Wednesday 22 August 2012

ရခိုင်ပြည်နယ် အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ် သုံးသပ်ချက် - အပိုင်း (၁) မှ (၄) အထိ

ရခိုင်ပြည်နယ် အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ် သုံးသပ်ချက်
အောင်ထူး (ရှေ့နေ)

အပိုင်း (၁)

၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ဦးသိန်းစိန်က ဗွီအိုအေမှ ဦးသန်းလွင်ထွန်း ၏ မေးခွန်းများ အား ဖြေကြားသွားခဲ့သည်။ စစ်အစိုးရ၏ သမ္မတပင် ဖြစ်စေဦး၊ လွတ်လပ်သော သတင်းဌာနများကို တန်ဖိုးထားကြောင်း ပြသပြီး မေးခွန်းများကို တလေးတစား ဖြေကြားသွားခဲ့သည့်အပေါ် အသိအမှတ်ပြုရမည် ဖြစ်သည်။ ထို့အပြင် ဦးသိန်းစိန်ကိုယ်တိုင်၏ နှုတ်ဖျားမှနေ၍ “လူသားအမြင်မျိုး ရှိလာအောင် လူ့အခွင့်အရေးကို ရှေ့တန်းကနေတင်ပြီး စဉ်းစားတတ်လာအောင် အချိန်ယူပြီး လုပ်သွားရမယ်” ဟု ထုတ်ဖော် ပြောဆိုလာသည်ကို ကြိုဆိုရမည်လည်းဖြစ်သည်။


အဘယ်ကြောင့်ဆိုသော် ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်စနစ်က နှစ်ပေါင်း ၅၀ ကျော် လွှမ်းမိုးခဲ့သည့် ကာလအတွင်း humanity ဟု ခေါ်သည့် လူသားချင်းစာနာမှု အယူအဆ၊ human rights ဟု ခေါ်သည့် လူ့အခွင့်အရေးအတွေးအခေါ် စသည့် စကားလုံးများအား တန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် အာဏာရှင်များကိုယ်တိုင်၏ နှုတ်ဖျားမှ ရွတ်ဆိုသံများ မကြားခဲ့ရသောကြောင့်ဖြစ်သည်။

ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့် စပ်းလျဉ်း၍ ဦးသိန်းစိန်က “တိုင်းပြည်ရဲ့ ထူးခြားတဲ့ အနေအထားအရ ကြည့်ရမယ်။ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ထိပါးတာ လက်မခံနိုင်ဘူး။ ဒါဟာ အမျိုးသားရေး ပြဿနာဖြစ်တယ်။ အမျိုးသားလုံခြုံရေးရှုထောင့်ကနေ ကြည့်ရမယ်။” စသည်တို့ကို တလုံးမှ သုံးပြီး ခုခံချေပနိုင်ခဲ့ခြင်း မရှိပါ။

ယခု ဦးသိန်းစိန်ကိုယ်တိုင်၏ အတိအလင်း ထုတ်ဖော်ချက်အရ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့် စပ်လျဉ်း၍ လူသားချင်းစာနာမှု အယူအဆနှင့် လူ့အခွင့်အရေးအတွေး အခေါ်တို့အား ရှေ့တန်းကနေ တင်ပြီး စဉ်းစားရမည် ဆိုသည့်အချက်မှာ အငြင်းမပွားတော့ဟု ဆိုနိုင်သည်။ အင်တာဗျူး အသေးစိတ်ကို ဤလင့်ခ်တွင် နားဆင်ပါ။ http://www.youtube.com/watch?v=2L2-QRCs5s0 
“အဓိကရုဏ်းစဖြစ်သည့် အချိန်မှစ၍ သြဂုတ်လ ၁၅ ရက်နေ့ အင်တာဗျူး ပေါ်ထွက်လာ သည့်အချိန်အထိ ၂ လကျော်မျှ ကာလအတွင်း အပြန်အလှန် သတ်ဖြတ်မှုကြီး များ ဖြစ်ပွားနေခဲ့သော်လည်း လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးအခြေခံတို့မှ ချဉ်းကပ် သင့်ကြောင်း ဦးသိန်းစိန်က ရခိုင်ပြည်သူများအား ယခုကဲ့သို့ လေးလေးနက်နက် တိတိကျကျ ဖျောင်းဖျခဲ့ခြင်း မရှိပါ။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ပြောင်းလဲ ပြောဆို လာပါသနည်း။ အဓိကရုဏ်းတွင် စစ်အစိုးရ၏ ပါဝင်ပတ်သက်မှုကို လူ့အခွင့်အရေး အဖွဲ့အစည်းကြီးများက ရက်စွဲနှင့်တကွ တိတိကျကျ ထောက်ပြလာပြီး နောက်ပိုင်း နိုင်ငံ တကာ၏ ထိထိရောက်ရောက် အရေးယူမှုကို အမှန်တကယ် ခံလာရနိုင်ဖွယ်ရှိကြောင်း ယခုအချိန်တွင် ရိပ်စားမိလာသောကြောင့်သာ ပြောင်းလဲပြောဆိုလာခြင်းဖြစ်သည်။”

ယခုကဲ့သို့ စစ်အစိုးရ၏ ထိပ်သီးကြီးကိုယ်တိုင်က ၀န်ခံပြောဆိုလာပြီ ဖြစ်သဖြင့် စစ်အစိုးရ၏ လွှတ်တော်အတွင်းမှနေ၍ စစ်အစိုးရလေသံအတိုင်း ပြောဆိုနေကြသော အချို့လွှတ်တော်ကိုယ်စား လှယ်များ၊ အုပ်ချုပ်ရေးအာဏာပိုင် ပုဂ္ဂိုလ်များသည် “လူ့အခွင့်အရေးချည်းပဲ ပြောနေလို့မရဘူး။ ကိုယ့်နိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေကိုလည်း ကြည့်ရမယ်” ဟူသော မရေရာသည့် ဆင်ခြေမျိုး မပေးသင့်တော့။ လူ့အခွင့်အရေး ချိုးဖောက်မှုများအား အားပေးသည့်သဘောဆောင် သည့် ပြောဆိုမှု၊ ပြုမူမှုများအား အမြန်ဆုံးရပ်တန်းက ရပ်သင့်ပြီဖြစ်သည်။
စာရေးသူသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် “ရိုဟင်ဂျာပြဿနာ၊ လူ့အခွင့်အရေးနှင့် အမျိုးသားဂုဏ်သိက္ခာ” ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစောင် ရေးသားတင်ပြခဲ့ပြီး အဓိကရုဏ်းအား ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုသည့်အနေဖြင့် နိဂုံးချုပ်တင်ပြချက် စုစုပေါင်း ၈ ချက်ကို တင်သွင်းခဲ့သည်။ ပထမဆုံးအချက်မှာ လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးတို့နှင့် စပ်လျဉ်း၍ ဖြစ်သည်။ ယင်းကို အောက်တွင် ရှုစေလိုပါသည်။
