Wednesday 22 August 2012

ဆင်ဆာသတင်း တရုတ်ကို ဂယက်ရိုက်

မြန်မာက စာနယ်ဇင်း လွတ်လပ်ခွင့်မှာ တရုတ်ထက် သာသွားပြီလို့ တရုတ်သတင်းစာသမားတွေက ထင်မြင်နေကြပါတယ် (ဓာတ်ပုံ- Reuters)

မြန်မာပြည်က ဆင်ဆာ ဖျက်သိမ်းတဲ့သတင်းဟာ တရုတ်ပြည် မီဒီယာတွေမှာ ထောင့်ပေါင်းစုံနဲ့ တင်ပြရေး သားနေကြပြီး အွန်လိုင်းဖိုရမ်တချို့မှာဆို တရုတ်ပြည်ကရော မြန်မာလို လိုက်မလုပ်သင့်ဘူး လားလို့ မေး ခွန်းတွေတောင် ထုတ်လာကြပါတယ်။

မြန်မာ့ဆင်ဆာသတင်းအပေါ် တရုတ်တွေရဲ့ ချဉ်းကပ်ပုံ မတူခြားနားကြတာ တရုတ်အစိုးရရဲ့ သတင်းဌာန အတွင်းမှာကိုပဲ ကွဲနေကြပါတယ်။
တရုတ်အမျိုးသားရေးဝါဒယိမ်း သတင်းစာ The Global Times ဂလိုဘယ်လ်တိုင်းမ် သတင်းစာက တရုတ်တို့ အနေနဲ့ ယင်းကို စံနမူနာမတင်သင့်ဘဲ ကိုယ့်မူကိုယ့်ဟန်နှင့်သာ စာပေလွတ်လပ်ခွင့်ကို ရယူသင့်ကြောင်း ဝေဖန်ရေးသားလိုက်ပါတယ်။
“တရုတ်နိုင်ငံ၏ သတင်းစာ လွတ်လပ်ခွင့်သည် သင့်တင့်မျှတသော ခရီးရှည်ကြီးကို လျှောက်လှမ်း ခဲ့ပြီဖြစ်သည်။ အနာဂတ်တွင် ပို၍ခရီးဆက်လှမ်းကြရဦးမည်။ တရုတ်တို့အနေဖြင့် စိတ်ရှုပ်ထွေး ခံပြီး မြန်မာနှင့်ဗီယက်နမ် စသည့် နောက်ပေါက် ရွှေကြာနိုင်ငံများအား စံနမူနာ ယူနေခြင်းထက် အချိန်ကာလ လမ်းကြောင်း အတိုင်းသာလိုက်ပါသင့်ပြီး နိုင်ငံ၏ လက်တွေ့အခြေအနေကိုသာ ကြည့်သင့်သည်” လို့ ရေးပါတယ်။
အဆိုပါ သတင်းစာအာဘော်မှာ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ စမ်းသပ်မှုများ စွာဖြင့် အောင်မြင်စွာ အစမ်းသပ်ခံပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုက အခုမှ အဖူးအညှောင့် ထွက်ပြူခါစ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဂလိုဘယ်လ်တိုင်းမ် အာဘော်ကို သတင်းစာရဲ့ အယ်ဒီတာချုပ် ဟူဇီဂျင်းက ရေးတယ်လို့ ယူဆရပါတယ်။ သူ့အာဘော်ထက် တရုတ်အစိုးရရဲ့ သတင်းစာ People’s Daily ပြည်သူ့နေ့စဉ်က သတင်းပေးပို့ချက်က ပိုပြီး မျှမျှတတဖြစ်ပါသေးတယ်။ ဒီနေ့ဟာ မြန်မာဂျာနယ်လစ်တွေအတွက် မဟာအောင်ပွဲလို့ ရန်ကုန်အခြေစိုက် သတင်းစာဆရာတယောက်ကို ကိုးကားပြီး ဘန်ကောက်က တရုတ်သတင်းထောက် ဆွန်ဂွမ်ယွန်းက ရေးခဲ့ပါတယ်။
တရုတ်ဆိုရှယ်မီဒီယာတွေမှာ ဂလိုဘယ်လ်တိုင်းမ် အာဘော်ကို ဝေဖန်သံတွေ ညံနေတယ်လို့ The Wall Street Journal ဝေါလ်စတြိဂျာနယ် သတင်းစာက ရေးပါတယ်။ တရုတ် Tweeter တွီတာလို့ ပြောနိုင်တဲ့ အင်တာနက် အသုံးပြုသူ ၃၀ ရာခိုင်နှုန်းက အသုံးပြုနေတဲ့ မိုက်ခရိုဘလော့ဂ်ဝန်ဆောင်မှု Weibo ဝေဘိုးမှာ တယောက်က “ဂလိုဘယ်လ်တိုင်းမ် အာဘော်က မြန်မာနဲ့ ဗီယက်နမ်အပေါ် သဘောထားဟာ ဒီနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ချမ်းသာသူက ဆင်းရဲသူကို ဆက်ဆံတာနဲ့ အတူတူပဲ။ တောသူဌေးအထာမျိုးနဲ့  အပေါ်စီးက နှိမ်ချဆက်ဆံတာ” လို့ရေးကြောင်း ဝေါလ်စတြိက ဆိုပါတယ်။
