Wednesday 7 August 2013

ပထမဆုံး ကျင်းပခွင့်ရသည့် ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ် တွင် ဆွေးနွေးမှုများ

တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အကြောင်းအရာများ လွှမ်းမိုး 
လူထုအရေးတော်ပုံကြီး၏ ၂၅ နှစ်မြောက် ငွေရတုအထိမ်းအမှတ်ကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိမြန်မာကွန်ဗန်းရှင်းစင်တာတွင် သြဂုတ်လ ၆ ရက်က စတင် ကျင်းပနေပြီဖြစ်ရာ တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်သည့် လူ ၃၀၀၀ ကျော် တက်ရောက်လျက် ရှိနေသည်။
၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် တရားဝင် ကျင်းပသည့် အရေးတော်ပုံ ငွေရတုအခမ်းအနားသို့ တက်ရောက် လာသည့် တိုင်းရင်းသားပေါင်းစုံတွင် လက်နက်ကိုင်များ ပါဝင်သကဲ့သို့ နိုင်ငံရေးပါတီများ အပြင်၊ ရှမ်းနီ၊ ပလောင်၊ ၀၊ ပအိုဝ့် စသည့်တိုင်းရင်းသားများ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ တက်ရောက်နေ သည်။

အခမ်းအနားတွင် ဆွေးနွေးမှုများ ပြုလုပ်ရန်ရှိနေရာ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုင်းရင်းသား ပါတီများမှ ဗဟိုအစိုးရနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဓိက ထား ဆွေးနွေးသွားမည်ဟု မဇ္ဈိမက မေးမြန်းခဲ့သည့် တိုင်းရင်းသားတို့က ပြောသည်။

တိုင်းရင်းသားဒေသများ အသီးသီးနှင့် ပြည်ပမှ လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ များ၊ နိုင်ငံရေးအင်အားစုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဆက်စပ် လုပ်ကိုင်နေသည့် လူမှုအရပ်ဘက် အဖွဲ့အစည်းများမှလည်း ပါဝင် ဆွေးနွေးကြမည် ဖြစ်သည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်နေချိန်မှာ တစ်ဦးနဲ့တစ်ဦး ရင်းနှီးဖို့ နားလည်ဖို့၊ လိုအပ်ချက်တွေ သိဖို့၊ ဆွေးနွေးတာက လိုအပ်တယ်လေ၊ ဒီငွေရတုအထိမ်းအမှတ်မှာ နိုင်ငံရေးအင်အားစုတွေတွေ့ဆုံပွဲက ဒီတစ်ကြိမ်တည်းနဲ့တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရွေ့နိုင်မယ် မထင်ဘူး”ဟု ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ၏ ဗိုလ်မှူးကြီးထွန်းထွန်းက မဇ္ဈိမကို ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဆက်စပ် ဆွေးနွေးမှုများတွင် အစိုးရနှင့် လက်နက်ကိုင်တို့အကြား အပစ် အခတ် ရပ်စဲပြုလုပ်ထားမှုသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြန်လည် စိုးရိမ်ရသည့် အနေအထားရှိပြီး အပြီးသတ်ပြည်တွင်းငြိမ်းချမ်းရေးသို့ ခြေလှမ်းပြင်နိုင်ရန်အတွက် အစိုးရအနေဖြင့် တိုင်းရင်းသားတို့ လိုအပ်ချက်များအားသေချာစွာ အဖြေရှာရန် လိုအပ်သည်ဟုလည်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ဆိုကြသည်။

လိုအပ်ချက်တွေ သိနိုင်ဖို့ ရှစ်လေးလုံး ငွေရတုအခမ်းအနားသို့ တက်ရောက်လာသူ ရှမ်းနီပါတီမှ အတွင်းရေးမှူး ဦးစောဝင်းထွန်းက “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လိုအပ်ချက်တွေကို တိုင်းရင်းသားတွေ ချည်း ထိုင်ဆွေးနွေးနေလို့မရဘူး၊ အစိုးရနဲ့ထိပ်တိုက်တွေ့ပြီး ဘယ်တိုင်းရင်းသားတွေက ဘာတွေ လိုအပ်တယ်၊ ဘယ်လိုလုပ်ပေးနိုင်မယ်ဆိုတာက အဓိကကျတယ်၊ တိုင်းရင်းသားတွေကြားမှာ ဘာကြောင့် မလုံခြုံဘူး၊ မငြိမ်းချမ်းဘူးလို့ ခံစားရတာလဲဆိုတာကို အစိုးရအနေနဲ့ တိတိကျကျ အဖြေရှာသင့်တယ်၊ ဒီအဖြေပေါ်မှာ ဆွေးနွေးမှ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် အောင်မြင်နိုင်မယ်”ဟု ထင်မြင်ချက်ကို ပြောသည်။