(က) ယခုအချိန်၌ ရိုဟင်ဂျာများသည် လူသားချင်းစာနာထောက်ထားသည့် (တနည်းအားဖြင့်) လူအဖြစ် အသက်ရှင်ခွင့်ရနိုင်သည့် အခြေခံစားနပ်ရိက္ခာများပင် မရရှိဟူသော သတင်းများ ထွက်ပေါ်နေပါသည်။ ဤသည်မှာ လုံးဝမဖြစ်သင့်ပါ။ လူ့အခွင့်အရေးရှုထောင့်မှ ကြည့်လျှင် မဖြစ်သင့်သလို မေတ္တာ တရားကြီးမားသည်ဟု ဂုဏ်ယူကြလေ့ရှိသော ဗုဒ္ဓဘာသာဝင်များအနေဖြင့် အမြန်ဆုံးကူ ညီစောင့်ရှောက်နိုင်ရန် စဉ်းစားဆောင်ရွက်သင့်ပါသည်။
ဤတင်ပြချက်ကို ထောက်ကာ စာရေးသူအား ရိုဟင်ဂျာများဘက်က လိုက်ပြီး ရေးသည်ဟု ထိုစဉ်က ဝေဖန်သူတချို့ ရှိခဲ့သည်။ ဖြေရှင်းခွင့် မကြုံခဲ့ပါ။ ရင်းနှီးသော မိတ်ဆွေတချို့တလေကလည်း စာရေးသူအား ခင်ဗျား ဒီကိစ္စကြီးသွားပြီး မရေးနဲ့ဗျ၊ သိပ်ရှုပ်တယ်ဟု သဘောရိုးဖြင့် သတိပေးကြပါသည်။ ဝေဖန်သူတချို့ကို မည်သို့မျှ အာဃာတ မရှိသလို စေတနာရိုးဖြင့် သတိပေးသော မိတ်ဆွေများကိုလည်း ကျေးဇူးတင်ရပါမည်။ သို့ရာတွင် ကမ္ဘာလောကကြီးတွင် တရားမျှတမှု ဖုံးလွှမ်းစေလိုပါက အမှန်တရားကို ထုတ်ဖော်ရမည်ဟု ယုံကြည်သောကြောင့် ယခု နောက်ထပ် ဆောင်းပါးတစောင် ထပ်ရေးခြင်းဖြစ်သည်။
ရိုဟင်ဂျာလည်း လူဖြစ်ပါသည်။ ကုလားဟု အလွယ်တကူ ခေါ်နေကြသူများလည်း လူဖြစ်ပါသည်။ တရုတ်လည်း လူဖြစ် ပါသည်။ ဤပုဂ္ဂိုလ်များအားလုံးကို လူဟူ၍ အရှိအတိုင်း မြင်စေလိုသော စေတနာဖြင့် စာရေးသူက အထက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးကို ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုမျှသာမက ထိုပုဂ္ဂိုလ်များအပေါ် လူ့ဂုဏ်သိက္ခာနှင့်အညီ သဘောထားစေချင်၊ ဆက်ဆံစေချင်၍လည်း ဖြစ်သည်။ လူ့အခွင့်အရေးကို လက်ခံလျှင် ဤသည်ကို ငြင်းဆန်ရန် မသင့်ပါ။
လူ့အခွင့်အရေးကို အမျိုးသားရေးနှင့်ဆက်စပ်၍လည်း တန်ဖိုးထားသင့်ပါသည်။ ယနေ့ ကမ္ဘာတခွင် ဆက်သွယ်ဆောင်ရွက်သော Globalization ခေတ်ကို ရောက်နေပါပြီ။ ဤသည်ကို မည်သူမျှ အငြင်းမပွားပါ။ စစ်အာဏာရှင် နေ၀င်း ကြီးစိုးခဲ့သည့် အချိန်ကလို ကိုယ့်နိုင်ငံကိုကိုယ် တံခါးပိတ်ထားပြီး ၀ါးလုံးခေါင်းထဲမှာ လသာလို့ရသော ခေတ်မဟုတ်တော့ပါ။ ကမ္ဘာတခွင် ဆက်သွယ်ဆောင် ရွက်သော ခေတ်ကြီးတွင် အားကောင်းချက်များရှိသလို အားနည်းချက်များလည်း ရှိပါသည်။ လူ့အခွင့်အရေး အတွေးအခေါ် အယူအဆ ကမ္ဘာတ၀ှမ်းသို့ အရှိန်အဟုန်နှင့် ပျံ့နှံ့သွားသည်ကိုမူ အားကောင်းချက် အဖြစ် တကမ္ဘာလုံးက အငြင်းမပွားဘဲ လက်ခံကြပါသည်။
လူ့အခွင့်အရေးကို လက်ခံကျင့်သုံးသော လူမျိုးသည် ကမ္ဘာတွင် ဂုဏ်တင့်ပါသည်။ လူ့အခွင့် အရေးကို လေးစားလိုက်နာကျင့်သုံးသော ရခိုင်လူမျိုးအဖြစ် ကမ္ဘာက အသိအမှတ်ပြုစေချင်ပါသည်။ သမိုင်းတွင် ယဉ်ကျေးမှု အားကောင်းကောင်း ကျင့်သုံးခဲ့သော ရခိုင်လူမျိုး၊ မေတ္တာတရားကြီးမားသော ဗုဒ္ဓဘာသာဝင် များဖြစ်သည့် ရခိုင်လူမျိုးအဖြစ် ကမ္ဘာက ရှုမြင်စေချင်ပါသည်။ လူ့အခွင့် အရေးကို လေးစားလိုက်နာကြောင်း ပြခြင်းသည် လူမျိုးတမျိုး၏ အမျိုးသားဂုဏ် သိက္ခာ ကိုပါ မြင့်တက် သွားစေသည်။ ဤသို့ဖြင့် ရခိုင်လူမျိုး၏ လူမျိုးဂုဏ်သိက္ခာကိုသာမက မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား အားလုံး၏ အမျိုးသားဂုဏ်သိက္ခာကိုပါ မြှင့်တင်စေချင်သည်။ စာရေးသူက အမျိုးသားရေးကို ဤသို့ ရှုမြင်ပါသည်။
ရခိုင်ပြည်နယ်၏ လှပသော ရေမြေတောတောင်များ၊ မြစ်ချောင်းများ၊ ပင်လယ်ကမ်းခြေများ၊ သဘာဝ ကျွန်းငယ်ကျွန်းစုများအား လူသတ်ကွင်းများအဖြစ် ပြောင်းမသွားစေလိုပါ။ ငြိမ်းချမ်းသည့် ဒေသများ၊ လုံခြုံရေးအတွက် ပူပင်ရန် မလိုအပ်သော နေရာများ၊ ဥပဒေစိုးမိုးရေးရှိသည့် ၀န်းကျင်များအဖြစ် ကမ္ဘာက ရှုမြင်စေလိုသည်။ သို့မှသာ နိုင်ငံခြားခရီးသည်များ လာရောက်ကြပါမည်။ ရင်းနှီးမြှုပ်နှံလိုသူများ ၀င်လာကြပါမည်။ စက်ရုံအလုပ်ရုံများ အားကောင်းကောင်း ပေါ်လာပါမည်။ ကုန်ရောင်းကုန်ဝယ်များ ဖြစ်ထွန်းပါမည်။ စာရေးသူက ရခိုင်အမျိုးသားများ၏ အမျိုးသားအကျိုးစီးပွားကို ဤသို့ မျှော်မှန်းပါသည်။
အပိုင်း (၂)

အဓိကရုဏ်းနှင့် စပ်လျဉ်း၍ စစ်အစိုးရ၏ မူဝါဒသည် အဘယ်နည်း။
သမ္မတ ဦးသိန်းစိန်သည် ယခုအချိန်တွင် လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဟူသော စကားလုံးများကိုသာ အကြိမ်များစွာ ထပ်ခါတလဲလဲ သုံး၍ ပြောလာနေပြီဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ မူလကတည်းက ဦးသိန်းစိန် ခေါင်းဆောင်သည့် စစ်အစိုးရမှာ ဤသဘောထား သို့မဟုတ် မူဝါဒ ရှိသလား။ လုံးဝမရှိခဲ့ဟု ပြောရပါမည်။
