Wednesday 3 October 2012

စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသ အဆုတ်ကင်ဆာရောဂါဖြစ်ပွားနေ

 မောင်ဝံသ
စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသမှာ အဆုတ်ကင်ဆာရောဂါဖြစ်ပွားနေပြီလို့ ဆရာမောင်ဝံသ ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဒီကနေ့ ကိုယ်တိုင်ရေးသားဖေါ်ပြထားပါတယ်။ အောက်တိုဘာ ၁-ရက်နဲ့ ၂-ရက်နေ့ တွေ က စင်င်္ကာပူ နိုင်ငံ Mt Elizabeth ဆေးရုံမှာ ဆေးစစ်ခဲ့ပြီး၊ အဲဒီဆေးစစ်ချက်အရ အဆုတ်ကင်ဆာဖြစ်နေကြောင်း အဆုတ်ရောဂါ အထူးကုဆရာဝန်ကြီး Dr Philip Eng က အသိပေးခဲ့ တာဖြစ်ပါတယ်။ ဒီ့အတွက် ဆရာမောင်ဝံသဟာ စင်င်္ကာပူမှာပဲ ဆေးကုသမှု ဆက်လက်ခံယူပြိး မကြာခင် ရန်ကုန်ပြန်လာမယ်လို့ သိရပါတယ်။ ဆရာမောင်ဝံသဟာ ပြည်တွင်း ထုတ်ဂျာနယ်တွေမှာ နိုင်ငံပြုပြင်ပြောင်းလဲရေးဆောင်းပါးတွေ ရေးသားနေပြီး၊ ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်၊ စာနယ်ဇင်းကောင်စီ ယာယီဒုဥက္ကဌအဖြစ် တာဝန်ယူထားပါတယ်။
ဆရာ မောင်ဝံသ ၏ ကြေငြာချက် .....

မိတ်ဆွေများခင်ဗျာ
ကျွန်တော် ကျန်းမာရေးဆေးစစ်ဖို့ စင်ကာပူကို စက်တင်ဘာ ၃၀ ရက်က ရောက်ပါတယ်။ အောက်တိုဘာ ၁နဲ့ ၂ နှစ်ရက် ဆေးစစ်မှုတွေ ပြုလုပ်ပါတယ်။
အောက်တိုဘာ ၃ မှာ အဖြေတွေရပါတယ်။ Mt Elizabeth ဆေးရုံက အဆုတ်ပါရဂူ ဆရာဝန်ကြီး Dr Philip Eng က အဆုတ် ကင်ဆာလို့ ဆုံးဖြတ်ပါတယ်။
သူ့ဆီကနေ Oncologist Dr Benjamin  ထံ လွှဲပေးလိုက်လို့ ဆွေးနွေးပြီး အောက်တိုဘာ ၄ မှာ ကီမိုဆေးသွင်းကုသမှုပြုလုပ်ပါမယ်။ အောက်တိုဘာ ၁၁ မှာ နောက်တစ်ကြိမ် ဆေးထပ်သွင်းကုသခံပြီး အောက်တိုဘာ လလယ်ထဲမှာ ရန်ကုန်ပြန်ပါမယ်။ ရန်ကုန်မှာ ကီမို ဆေးသွင်းကုသမှု ဆက်လုပ်ပြီး ရက်ချိန်းစေ့ရင် စင်ကာပူ ပြန်ပြရပါမယ်။
အကြမ်းဖျင်းတော့ ဒီလောက်ပဲ အစီရင်ခံနိုင်ပါသေးတယ်။ ကင်ဆာရောဂါဆိုတာကတော့ မထင်ဘဲ အလစ်ဝင်တိုက်တာကို ခံရတာမျိုးပါပဲ။
ဆက်လက်ပြီး ရှင်သန်နိုင်သမျှ ရှင်သန်နိုင်အောင် တိုက်ပွဲတစ်ပွဲလို ဆင်နွှဲရတော့မှာပါ။
ကျွန်တော့်အနေနဲ့ အောက်တိုဘာလလယ်ကနေ နိုဝင်ဘာ ၁၁ အထိ ခရီးထွက်ဖို့ ရှိတာကြောင့်  ရန်ကုန်မှာမိမိသဘောနဲ့ မိမိ အထွေထွေစစ်ဆေးမှု လုပ်ရာက ခုလို  စတွေ့ခဲ့တာပါ။
တစ်နည်းပြောရရင် ကံကောင်းတယ် ဆိုရမှာပါ။ ခရီးထွက်နေတုန်း တစ်ခုခု ဖြစ်ရင် ပိုဆိုးမယ်ထင်ပါတယ်။
ကျွန်တော် ကျန်းမာရေးဆေးစစ်ခံနေတဲ့ အကြောင်းကိုတော့ မိတ်ဆွေအချို့ရဲ့ facebook တွေမှာ တွေ့မိကောင်းတွေ့မိပါလိမ့်မယ်။ ကျွန်တော် ချစ်ခင်လေးစားရပါသော မိတ်ဆွေများအားလုံးကို ကျွန်တော့်အနေနဲ့ ဒီစာနဲ့ အစီရင်ခံလိုက်ခြင်းဖြစ်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
maungwuntha@gmail.com
3 October 2012
 

No comments:

Post a Comment