Thursday 31 January 2013
ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင်
Gas pipeline at Sipaw သီပေါမြို့နယ်အတွင်းဖြတ်သန်းသော ဂက်စ်ပိုက်လိုင်း (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)
ရခိုင်ကမ်းလွန်မှဂက်စ်နှင့်ရေနံစိမ်းများကို မေလ ၁ ရက်နေ့ တရုတ်ပြည် သို့စတင်လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည့် အပေါ်  မြန်မာ- တရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ မှ ဂက်စ် ပိုက်လိုင်းဖြတ်သန်းသည့်မြို့ရွာမှ ဒေသခံများထံမှ စစ်တမ်းကောက် ယူကာ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင် ကန့်ကွက် မည်ဟုဆိုပါသည်။
 ဂက်စ်နှင့်ရေနံပိုက်လိုင်းဖြတ်သန်းခံရသည့် ဒေသခံ လယ်ယာမြေပိုင်ရှင်များထံမှဆန္ဒများကောက်ယူကာ အဆိုပါ မြန်မာတရုတ်ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီမှ ကြေငြာချက်တစောင်ထုတ်ပြန်ထားသည်ဟုလည်း လှုပ်ရှားသူ လူငယ်တဦးက ပြောပါသည်။
“ မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှာ အဖွဲ့ ၁၂ ဖွဲ့တောင်ရှိတယ်။ ပြီးခဲ့တဲ့ အပတ် ထဲက ကြေငြာချက် ၇ ချက် ထုတ်ပြန်တယ်။ မေလ ၁ ရက်မတိုင်ခင် ဂက်စ်၊ ရေနံ မလွှတ်ခင်မှာ သျှမ်းပြည် ဝန်ကြီးချုပ်ဆီကို စာတင်ကြမယ်လို့ ပြောတယ်” ဟု သျှမ်းပြည်အတွင်း စစ်တမ်းကောက်ရေးတွင် ပါဝင် လှုပ်ရှားသည့် နမ္မတူလူငယ်တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
၎င်းတို့၏ကြေငြာချက် ၇ ချက်မှာ
(၁) မြန်မာတရုတ်ရွှေ သဘာဝဓါတ်ငွေ့နှင့်ရေနံပိုက်လိုင်းစီမံကိန်းအပေါ် စီမံကိန်းအခြေခံ အချက်အလက် များကိုလည်း ကောင်း  နိုင်ငံရေးနှင့်ပါတ်သတ်သည့်သဘောတူညီချက်များကိုလည်းကောင်း၊  ပိုက်လိုင်း လုံခြုံဘေးကင်းရေးစံနှုန်းများကိုလည်းကောင်း၊ ငွေရေးကြေးရေးနှင့်ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များကို လည်းကောင်း၊ နောက်ဆက်တွဲ အကောင်အထည်ဖော်မည့် အစီစဉ်များကို မြန်မာပြည် သူလူထုအနေဖြင့် သိရှိခွင့်မရရှိခဲ့ပါ။
(၂) စီမံကိန်းမစတင်မီကပင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်းနှင့်လူမှုရေးအပေါ် သက်ရောက်မည့် ထိခိုက်မှုစစ်တမ်းများ EIA,SIAကောက်ယူစီစစ်ခြင်းမရှိခဲ့ပါ။ အမှန်အားဖြင့် EIA , SIA  စစ်တမ်းအရသာ စီမံကိန်းကို အကောင်အထည် ဖော်ရန်သင့်မသင့် ဆုံးဖြတ်ရမည်ဖြစ်သည်။