အဓိကရုဏ်းစဖြစ်သည့် အချိန်မှစ၍ သြဂုတ်လ ၁၅ ရက်နေ့ အင်တာဗျူး ပေါ်ထွက်လာသည့်အချိန်အထိ ၂ လကျော်မျှ ကာလအတွင်း အပြန်အလှန် သတ်ဖြတ်မှုကြီးများ ဖြစ်ပွားနေခဲ့သော်လည်း လူသားချင်း စာနာမှုနှင့် လူ့အခွင့်အရေးအခြေခံတို့မှ ချဉ်းကပ်သင့်ကြောင်း ဦးသိန်းစိန်က ရခိုင်ပြည်သူများအား ယခုကဲ့သို့ လေးလေးနက်နက် တိတိကျကျ ဖျောင်းဖျခဲ့ခြင်း မရှိပါ။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ပြောင်းလဲ ပြောဆိုလာပါသနည်း။ အဓိကရုဏ်းတွင် စစ်အစိုးရ၏ ပါဝင်ပတ်သက်မှုကို လူ့အခွင့်အရေး အဖွဲ့အစည်းကြီးများက ရက်စွဲနှင့်တကွ တိတိကျကျ ထောက်ပြ လာပြီး နောက်ပိုင်း နိုင်ငံတကာ၏ ထိထိရောက်ရောက် အရေးယူမှုကို အမှန်တကယ် ခံလာရနိုင်ဖွယ်ရှိကြောင်း ယခုအချိန်တွင် ရိပ်စားမိလာသောကြောင့်သာ ပြောင်းလဲပြော ဆိုလာခြင်းဖြစ်သည်။
ဖြစ်ပွားခဲ့သော အဓိကရုဏ်းသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခမဟုတ်ဟု ဦးသိန်းစိန်က ငြင်းသွားခဲ့သည်နှင့် ဆက်စပ်ကာ ဦးသန်းလွင်ထွန်းက အောက်ပါအတိုင်း မေးမြန်းခဲ့သည်။
“လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ မဟုတ်ဘူး ဆိုပေမယ့် တဘက်နဲ့ တဘက် ရေရှည်မုန်းတီးမှုတွေ ရှိတာတော့ ငြင်းလို့မရတဲ့ကိစ္စပါ။ ဒေသထဲမှာ အတူနေထိုင်လာကြတဲ့အခါကျတော့ မုန်းတီးမှုတွေ သည့်ထက် ပိုပြီး ပျံ့ပွားမလာအောင် နှစ်ဘက်အတူ ယှဉ်တွဲနေထိုင်နိုင်အောင် ဘယ်လိုစီမံ ချက်တွေ၊ ဖြေရှင်းမှုတွေ ရေရှည်လုပ်ဆောင်သွားဖို့ ရှိပါသလဲ။”
ဤမေးခွန်းအား မေးဖြစ် ဖြေဖြစ်သည့် အခြေအနေ မည်သို့ ရောက်သွားကြောင်းတော့ မေးသူ ဖြေသူ နှစ်ဦးသာ သိပါမည်။ ရိုဟင်ဂျာများအား ဒုက္ခသည်စခန်းအတွင်း နေစေပြီး တတိယနိုင်ငံသို့ ပိုးပေးမည်ဆိုပါက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအား အစိုးရက ကူညီသွားမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ကမ္ဘာသိကြေညာထားခဲ့ပြီး ဖြစ်သည်။ ယခုဤသည်ကို အကောင်အထည် မဖော်တော့ဘူးလား။ စစ်အစိုးရ သဘောထားပြောင်းသွားပြီလား။ ပြောင်းသွား လျှင်လည်း ပြောင်းသွားပြီဖြစ်ကြောင်း ကမ္ဘာသိ ကြေညာရန် လိုပါသည်။
ရခိုင်လူထုထံမှ နိုင်ငံရေးအရ ထောက်ခံမှုရစေရန် ဦးသိန်းစိန်က အထက်ပါကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း၊ လုပ်ဆောင်ပြီးနောက် ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။ အစိုးရ၏ ပါဝင်ပတ်သက်မှုရှိကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများက အစောပိုင်းတည်းက ထောက်ပြချက်များနှင့် ဦးသိန်းစိန်၏ ဤကြေညာချက်ကို ဆက်စပ်ကြည့်လျှင် စစ်အစိုးရသည် ရိုဟင်ဂျာများ (ဦးသိန်းစိန်၏ စကားလုံးအရ ဘင်္ဂါလီများအား) လူ့အဖွဲ့အစည်းမှ ပြတ်ပြတ်သားသား မောင်းနှင်ထုတ်ရေးမူဝါဒ Exclusion Policy ကို အဓိကရုဏ်း၏ အစကတည်းကပင် ကျင့်သုံးဖော်ဆောင်ခဲ့ကြောင်း သုံးသပ်နိုင်သည်။ ယင်းအတွက် မကောင်းသည့် အကျိုးသက်ရောက်မှုများအနေဖြင့် လူမျိုးရေးအရ နှိမ့်ချတိုက်ခိုက်မှုများ၊ အပြန်အလှန် သတ်ဖြတ်မှုကြီးများ တောက်လျှောက် ဖြစ်ပေါ်ခဲ့သည်။ ယင်းအတွက် ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရတွင် လုံးဝပင် တာဝန်ရှိသည်။
ယခုမူ ဦးသိန်းစိန်၏ ရုပ်သွင်ကို အင်တာဗျူးတွင် တွေ့မြင်လိုက်ရသောအခါ ၄င်း၏ စစ်အစိုးရအနေဖြင့် အုပ်စုကြီးနှစ်ခု၏ အလယ်တွင် နေပြီး ငြိမ်သက်ငြိမ်းချမ်းမှုရှိအောင်ပင် တိုင်းပြည်ကို ထိန်းသိမ်းနေ သည့်သဘော မှင်သေသေ ရှင်းလင်းဆွေးနွေးသွားခဲ့သည်။ ယင်းသို့ဖြစ်ခြင်းမှန်ကန်လျှင် အမှန်တရားဖော် ထုတ်နိုင်ရေးအတွက် နိုင်ငံတကာက လာရောက်စစ်ဆေးမည် ဆိုသည်ကို ဦးသိန်းစိန် အဘယ်ကြောင့် လက်မခံနိုင်ပါသနည်း။ ဦးသိန်းစိန် ရည်ညွှန်းသည့် လူ့အခွင့်အရေးကော်မရှင် လွတ်လပ်မှုရှိသည် ဆိုသည်မှာ လုံးဝပင် လွဲမှားနေသည်။ လူ့အခွင့်အရေးကော်မရှင်ဟူသည်မှာ သမ္မတရုံးအဖွဲ့၏ အစိတ်အပိုင်းတခုကဲ့သို့ ဖြစ်နေသည်။ သူကြီးလုပ်သူကိုယ်တိုင် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသည့် အမှုတွင် လူ့အခွင့်အရေးကော်မရှင်မှာ သူကြီးတူအဆင့်လောက်သာ ရှိကြောင်း တင်ပြခဲ့ပြီးပါပြီ။ လူ့အခွင့်အရေးကော်မရှင်တွင် မည်သည့်အခွင့်အာဏာမျှ မရှိသလို သမ္မတကိုယ်တိုင် ကျူးလွန် သည့် ပြစ်မှုမှန်သမျှကိုလည်း မည်သည့်အခါမျှ ဖော်ထုတ်မည်မဟုတ်ပါ။
