန်းစဉ်အရ မြှုပ်နှံမှုကွာဟခြင်းမျိုးမှာမူ မည်သည့်နိုင်ငံ တွင်မဆို ရှိမည်ဖြစ်သော် လည်း ပုံမှန် သမားရိုးကျ မြှုပ်နှံမှုမပြုနိုင်ခြင်း ဟုတ်မဟုတ်ကိုမူ စိစစ်သင့်ကြောင်းနှင့် စိစစ်ရသည့် အဓိကအကြောင်း ရင်းမှာ နိုင်ငံ၏ GDP အား တွက်ချက်ရာ၌ ဒေါ်လာ ၄၃ ဘီလျံဖြင့် ၀ိုင်းဝန်းတွက်ချက်နေ သည့်အတွက် နှစ်စဉ်မှားယွင်းနေရမှုကို အမှန်အချက်အလက်များ ပြန်လည်ဖြစ်စေရန် ဖြစ်သည်။
ELeven Media Group

No comments:

Post a Comment