Thursday 31 January 2013

ဒေါ်အောင်ဆန်းစုကြည် ဂွမ်ဂျူး လူ့အခွင့်အရေးဆု လက်ခံရယူ

တောင်ကိုရီယားနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းက ဂွမ်ဂျူးမြို့မှာရှိတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ ဗိမာန်တွေကို ပန်းစည်းချ ဂါရဝပြုခဲ့ပါတယ်။

၁၉၈၀ ခုနှစ် မေ ၁၈ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး တောင်းဆို ဆန္ဒပြကြ တဲ့ ကျောင်းသားတွေအပါအဝင် ပြည်သူလူထုကို စစ်အာဏာရှင် ချန်ဒူးဝမ်အစိုးရက ပစ်ခတ်နှိမ်နင်းခဲ့ ရာ မှာ တောင်ကိုရီးယား ကျောင်းသားနဲ့ ပြည်သူ ၂၀၀၀ လောက်အထိ ကျဆုံးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

အဲဒီသူရဲကောင်း ဂူဗိမာန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမည်ကမ္ဗည်းထိုးထားတဲ့ သစ်ပင်တစ်ပင် ကိုလည်း အမှတ်တရ စိုက်ခဲ့ပါတယ်။

ဒီမိုကရေစီ သူရဲကောင်း ဂူဗိမာန်မှာ ဂါရဝပြုပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ သူနေအိမ် အကျယ် ချုပ်ကျစဉ်ကာလ ၂၀၀၄ ခုနှစ်က ဂွမ်ဂျူးမြို့က ပေးအပ်တဲ့ “ဂွမ်ဂျူး လူ့အခွင့်အရေးဆု” နဲ့ ဂွမ်ဂျူး မြို့တော်ဝန်ရဲ့ ဂွမ်ဂျူးမြို့သူဆုကိုလည်း လက်ခံယူခဲ့ပါတယ်။

ဂွမ်ဂျူးမြို့သူဆုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုလိုတဲ့အတွက် သီးသန့်ပေးအပ်တဲ့ဆု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဆုရယူစဉ် မိန့်ခွန်းပြောရာမှာ သူနေအိမ်အကျယ်ချုပ် ကျနေစဉ်ကာလအတွင်း ဂွမ်ဂျူးမြို့သူမြို့သားတွေနဲ့အတူ တောင်ကိုရီးယား ပြည်သူလူထုကနေပြီးတော့ မြန်မာ့ဒီမိုကရေစီအရေးကို တစိုက်မတ်မတ် အားပေးထောက်ခံခဲ့တဲ့ ကျေးဇူးကို မိမိအနေနဲ့ မမေ့ဘူးဆိုတဲ့အကြောင်း ထည့်သွင်းပြော ကြားခဲ့ပါတယ်။
အဲဒီဆုပေးပွဲအခမ်းအနားကို ဂွမ်ဂျူးမြို့သူမြို့သားတွေနဲ့ ဂွမ်ဂျူးရောက်မြန်မာကျောင်းသားတွေ အပါ အဝင် မြန်မာမိသားစုတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
RFA

No comments:

Post a Comment