ပို၍ ဆိုးသည်မှာ ဦးသိန်းစိန်၏ ကြေညာချက် ထွက်လာခဲ့ပြီးနောက်တွင် ရခိုင်ပြည်နယ် လူ့အဖွဲ့အစည်း အတွင်း၌ လုံးဝပင် နှစ်ခြမ်းကွဲသွားခဲ့သည်။ ရိုဟင်ဂျာဆိုသူ (သို့မဟုတ်) ဘင်္ဂါလီ မွတ်ဆလင်ဆိုသူများကို ရခိုင်ပြည်နယ်မှ အပြီးအပိုင် မောင်းထုတ်လိုက်ခြင်းသည် ပြဿနာ၏အဖြေ ဖြစ်သည်ဟူ၍ ရခိုင်လူထု အများစုကြီး၏ စိတ်တွင် စွဲထင်သွားစေသည်။ ယင်းသို့မောင်းထုတ်ခြင်းမှာ တရားသော လုပ်ဆောင်ချက်ဖြစ်သည်ဟု ထင်မြင်လာစေခဲ့သည်။ ယင်းအတွက် တာဝန်ရှိသူမှာ ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရတဖွဲ့လုံး ဖြစ်သည်။ ယင်းကို ပထမ ရှင်းပြသင့်သည်။ ဗွီအိုအေ နှင့် တွေ့ဆုံမေးမြန်းခန်း၌ ဦးသိန်းစိန်သည် ဤသည်နှင့် စပ်လျဉ်း၍ မည်သို့မျှ ရှင်းလင်းဖြေကြားခဲ့ခြင်းမရှိပါ။
သာဓကအားဖြင့် လူတဦးက အခြားတဦးအား “ထမင်းစားပြီးပြီ လား” ဟု ပထမ မေးပြီးမှ “ဘာဟင်းနဲ့ စားခဲ့လဲ” ဟု မေးလေ့ရှိပါသည်။ ပထမမေးခွန်းကို မမေးဘဲ ဒုတိယမေးခွန်းကို တန်းပြီး မေးပါက မေးမြန်းခံရသူသည် ထမင်းစားပြီးဖြစ်ကြောင်း မေးမြန်းသူက ကြိုတင်သိထားနှင့်သည့် သဘောသက်ရောက်သည်။ ပထမမေးခွန်းကို ကျော်ပြီး ဒုတိယမေးခွန်းကို မေးခြင်းအားဖြင့် ဦးသိန်းစိန်၏ အစိုးရတွင် နှစ်ဘက်အတူ ယှဉ်တွဲနေထိုင်ရေးမူဝါဒ ရှိနေပြီဟု မေးသူ ဦးသန်းလွင်ထွန်းက ကြိုတင်သိနေ၍ ဖြစ်ကောင်းဖြစ်ပါမည်။ ထူးခြားသည်မှာ ဖြေကြားသည့် ဦးသိန်းစိန်ကိုယ်တိုင်ကလည်း မိမိတို့နိုင်ငံတွင်းသို့ တရားမ၀င် ခိုးဝင်နေသည့် ဘင်္ဂါလီများအား မူရင်းနိုင်ငံသို့ ပြန်ပို့မည် ဟူ၍လည်းကောင်း၊ လက်ခံမည့် တတိယနိုင်ငံများသို့ သွားနိုင်ရေးအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအား ကူညီသွားမည်ဖြစ်ကြောင်း တခွန်းမျှ မဟတော့ခြင်းဖြစ်သည်။
အဆိုပါ မေးခွန်းအား သမ္မတ ဦးသိန်းစိန်က “ရေရှည် ဖြေရှင်းသွားရမှာပါ။ ရခိုင်တိုင်းရင်းသား ပါတီအကြီးအကဲတွေနဲ့ တွေ့ပါတယ်။ ကမ္ဘာကြီးက ကျဉ်းမြောင်းသွားပြီ။ ရွာကြီးတရွာလို ဖြစ်နေတယ်။ ကျနော်တို့က သူ့လူမျိုး ကိုယ့်လူမျိုး သူ့ဘာသာ ကိုယ့်ဘာသာ ခွဲခြားလို့မရဘူး။ လူသားဆိုတဲ့ အမြင်နဲ့ မြင်ပါ။ လူသားဆိုတဲ့ အမြင်နဲ့ မြင်ရမယ်။ ကမ္ဘာမှာလည်း လူ့အခွင့် အရေးကို ရှေ့တန်းတင်ပြီး ပြောလာကြတယ်။ လူသားဆိုတဲ့ အမြင်နဲ့ မြင်ပါ။ လူ့အခွင့်အရေးကို မထိခိုက်အောင် လုပ်ဖို့ လိုပါတယ်။” ဟု ဖြေသွားခဲ့သည်။
စာရေးသူတို့ ကလေးဘ၀က တခုခုကို နှစ်ခြိုက်သဘောကျမိလျှင် နောက်ပြောင် ပြောကြသည့် စကားလုံးတခု ရှိသည်။ “ဒီ့ထက် ကောင်းတာတောင် ဒီလောက် မကောင်းဘူးကွ” ဟူ၍ ဖြစ်သည်။ ရခိုင်တိုင်းရင်းသားပါတီ ခေါင်းဆောင်များအား ဦးသိန်းစိန်ထက် ကောင်းအောင် မည်သူမျှ ရှင်းပြနိုင်မည် မဟုတ်ပါ။ ဦးသိန်းစိန်ထက် ကောင်းအောင် ရှင်းပြဦးတော့ ဦးသိန်းစိန်လောက် မကောင်းမှာ သေချာ ပါသည်။ မှန်ပါသလား။ စဉ်းစားကြည့်ကြရအောင်ပါ။
သြဂုတ်လ ၁၆ ရက် ၂၀၁၂ ခုနှစ်

အပိုင်း (၃)

ယခုအချိန်၌ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေး ဟူသော စကားလုံးများကို ထပ်ခါထပ်ခါ ကိုးကားသုံးစွဲလာပြီဖြစ်သော သမ္မတ ဦးသိန်းစိန်နှင့် ဆက်စပ်လျက် နောက်ထပ် မြန်မာဆိုရိုးစကားတခုကို သတိရမိပါသည်။ “ပါးစပ်က ဘုရား ဘုရား လက်က ကိုးရိုးကားယား” ဟူ၍ဖြစ်သည်။ ဤဆိုရိုးစကားက အပြောနှင့် အလုပ်ညီဖို့လိုကြောင်း ထောက်ပြထားခြင်းပင်။ ရခိုင်အဓိကရုဏ်းကို ဤဆိုရိုးစကားနှင့် ချိန်ထိုးပါမည်။
ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသည် ဘုရား ဘုရား ဟူ၍ပင် ရှေ့ကနေ၍ ပြောသွားခဲ့ခြင်းမရှိပါ။ လက်က ကိုးရိုးကားယား အရင်လုပ်ခဲ့ပြီး နောက်ပိုင်းမှ ပါးစပ်က ဘုရား ဘုရား တခြင်းသာ ဖြစ်သည်။ သာဓကတခုကို ပြောပါမည်။ ယခုသြဂုတ်လ ၁၅ ရက်နေ့ အင်တာဗျူးတွင် ဦးသိန်းစိန်က ရခိုင်တိုင်းရင်းသားပါတီ ခေါင်းဆောင်များနှင့် တွေ့ပြီး ပြောဆိုကြောင်း၊ ရခိုင်လူထုကို ၄င်းက စကားဆယ်ခွန်း ဆယ့်ငါးခွန်း ပြောတာထက် ခင်ဗျားတို့ တခွန်းပြောတာ ထိရောက်ကြောင်း ဆိုခဲ့သည်။ အတိအကျအားဖြင့် ဦးသိန်းစိန်က ရခိုင်တိုင်းရင်းသားပါတီခေါင်းဆောင်များအား “ခင်ဗျားတို့က ၀င်ပြီး အမြင်မှန်ရလာအောင်၊ ပြောင်းလဲလာအောင် ပြောပေးပါ” တောင်းခံနေပြီဖြစ်သည်။
ဤသို့ဆိုလျှင် အဓိကရုဏ်းကြီးအတွင်း၌ အမြင်မှားခဲ့သူမှာ မည်သူနည်း။ ရခိုင်လူထုဖြစ်သည်ဟု ဦးသိန်းစိန်က ဆိုနေခြင်းဖြစ်သည်။ ဖြစ်ပျက်ခဲ့သမျှ ရခိုင်လူထုအပေါ် အပြစ်ပုံချရန် လမ်းခင်းနေခြင်းဖြစ်သည်။ ရခိုင်လူထု အမြင်မှားနေသည်ဟု ဆိုပါလျှင် ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသည် အစောပိုင်းကာလများကတည်းက ယခုကဲ့သို့ ဘာကြောင့် ရှင်းပြဖို့ မကြိုးစားခဲ့သနည်း။ မိမိအစိုးရကိုယ်တိုင်၏ တာဝန်ရှိမှုကို ၀န်မခံဘဲ နိုင်ငံတကာဖိအားများ သက်ရောက်လာနိုင်သည့် အခြေအနေရောက်လာမှ ရခိုင်လူထုက အမြင်မှားပြီး ပြစ်မှုကြီးများကို ကျူးလွန်နေသယောင် အဘယ် ကြောင့် ပြောဆိုလာပါသနည်း။