(၃) ပိုက်လိုင်းဖြတ်သန်းရာဒေသတလျှောက် မြေယာပိုင်ရှင်များကို အသိပေးထားသည့် မူလမြေပမာထက် ပိုမိုသုံးစွဲခြင်း မြေယာ လျော်ကြေးများကိုထိုက်တန်စွာပေးလျော်မှုမရှိခြင်း ။
(၄) ဒေသခံများ ဘဝရပ်တည်ရေးနှင့်လူမှု  ဘဝဖွံ့ဖြိုးရေးကဏ္ဍမျိုးစုံကိုလည်း အနှောင့်အယှက်ဖြစ်စေခြင်း များတွေ့ရှိသည်။
(၅) မိမိနိုင်ငံအတွက်မဟာဗျူဟာကျသောစီးပွားရေးစီမံကိန်းကြီးများကို တိုင်းတစ်ပါးလက်ပုံအပ်ခြင်းမှာ နိုင်ငံတော် အချုပ်အခြာအာဏာ နှင့်လုံခြုံရေးအတွက်စိုးရိမ်ဖွယ် ဖြစ်သည်။
(၆) ဒေသခံဌာနေ တိုင်းရင်းသားများ သိရှိခွင့်ရမည့် မူလအခွင့်အရေး များကို လေးစားလိုက်နာမှု မရှိခြင်း၊ စီမံကိန်း အကောင်အထည် ဖော်မည့်အဆင့်တိုင်းတွင်ဒေသခံများပါဝင်ဆွေးနွေးဆုံးခွင့် လုံးဝမရရှိခဲ့ခြင်း တို့ကိုလည်းတွေ့ရပါသည်။
(၇)  မြန်မာ့မြေပေါ်မှ  ဖြတ်သန်းတည်ဆောက်ထားသော  ပိုက်လိုင်း၏ပိုင်ဆိုင်ခွင့် နှင့် စီမံခန့် ခွဲပိုင်ခွင့် သည် မြန်မာနိုင်ငံ၏ လက်တွင်  ရှိသင့်သော်လည်း မြန်မာနိုင်ငံသားများတွင် အဆိုပါအခွင့်အရေး မရှိပေ။
ထို့ကြောင့်နိုင်ငံတော်အစိုးရသက်ဆိုင်ရာကုမ္ပဏီများ၊တာဝန်ရှိသူများအနေဖြင့် အထက်ပါ အခြေအနေများ ကို ဖြေရှင်းပေးရန်လိုအပ်သည်။ အထက်ပါအချက်များမဖြေရှင်းနိုင်ခင် ပိုက်လိုင်းစီမံကိန်း ကိုလုံးဝ ရပ်ဆိုင်း ထားစေလိုကြောင်း မြန်မာပြည် သူများမှ လက်မှတ်ရေးထိုး၍တောင်းဆိုလိုက်ပါသည် - ဟူ၍ဖြစ်ပါသည်။
သျှမ်းပြည်မြောက်ပိုင်းတွင် သီပေါ၊ နမ့်တူဘက်၌ပိုက်လိုင်းသွယ်တန်းမှု ပြီးသလောက်ရှိနေပြီဖြစ်ကြောင်း လည်း ဒေသခံများ ကပြောပါသည်။
ဆားထွက်သည့်နယ်မြေအတွင်း ဂက်စ်ပိုက်လိုင်းဖြတ်သန်းမှုကြောင့် အချိန်မရွေးပေါက်ကွဲနိုင်သည့် အရေးတွေးပူကာ သျှမ်း ပြည်မြောက်ပိုင်း သီပေါမြို့ဒေသခံများ “ ဘေးကင်းရန်ကင်းဆုတောင်းပွဲနှင့် ပရိတ် ရွတ်ဖတ်ပွဲ”  လှုပ်ရှားမှုကိုလည်း ပြီးခဲ့ သည့် ဒီဇင်ဘာလက ပြုလုပ်ခဲ့သည်။
ရခိုင်ကမ်းလွန်ဒေသထွက် ရေနံနှင့်သဘာဝ ဓါတ်ငွေ့များ သယ်ယူရန် မြန်မာအစိုးရက တရုတ်အစိုးရထံ အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံဖြင့် နှစ်ပေါင်း ၃၀ ကန်ထရိုက်ပေးထားခဲ့သည်။ဘင်္ဂလားပင်လယ်အော် ကမ်းလွန်မှတဆင့် ရခိုင်ပြည်၊ ဗမာပြည် အလယ်ပိုင်း၊ သျှမ်းပြည်မြောက်ပိုင်း ဒေသများ စုစုပေါင်း မြို့နယ် ၂၀ ကျော်ဖြတ် သန်း ကာ တရုတ်နယ်စပ် ရွှေလီ မှ တဆင့် တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်းမြို့သို့  ၂၀၁၃ အတွင်း အပြီး  သွယ်တန်းပို့ဆောင်မည်ဟုဆိုပါသည်။
ရှမ်းသံတော်ဆင့်
No comments:
Post a Comment