မြန်မာတွေ ဆင်ဆာဖျက်သိမ်းလိုက်မှုအပေါ် စိတ်ဝင်စားမှုတွေကလည်း အမျိုးမျိုးအဖုံဖုံ ပါ။ နှစ်များစွာကြာ မြန်မာပြည်အရေး သတင်းပို့နေသူ ကူမင်းအခြေစိုက် ဂျာနယ်လစ် ယင်ဟုန်ဝေက မီဒီယာလွတ်လပ်လာတာဟာ အစိုးရ၊ စစ်တပ်၊ တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာရဲ့ အကျိုးစီးပွားတွေအပေါ် သက်ရောက်မှု ရှိလာမယ်လို့ ဧရာဝတီကို ပြောပါတယ်။ “တရုတ်အကျိုးစီးပွားကတော့ ရန်မီးပွားစရာ ပစ်မှတ်သစ် ဖြစ်လာလိမ့်မယ်” လို့ ပြောပြီး မြန်မာ့မီဒီယာအခင်းအကျင်းသစ်ဟာ  ဥပဒေက နောက်ဆုံး ဝင်ထိန်းဖို့ လိုမယ့် “ရှုတ်ထွေးပွေလီမှု ခေတ်တခေတ်”ကို ဝင်ရောက်လာပြီလို့ ဆိုလိုက်ပါတယ်။
၁၉၉၈ ခုကစလို့ စုံစမ်းထောက်လှမ်းဖော်ထုတ်မှုတွေနဲ့ လူလေးစားခံရတဲ့ စီးပွားရေးမဂ္ဂဇင်း Caijing ကိုင်ဂျင်းကို တည်ထောင်ခဲ့ရာက ဆင်ဆာ စိန်ခေါ်ရေးမှာ ရှေ့တန်းရောက်လာတဲ့  အယ်ဒီတာချုပ် ဟူရှုလီကလည်း မြန်မာ့ဆင်ဆာ ဖျက်သိမ်းမှုအပေါ် သံသယရှိနေပါတယ်။ သူ့ဘလော့ဂ်မှာ “စာပေ စိစစ်နှင့် မှတ်ပုံတင်ဌာန အခုထိ ရှိနေဆဲပါ။ ပုံနှိပ်ထုတ်ဝေခွင့် လိုင်စင် ပြန်သိမ်းနိုင်ပြီး ပုံနှိပ်စာစောင်တွေ ရပ်ပစ်နိုင်တဲ့ အခွင့်အာဏာကို ကိုင်ထားတုန်းပါ။ လွတ်လပ်တဲ့စာနယ်ဇင်းဆီ သွားရာလမ်းဟာ ဘယ်တော့မှ မချောမွေ့ပါဘူး။ ဒါပေမဲ့ အနည်းဆုံး မြန်မာက ပထမ ခြေလှမ်းလှမ်းခဲ့ပါပြီ” လို့ ရေးပါတယ်။
ဂျာနယ်လစ်ကာကွယ်စောင့်ရှောက်ရေးကော်မတီရဲ့ မေလမှာ ထုတ်ပြန်ခဲ့တဲ့ ကမာ့္ဘဆင်ဆာ အဖြတ်ဆုံးနိုင်ငံ များစာရင်းမှာ မြန်မာက အဆင့် ၇ ရပြီး တရုတ်က ဒုတိယ ချိတ်ပါတယ်။ ဟောင်ကောင်၊ ဘီဂျင်းနဲ့ ရှန်ဟိုင်းက နိုင်ငံခြားသတင်းထောက်များအသင်းတွေ မနေ့က ရှားရှားပါးပါး ပူးတွဲပြီး “အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်းများမှ ဂျာနယ်လစ်များကို အကာအကွယ်ပေးရန်” တရုတ်အာဏာပိုင်တွေကို တောင်းဆိုတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဟောင်ကောင်အခြေစိုက် Phoenix Weekly ဖီးနစ် အပတ်စဉ်ရဲ့ အယ်ဒီတာချုပ် ရှီယုံကန်းကလည်း မြန်မာအစိုးရဟာ မီဒီယာကို ထိန်းချုပ်ဖို့ထက် မြေတောင်မြှောက်ပေးရမယ်ဆိုတာ သဘောပေါက်သွားပုံပေါ်တယ်လို့ သူ့ဘလော့ဂ်မှာရေးပါတယ်။ “ကျနော်တို့ အိမ်နီးချင်းက အပြောင်းအလဲ တအားမြန်နေပြီ။ သူတို့ ကျနော်တို့ကို မစောင့်တော့ဘူး”တဲ့။
သူ့အမြင်က ဝေဘိုးက အသံတွေနဲ့ အလားတူပါတယ်။ ဝေဘိုးမှာ တယောက်က “ကြည့်ရတာ မြောက်ကိုရီးယားနဲ့ ငါတို့ပဲ ကျန်ခဲ့ပြီ” လို့ ရေးသလို တခြားတယောက်ကလည်း “အဲလို မဟာအောင်ပွဲ တရုတ်ဂျာနယ်လစ်တွေအတွက် ဘယ်တော့လဲ”တဲ့။

No comments:

Post a Comment