ယခုမှသာ ရခိုင်လူထုအပေါ် အပြစ်ပုံချဖို့ ကြိုးစားနေသော်လည်း ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသည် အဓိကရုဏ်း စဖြစ်ခါစတွင် ပြဿနာ၏တရားခံအဖြစ် လက်ညှိုးထိုးခံခဲ့ရသူမှာ (ရိုဟင်ဂျာ) မွတ်ဆလင်များ ဖြစ်သည်။ သာဓကတခု ပြပါမည်။ ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့ ထုတ် ကြေးမုံသတင်းစာ၏ စာမျက်နှာ ၂၀ ကို ကြည့်ပါ။ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတောမြို့ များ၌ ဆူပူသူအင်အား ၁,၀၀၀ ကျော်က အကြမ်းဖက်မှုများကို မည်သို့ ကျူးလွန်နေကြောင်း သတင်းအဖြစ် ဖော်ပြထားပြီး အဆိုပါ စာမျက်နှာ တခုတည်းမှာပင် ယင်းသတင်းနှင့် ကပ်လျက် အောက်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်သာသနာရေး အဖွဲ့ကြီး မေတ္တာရပ်ခံပန်ကြား လွှာ နှစ်စောင်ကို တွဲထည့်ပေးထားသည်။ ယင်းပန်ကြားလွှာများတွင် နိုင်ငံတ၀ှမ်း နေထိုင်ကြသော အစ္စလာမ်သာသနာဝင်များသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်သာသနာရေးအဖွဲ့ကြီးက ထုတ်ပြန်သော အထူးမေတ္တာရပ်ခံချက်နှင့်အညီ နေထိုင်ကြရန်လိုကြောင်း ပါရှိသည်။ သို့ရာတွင် သတင်းစာ၏ အဆိုပါ စာမျက်နှာ၌ ဗုဒ္ဓဘာသာဝင်များအတွက် သံဃာ့နာယကအဖွဲ့ကြီးက ထုတ်ပြန်သော မေတ္တာရပ်ခံချက် မပါရှိပါ။ ဤသည်မှာ စစ်အစိုးရက ဦးဆောင်၍ သတင်းပညာအရ လုပ်ကြံထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ဆူပူအကြမ်းဖက်သူများသည် မွတ်ဆလင်ဘာသာဝင်များသာ ဖြစ်သည်ဟု သတင်းစာဖတ်သူအားလုံး ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံထားခြင်းဖြစ်သည်။
ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရ၏ တာဝန်ရှိမှုအောက်တွင် အဓိကရုဏ်းကြီးအတွင်း အသက်စွန့်လွှတ်သွားခဲ့ရသူ လူထုအရေအတွက်ကို မည်သူမျှ အတိအကျ မပြောနိုင်။ ဘ၀နစ်နာ ပျက်စီးဆုံးရှုံးခဲ့ရသူ အနည်းဆုံး ခြောက်သောင်းကျော်အနက် ဒုက္ခသည်စခန်းမှနေ၍ ပြန်စရာ နေအိမ်ပင် မရှိတော့သူ ဦးရေမှာလည်း များလှစွာသည်။ အဓိကရုဏ်းကြီး၏ ရိုက်ခတ်မှုကြောင့် ရှေ့ခရီး ဘယ်လိုဆက်၍ ဘာတွေ လုပ်ကိုင်စားသောက်ရမည် မသိတော့သူ ဦးရေမှာ သိန်းတချို့ချီ ရှိမည်ဟု မှန်းရသည်။
အဆိုးဆုံးမှာ ဦးသိန်းစိန်က ယခုအချိန်အထိ စစ်အစိုးရ၏ တိကျသော မူဝါဒကို မကြေညာသေးခြင်းပင်။ ရခိုင်ပြည်နယ်အတွင်း၌ ရှိနေပြီဖြစ်သော မွတ်ဆလင်ဘာသာဝင်ဦးရေ အနည်းဆုံး ရှစ်သိန်းကျော်ကို တကယ်ပဲ ဆက်လက် မောင်းထုတ်သွားမှာလား။ မောင်းထုတ်သွားမည်ဆိုပါက လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ လုံခြုံမှုကို ရရှိစေပြီး နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မည်သို့ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းဆောင်ရွက်မှု အောင်မြင်စေရန် ဒေသခံလူထုက မည်သို့ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ယင်းအစီအစဉ် အောင်မြင်စေရေးအတွက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကူအညီနှင့် နိုင်ငံတကာ၏ အကူအညီတို့ကို မည်သို့ ရှာဖွေသွာမည်ဖြစ်ကြောင်း တပြည်လုံးလူထုအား ဦးသိန်းစိန်၏ စစ်အစိုးရက အတိအကျ ရှင်းပြရန် လိုသည်။
သို့မဟုတ် ယင်းပထမမူဝါဒကို တရားဝင် ရုပ်သိမ်းပြီး နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းစွာ အတူတကွ ဆက်လက် နေထိုင်ရေးကို ဖော်ဆောင်မည်လား။ ဒုတိယမူဝါဒသို့ ပြောင်းလဲကျင့်သုံးမည်ဆိုပါက ယခု ဦးသိန်းစိန် အင်တာဗျူးတွင် ပြောခဲ့သကဲ့သို့ လွယ်လွယ်ပြော၍ မရနိုင်ပါ။ ဘ၀နစ်နာပျက်စီးဆုံးရှုံးခဲ့သူ လူထုကြီးတရပ်လုံး ထမင်းစားဖို့၊ နေစရာရဖို့အတွက် ဟိုက သည်က တောင်းခံပေးရုံ၊ လုံခြုံရေးအရ စစ်တပ်၏ သေနတ်ပြောင်းအောက်တွင် ဒူးထောက် ခိုလှုံနေခွင့်ရရုံနှင့် လုံးဝ မလုံလောက်ပါ။
(၁) အဓိကရုဏ်းကြီးနှင့် စပ်လျဉ်း၍ အမှန်အတိုင်း ဘာတွေ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကို လူထုကြီးရော နိုင်ငံတကာပါ အတိအကျ သိခွင့်ရအောင် ဆောင်ရွက်ပေးဖို့ လိုသည်။ ကုလသမဂ္ဂမှ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်အား လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်ပေးဖို့ လိုသည်။