ပြည်တွင်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များ လုပ်နေစဉ်အချိန်တွင် တိုင်းရင်းသားဒေသ များ၏ လိုအပ်ချက် အခြေခံတို့အား အစိုးရဘက်မှ ပူးပေါင်းလုပ်ဆောင်ပေးရန် လိုအပ်နေပြီး၊ လက်ရှိ တွင် နှစ်ဦးနှစ်ဖက် ရင်းနှီးမှု၊ ယုံကြည်မှုရှိစေရန် လုပ်ဆောင်မှုများ အားနည်းနေခြင်းက အပစ်အခတ် ရပ်စဲရေးအား ထိခိုက်စေနိုင်သည်ဟု DKBA တပ်မှူး ဗိုလ်မှူးကြီးထွန်းထွန်းက ပြောသည်။

“ကျွန်တော်တို့ လက်နက်ကိုင်တွေအနေနဲ့ကတော့ ရောက်ရာမီရာနေရာကနေ လိုက်နေရတယ်၊ တိုင်းရင်း သား လူမျိုးစုတွေရဲ့ အခန်းကဏ္ဍမှာ၊ ဒီလို အတွေ့အကြုံတွေ နားလည်မှုတွေ ယူနေချိန်မှာ နောက်ကျ မကျန်ခဲ့ချင်ဘူး”ဟူ၍ ဆွေးနွေးပွဲလာသည့် ရည်ရွယ်ချက်ကို ပြောသည်။

အပစ်ရပ်မှုသာ ကြာရှည်မတည်တံ့ရင် ၀ါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ မန်းတင်ရွှေကလည်း “ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်အရ လုပ်ဆောင်နေတဲ့ အပစ်အခတ်ရပ်စဲရေးတွေက တကယ်ကိုတည်မြဲတဲ့ အပစ် ရပ်စဲရေးဖြစ်ဖို့လိုတယ်၊ ဒီနှစ်ပိုင်းတွေမှာ အပစ်ရပ်စဲရေးတွေကနေတစ်ဆင့် ငြိမ်းချမ်းရေးကို ချဉ်းကပ်မှု မရှိနိုင်သေးဘူး ဆိုရင် နောက်နှစ်တွေမှာ စိုးရိမ်စ ရာဖြစ်လာပြီ၊ တိုင်းရင်းသားတွေဘက်မှာကလည်း လိုအပ်ချက်တွေ ညှိနှိုင်းလို့ မရသေးတာတွေက ရှိနေသေးတယ်၊ အပစ်ရပ်ထားပေမယ့် အခုထိ လုံခြုံတယ်လို့ မခံစားရသေးဘူး၊ စိုးရိမ်စရာတစ်ခုက နောက်ပိုင်းမှာ ငြိမ်းချမ်းရေးတိုက်ပွဲ အတွက်နိုင်ငံရေး အရဖြစ်နေတဲ့ ပြည်တွင်းစစ်ကနေ သယံဇာတ တိုက်ပွဲတွေ ဖြစ်လာမှာကိုပဲ”ဟု ပြောသည်။

ရှစ်လေးလုံး အခမ်းအနားအား မြန်မာကွန်ဗန်းရှင်းစင်တာတွင် သြဂုတ်လ ၆ ရက် မှ ၈ ရက်ထိ ၃ ရက်တာ ကျင်းပမည်ဖြစ်ပြီး၊ ၆ ရက်နှင့် ၇ ရက်များတွင် ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အကြောင်းအရာများကို အခြေခံကာ ဆွေးနွေးမည်ဖြစ်သည်။

သြဂုတ်လ ၆ ရက် အခမ်းအနား စတင်ဖွင့်လှစ်သည့်နေ့တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကို မင်းကိုနိုင်နှင့် ကိုဋ္ဌေးကြွယ်တို့က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးညနေပိုင်း အထိ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြ သည်။ အခမ်းအနားကို ၇ ရက်၊ ၈ ရက်များထိ ကျင်းပမည်ဖြစ်ရာ ၈ ရက်နေ့ အခမ်းအနား တွင် ဒေါ်အောင်ဆန်း စုကြည်လည်း တက်ရောက်မည်ဖြစ်သည်။
Mizzima News

No comments:

Post a Comment