Wednesday 22 August 2012

မီဒီယာဆင်ဆာဖြတ်သည့်လုပ်ငန်းစဉ် အဆုံးသတ်မှုကို အမေရိကန်ပြည်ထောင်စု ကြိုဆို


မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၈ နှစ်ကြာမျှကျင့်သုံးခဲ့သော စာပေစိစစ်ရေးလုပ်ငန်းစဉ် သြဂုတ်လ ၂၀ ရက်နေ့ တွင် တရားဝင်အဆုံးသတ်သွားမှုကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်သည်။


"သတင်းစာဆရာများအနေဖြင့် ၎င်းတို့ရဲ့ ရေးသားချက်တွေကို ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ စာပေစိစစ်ရေးဌာနသို့ ကြိုတင် တင်ပြမှုပြုလုပ်ရန်မလိုအပ်ကြောင်း မြန်မာအစိုးရရဲ့ ကြေညာချက်ကို ကျွန်မတို့ကကြိုဆိုပါတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယားနျူလန် ကပြောကြားသည်။

ပြည်တွင်းမှ နိုင်ငံရေးနှင့် ဘာသာရေးစာစောင်များအပါအဝင် အပတ်စဉ်ထုတ် သတင်းဂျာနယ်များအနေဖြင့် သြဂုတ်လ ၂၀ ရက်နေ့မှစတင်ကာ စာပေစိစစ်ရေးဌာနစိတ်သို့ တင်ပြရန်မလိုဘဲ "ထုတ်-တင်" စနစ်ဖြင့် ထုတ်ဝေခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံ၊ ပြန်ကြားရေးဝန်ကြီးဌာနက ယင်းနေ့တွင် တရားဝင်ကြေညာ သည်။

"ဒါဟာ အပေါင်းလက္ခဏာဆောင်တဲ့ဖြစ်ရပ်တစ်ခုပါပဲ။ စာပေစိစစ်ရေး(ဆင်ဆာဘုတ်အဖွဲ့)ကို ဖျက်သိမ်းလိုက်တာမျိုးမဟုတ်ပေမယ့်လည်း ကျွန်မတို့မြင်တွေ့လိုတဲ့ မြန်မာအစိုးရရဲ့လုပ်ကိုင်ဆောင်ရွက်မှု အဆင့်တစ်ဆင့်ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မီဒီယာဖိနှိပ်မှုအခံရဆုံးသောနိုင်ငံတစ်နိုင်ငံဖြစ်သည် ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက အချိန်ကာလကြာမြင့်စွာသတ်မှတ်ထားခဲ့သည်။ ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့က "သမိုင်းဝင်ဖြစ်ရပ်" တစ်ခုအဖြစ်ဖော်ပြပြီး နယူးယောက်အခြေစိုက် သတင်းစာဆရာများကာကွယ်ရေးကော်မတီ(CPJ) က မြန်မာအနေဖြင့် မီဒီယာ ဥပဒေများကို ပြင်ဆင်ရေးဆွဲကာ ဆင်ဆာဘုတ်အဖွဲ့တစ်ခုလုံးဖျက်သိမ်းနိုင်ရေးအထိလုပ်ဆောင် သင့်ကြောင်းပြောကြားသည်။

No comments:

Post a Comment