(၂) ပြစ်မှုကျူးလွန်သူများသည် လမ်းများပေါ်တွင် ငြိမ်းချမ်းစွာ လျှောက်သွားလျက်ရှိကြသည်။ ထိုသူများအား ပြစ်မှုကျူးလွန်ခံရသူများကလည်း နေ့စဉ်တွေ့မြင်နေရဆဲဖြစ်သည်။ သို့ဖြစ်၍ ပြစ်မှုကျူးလွန်ခံရသူ လူထု၏ စိတ်အစဉ်တွင် မည်သည့်အခါတွင်မျှ ငြိမ်းချမ်းမှုရမည်မဟုတ်။ တချိန်ချိန်မှာ ထပ်မံကျူးလွန်ခံရလိမ့်မည်ဟူသော စိုးရိမ်ထိတ်လန့်မှုများ ရှိနေမည်ဧကန်ဖြစ်သည်။ ဥပဒေစိုးမိုးရေးကို တကယ်တမ်း တည်ဆောက်မည်ဟု သက်သေပြလိုလျှင် ကျောသားရင်သား မခွဲခြားဘဲ ပြစ်မှုကျူးလွန်ခဲ့သူ မှန်သမျှကို ဖော်ထုတ်အရေးယူရန် လိုသည်။
(၃) အမှန်တရားများ ပေါ်ထွက်လာပြီးနောက် ပြစ်မှုကျူးလွန်သူများအား အရေးယူ စစ်ဆေးစီရင်နေသည့် တချိန်တည်းတွင် နှစ်ဘက်ပြန်လည်သင့်မြတ်ကြရေးအတွက် အခြေခံလူထုများအတွင်း တွေ့ဆုံမှုများ၊ ညှိနှိုင်းမှုများ၊ တဘက်၏ နစ်နာချက်ကို အခြားတဘက်မှ ကြားသိစေခြင်းများ စီစဉ်ပေးဖို့ လိုသည်။ ယင်းသို့ဖြင့် ကိုယ်ချင်းစာနာစိတ်များ၊ အပြန်အလှန် ကူညီလိုမှုများ၊ မေတ္တာတရားများ ပွားများခွင့်ရလာအောင် စီစဉ်ပေးရန် လိုပါမည်။
(၄) ရခိုင်ပြည်နယ်အတွင်းရှိ တရားစီရင်ရေး အပါအ၀င် တိုင်းပြည်အုပ်ချုပ်ရေးယန္တရားများအား လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်အားကောင်းလာအောင် ပြောင်းလဲဖွဲ့စည်း၊ လေ့ကျင့်တည်ဆောက်ဖို့ လိုသည်။ ဤသည်ကို အင်္ဂလိပ်ဘာသာဖြင့် Institutional Reform ဟု ခေါ်သည်။

အဓိကရုဏ်းကြီးနှင့် စပ်လျဉ်း၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အား ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် က ခေါ်ယူသတိပေးသည်မှာ မှန်သလား။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဆွေးနွေးပွဲမှတ်တမ်းတခု ပေါ်ထွက်လာခဲ့သည်။ ဤမှတ်တမ်းသည် ယခုအချိန်တွင် အတော်ပင် ကျယ်ပြန့်စွာ ပျံ့နှံ့လျက်ရှိသည်။ ဤမှတ်တမ်း သည်လည်းကောင်း၊ မှတ်တမ်းတွင် ဖော်ပြရေးသားထားသည့် အကြောင်းအရာများသည် လည်းကောင်း၊ အစစ်အမှန်မဟုတ် မှားယွင်းနေသည်ဟုဆိုလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီ နှစ်ခုလုံးအနေဖြင့် သတင်းစာရှင်းလင်းပွဲတရပ် ခေါ်ယူကာ အသေးစိတ် ရှင်းပြရန် တာဝန်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းမှတ်တမ်းတွင် ရေးသားထားချက်များသည် မတရားမှုများကို ဖုံးကွယ်ထားသလားဟူ၍ အများပြည်သူက မှတ်ယူနိုင်စရာအကြောင်း ရှိသောကြောင့် ဖြစ်သည်။
အဆိုပါမှတ်တမ်းအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့စွဲဖြင့် ဒေါက်တာအေးမောင် ဥက္ကဌအဖြစ် တာဝန်ယူသည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီအား အစည်းအဝေး ဖိတ်ကြားခဲ့သည်။ ဥက္ကဌ ဒေါက်တာအေးမောင် မဖြစ်မနေ တက်ရောက်ရန် ဟူသော စကားလုံးကို သုံး၍ ဖိတ်ကြားခဲ့ကြောင်းတွေ့ရသည်။
၁။ ဒေါက်တာအေးမောင် (ဥက္ကဌ)
၂။ ဦးအုံးတင် (ဒု-ဥက္ကဌ)
၃။ ဦးဘရှိန် (ဗဟိုအလုပ်အမှုဆောင်)
၎။ ဦးဖေသန်း (ဗဟိုအလုပ်အမှုဆောင်)
၅။ ဦးထွန်းအောင်ကျော် (ဗဟိုအလုပ်အမှုဆောင်)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက နိဂုံးချုပ်မိန့်ခွန်း ပြောကြားရာတွင် … … … … ဒုတိယဗိုလ်ချုပ်ကြီး လှမင်း တင်ပြသော ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ ရခိုင်အရေးအခင်း အပေါ် ပါဝင်ပတ်သက်မှုကို အကျယ်ဆွေးနွေးခြင်းမရှိဘဲ “ဆက်မလုပ်ကြရန် လုပ်ရင်တော့ အရေးယူမည်” ဟု ပြောကြားခဲ့ကြောင်း မှတ်တမ်းတွင် ရေးသားထားခဲ့သည်။
ရခိုင်အရေးအခင်းအတွင်း နှစ်ဘက်အပြန်အလှန် သတ်ဖြတ်မှုကြီးများ ပေါ်ပေါက်ခဲ့ကြောင်း မည်သူမျှ အငြင်းမပွားပါ။ ဦးသိန်းစိန်ကိုယ်တိုင်က ၀န်ခံခဲ့ပြီး သေဆုံးသူဦးရေမှာ တရာထက်တော့ မပိုကြောင်းနှင့် မီးရှို့ကြသည့်အတွက် အိုးမဲ့အိမ်မဲ့ ဖြစ်ကြသူဦးရေမှာ အဆမတန် များပြားကြောင်း ဆိုသွားခဲ့သည်။
ဤသတင်းများ လှိုင်လှိုင်ကြီး ထွက်ပေါ်နေသည့်အချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအား အစည်းအဝေး ခေါ်ယူပြီး “ဆက်မလုပ်ကြရန် လုပ်ရင်တော့ အရေးယူမည်” ဟု သတိပေးခံလိုက်ရခြင်းမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ၏ နိုင်ငံရေးဂုဏ် သိက္ခာကို များစွာထိခိုက်ပါသည်။ ရခိုင်ပြည်နယ်အတွင်း ပြစ်မှုကြီးများ ကျူးလွန်ရာ၌ အဓိက ဦးဆောင်သော အဖွဲ့အစည်းမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဖြစ်သည် ဟု ရွေးကောက် ပွဲကော်မရှင်က အတိအကျ စွပ်စွဲလိုက်သည့် သဘောဆောင်သည်။ အဆိုပါမှတ်တမ်းသည် စစ်မှန်သည်ဆိုပါက ပေါ့ပေါ့မထားသင့်ပါ။ ရခိုင်သမိုင်းတခု၏ အစိတ်အပိုင်း ဖြစ်သွားပါပြီ။
မစစ်မှန်သော မှတ်တမ်းဖြစ်သည်ဆိုလျှင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအနေဖြင့် အမြန်ဆုံး ရှင်းလင်းဖို့ လိုပါမည်။ စစ်မှန်သော မှတ်တမ်းဖြစ်သော်လည်း “ဆက်မလုပ်ကြရန် လုပ်ရင်တော့ အရေးယူမည်” ဟု ရွေးကောက်ပွဲကော်မရှင်က သတိပေးခြင်းမှာ ရခိုင်ပြည်နယ် အဓိကရုဏ်းအတွင်း ဖြစ်ပွားခဲ့သော သတ်ဖြတ်၊ မီးရှို့မှုကြီးများနှင့် လုံးဝ ပတ်သက်ခြင်းမရှိကြောင်း၊ နိုင်ငံရေးပါတီများနှင့် စပ်လျဉ်း၍ အခြားမည်သည့်ကိစ္စရပ်အတွက် ကော်မရှင် က ခေါ်ယူသတိပေးခြင်း သာ ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအနေဖြင့် လူထုတရပ်လုံးအား ခြေခြေမြစ်မြစ် ရှင်းပြဖို့ လိုပါမည်။
ထို့အပြင် ပို၍ အရေးကြီးသည်မှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပြစ်မှုကြီးများအား ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီပဲ အဓိက ဦးဆောင် ကျူးလွန်နေသယောင်ယောင် သဘော သက်ရောက်စေသည့် မှတ်တမ်းကို ရေးသားသူ၊ အများသိအောင် ထုတ်ပြန်သူ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အား ပါတီက ဥပဒေကြောင်းအရ အတိအကျ ပြန်လည် တရားစွဲဆိုသွားသင့်ပါသည်။
အပိုင်း (၄)

လူ့အခွင့်အရေးနဲ့ ဥပဒေစိုးမိုးရေး ဘယ်လို ဆက်စပ်သလဲ။ စစ်မှန်တဲ့ ဥပဒေစိုးမိုးရေး တည်ဆောက်နိုင်ဖို့ အမှန်တရားကို ဘာကြောင့် ရှာဖွေဖော်ထုတ်သင့်သလဲ။
စစ်အာဏာရှင်စနစ်ကို ယနေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံးလျက်ရှိသော စစ်အစိုးရ၏ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က ၀န်ခံပြောကြားပြီးနောက်တွင် လူ့အခွင့်အရေးသည် လူ့အဖွဲ့အစည်းက အမြင့်ဆုံး ထားရမည့် စံတန်ဖိုး ဟူသည်မှာ မြန်မာနိုင်ငံအတွက် ပို၍ ထင်ရှားသိသာ လာသည်။
သို့ရာတွင် လူ့အခွင့်အရေးဟူသည်အား အများ နားထောင်ကောင်းရုံ၊ နားထောင်လိုက်ရသူများက လူ့အခွင့်အရေးစကား ပြောသူအား လေးစားအထင်ကြီးသွားစေရုံမျှလောက်ဖြင့်သာ သုံးစွဲနေပါလျှင် လက်တွေ့အရ မည်သည့်အခါတွင်မျှ ခံစားရရှိနိုင်ဖွယ်မရှိပါ။ လူ့အခွင့်အရေးအတွေးအခေါ်ကို ကိုင်စွဲပြီး ဥပဒေစိုးမိုးရေးကို ဖော်ဆောင်မှသာ လူ့အခွင့်အရေးကို ခံစားနိုင်ပါမည်။ အဘယ်ကြောင့်ပါနည်း။ဥပဒေ စိုးမိုးရေးဆိုသည်မှာ တည်ဆဲဥပဒေများကိုသာ လေးစားလိုက်နာခြင်းဟူသည့် သဘောထက် မည်သို့မျှ မပိုနိုင်၍ ဖြစ်သည်။
လူ့အခွင့်အရေးအတွေးအခေါ်ကို ကိုင်စွဲပြီး ဥပဒေစိုးမိုးရေးကို ဖော်ဆောင်မည်ဆိုလျှင် တည်ဆဲဥပဒေ များသည် လူ့အခွင့်အရေးအခြေခံကို ပယ်ရှားထားပါက (သို့မဟုတ်) လူ့အခွင့်အရေး အခြေခံများကို ဖော်ဆောင်မပေးနိုင်ပါက အဆိုပါ ဥပဒေတရပ်ရပ်ကိုသော်လည်းကောင်း၊ ဥပဒေစနစ် တစုံလုံးကိုသော်လည်းကောင်း ပြင်ရပါမည်။ ဥပဒေတရပ် သို့မဟုတ် ဥပဒေစနစ်တစုံလုံးသည် လူ့အခွင့်အရေးကို ပံ့ပိုး တည်ဆောက်စေရပါမည်။ ယုတ်လျော့၊ ဖျက်သိမ်းခြင်း မဖြစ်စေရပါ။ သို့မှသာ စစ်မှန်သော ဥပဒေစိုးမိုးရေး ဖြစ်ပါသည်။ စစ်မှန်သော ဥပဒေစိုးမိုးရေးသည် လူ့အခွင့်အရေးကို လိုလားသော လူ့အဖွဲ့အစည်းတိုင်း ဦးတည်လျှောက်လှမ်းရမည့် လမ်းကြောင်းပင်။ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းကြီးနှင့် စပ်လျဉ်း၍ ဤလမ်းကြောင်းကိုပင် လျှောက်လှမ်းရပါမည်။
ယင်းသို့မဟုတ်လျှင် လူ့အခွင့်အရေးစကားလုံးကို နှုတ်မှ အမြှုပ်ထွက်သည်အထိ အကြိမ်ပေါင်း များစွာ ရေရွတ်ပါစေဦး၊ လူ့အခွင့်အရေးသည် ရေပေါ်တွင် အရုပ်ရေးသည့်အဆင့်ထက် ပိုမည်မဟုတ်ပါ။
ဥပဒေစိုးမိုးမှု၏ ရှေ့တွင် “စစ်မှန်သော” ဟူသည်ကို အဘယ်ကြောင့် ထည့်ရသနည်း။ ဥပဒေစိုးမိုးမှု စကားလုံးကို စစ်အာဏာရှင်များ၊ အုပ်ချုပ်သူအာဏာပိုင်များက ဆယ်စုနှစ်ပေါင်းများစွာ တတွတ်တွတ် ရွတ်ဆိုခဲ့သည်။ လက်တွေ့တွင် ဥပဒေများနှင့် ဥပဒေစနစ်တစုံလုံးအား ၄င်းတို့ အာဏာတည်မြဲရေးအတွက်သာ အသုံးချခဲ့သည်။ “စစ်မှန်သော” ဥပဒေစိုးမိုးရေးအခြေခံကို လူထုအနေဖြင့် စနစ်တကျ လေ့လာစဉ်းစားခွင့်မရအောင် ပိတ်ပင်ထားခံခဲ့ရသည်။ ၄င်းတို့အလိုအရ ဥပဒေစိုးမိုးရေးဟူသည်မှာ လူထု၏ လွတ်လပ်ခွင့်အား ဖိနှိပ်ပြဌာန်းထားသော ဥပဒေများကိုသာ အဓိကအားဖြင့် လေးစားလိုက်နာရေးကို ဦးတည် ကျင့်သုံးခဲ့ ကျင့်သုံးဆဲဖြစ်သည်။ “စစ်မှန်သော” ဥပဒေစိုးမိုးရေး၏ စဉ်းစားမှုအခြေခံတရပ်ကို လူတိုင်း နားလည်လွယ်အောင် သာဓကတခုနှင့် မိတ်ဆက်ပေးပါမည်။
စာရှုသူများအားလုံး ဥပဒေစိုးမိုးရေး၏ သင်္ကေတရုပ်တုကို ပုံများတွင် မြင်ဖူးကြပါမည်။ မျက်လုံးကို အ၀တ်မဲ စည်းထားသော အမျိုးသမီးတဦး၏ ရုပ်တုဖြစ်သည်။ သူမ၏ ဘယ်လက်တွင် ချိန်ခွင်ကို ကိုင်ထားပြီး ညာလက်တွင် ဓားရှည်ကြီးတလက်ကို စွဲထားသည်။ မျက်လုံးကို အ၀တ်မဲ စည်းထားသည့် သဘောမှာ မှုခင်းတရပ်ရပ်ကို ဆုံးဖြတ်စီရင်ရာတွင် လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လိင်၊ လူမှုရေးအဆင့်အတန်း စသည်တို့ကို လုံးဝမစဉ်းစားတော့ဘဲ ကျူးလွန်သူမှန်သမျှကို စီရင်သွားမည်ဟူ၍ ဖြစ်သည်။ ချိန်ခွင်ကို ကိုင်ထားခြင်းမှာ တရားမျှတမှုကို ရှေးရှုသည်။ ခွဲခြားမှု ဘက်လိုက်မှုမရှိဘဲ မျှတစွာ ဖော်ထုတ်စစ်ဆေးသွားမည်ဟူ၍ ဖြစ်သည်။ ဓားရှည်ကြီး၏သဘောမှာ အပြစ်ကျူးလွန်သူကို အပြစ်ပေးရန် ဖြစ်သည်။ ပြစ်မှုကျူးလွန်သူကို ထိုက်သင့်သည့် ပြစ်ဒဏ်ပေးခြင်းမှာ ဥပဒေစိုးမိုးရေး၏ အခြေခံအကျဆုံးသော မူဖြစ်သည်။
စစ်အာဏာရှင်စနစ်က နှစ်ပေါင်းငါးဆယ်ကျော် အုပ်ချုပ်ခဲ့သည့် သက်တမ်းအတွင်း စစ်မှန်သည့် ဥပဒေစိုးမိုးရေး အခြေခံများ ပြန့်ပွားကျင့်သုံးခွင့်မရ၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခများ ဖန်တီးခဲ့သည်။ ပေါ်ပေါက်နိုင်သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကိုလည်း မပေါက်ကွဲစေရန် ကြိုတင်တားဆီးမှုများ မလုပ်ခဲ့။ ပေါက်ကွဲလာသည့်အခါတွင်လည်း နိုင်ငံရေးအမြတ်ထုတ်ခဲ့ပြန်သည်။ အကျိုးဆက်အနေဖြင့် တရုတ်နှင့် မြန်မာ၊ ရှမ်းနှင့် ၀၊ ပအိုဝ့်နှင့် ရှမ်း၊ မွန်နှင့် ကရင် လူမျိုးရေး ပဋိပက္ခမျိုးစုံ ပေါ်ခဲ့သည်။ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်လည်း ရှိသည်။ ကရင်နှင့် ကရင်ချင်း သတ်ကြသည့်အဆင့်ပင် ရောက်ခဲ့သည်။ ယခု ရခိုင်ပြည်နယ်မှာလည်း နဖူးတွေ့ ဒူးတွေ့ ကြုံနေ ရပြန်ပါသည်။ လူထုများ၏ နစ်နာဆုံးရှုံးမှု ခံစားရမှုများကို ကြည့်လိုက်လျှင် ကြေကွဲဖွယ်ဆိုသည်ထက် ဟိုမှာဘက်ကမ်းသို့ ကျော်လွန်နေပါသည်။
စစ်မှန်သည့် ဥပဒေစိုးမိုးရေးမရှိဘဲ လုံခြုံရေးယူပေးဖို့ သေနတ်အောက်မှာ ဒူးထောက်ပြီး တောင်းခံနေ ရသမျှ ကာလပတ်လုံး အဆိုပါအဖြစ်ဆိုးမျိုး ထပ်မံကြုံတွေ့နေရပါဦးမည်။ ဤဖြစ်ရပ်ဆိုးကြီး များကို ပြန်ပြောင်းသုံးသပပြီး နောင်ကို ထပ်မဖြစ်အောင် ရှောင်ရှားနိုင်စေရန် တိုင်းရင်းသားပေါင်းစုံ လူထုကြီး တရပ်လုံး ငြိမ်းချမ်း၊ တိုးတက်၊ သာယာသောဘ၀ကို ရရှိစေရန်မှာ လူ့အခွင့်အရေး အခြေခံပေါ်တွင် စစ်မှန်သော ဥပဒေစိုးမိုးရေးကို တည်ဆောက်ခြင်းမှတပါး အခြားမရှိပါ။ ယင်းသို့ဖြစ်စေရန်မှာ လူထုများကိုယ်တိုင် စစ်မှန်သော ဥပဒေစိုးမိုးရေး အခြေခံကို နေ့စဉ် လိုက်နာကျင့်သုံးဖို့ လိုပါသည်။ ဤသည်ကို သဘောတူပါက စာရှုသူ ခေတ္တမျှ စာဖတ်ရပ်ပြီး အ၀တ်မဲ တခုရှာ၊ မျက်လုံးကို စည်းပိတ်၊ တနေရာတွင် ငြိမ်သက်စွာထိုင်၊ အသက်မှန်မှန်ရှူကာ၊ စိတ်အာရုံတွင် ရှိနေသည့် အစွဲမှန်သမျှ ဖယ်ထားလိုက်ပါ။
မည်ကဲ့သို့သော အစွဲမျိုးကို ဆိုလိုပါသနည်း။
ငါ့လူမျိုးက လုပ်သမျှ အားလုံးမှန်သည်။ ငါမနှစ်မြို့သည့် လူတွေ လုပ်သမျှ အားလုံးမှားသည်။ (မည်မျှပင် ဆိုးဝါးရက်စက်သည့် လုပ်ရပ်ဖြစ်ပါစေ) ငါ့ဘာသာတရား လုပ်တာ အားလုံးမှန်သည်။ မည်သည့်အကြောင်းနှင့်ပဲဖြစ်ဖြစ် ငါ့ဘာသာဝင်တွေကို လာမထိနှင့်၊ ထိလျှင် မီးပွင့်သွားအောင် တုံ့ပြန်သွားမည်။ (မည်မျှအထိ လူ့အခွင့်အရေးချိုးဖောက်နေပါစေ) ငါ့ပါတီ ဦးဆောင်တာ မှန်သမျှ အားလုံး တရားသည်။ ငါ့ခေါင်းဆောင် လုပ်တာမှန်သမျှ အားလုံး မှန်သည် … အစရှိသည့် အစွန်းရောက် အစွဲများကို ဆိုလိုသည်။
မိမိ၏ စိတ်အစဉ်တွင် ယင်းအစွဲများ တည်ရှိနေသမျှ အရာကိစ္စများအပေါ် ယင်းအစွဲများဖြင့် တိုင်းတာနေသမျှ၊ ယင်းအစွဲများအပေါ် အခြေခံလျက် ပြောဆို၊ ရေးသား၊ လုပ်ဆောင်နေသမျှ ကာလပတ်လုံး မည်သည့်အခါတွင်မျှ ဥပဒေစိုးမိုးရေး မတည်ဆောက်နိုင်ပါ။ အကျိုးဆက်အနေဖြင့် ယင်းသို့သော အစွဲမျိုးရှိသူ ပုဂ္ဂိုလ်များတွင် အားမလိုအားမရမှုများ၊ မစ္ဆရိယစိတ်များ၊ အမုန်းများ၊ အာဃာတများ၊ ဒေါသများ … အစရှိသဖြင့် Negative Sense အပျက်သဘောဆောင်သည့် အာရုံများသာ ဖုံးလွှမ်းနေပါမည်။ ယင်းသို့ဖြစ်ပါက လူ့အဖွဲ့အစည်းသည် အပြုသဘောဆောင်နိုင်မည်မဟုတ်။ စစ်မှန်သည့် ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှုကို ရနိုင်မည် မဟုတ်ပါ။
ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းကြီးများ နောက်ထပ် မပေါ်ပေါက်နိုင်ရေးအတွက် စစ်မှန်သည့် ဥပဒေစိုးမိုးရေး တည်ဆောက်မည်ဆိုလျှင် အမှန်တရားကို ဖော်ထုတ်ရပါမည်။ ဤသည်ကို ဇူလိုင်လ ၂၄ ရက် နေ့စွဲဖြင့် စာရေးသူ၏ ဆောင်းပါးတွင် တင်ပြခဲ့ပြီးဖြစ်သည်။ အမှန်တရားဟူသည်မှာ ကျယ်ပြန့်နက်ရှိုင်းလှပါသည်။ မည်သည်များနှင့် စပ်လျဉ်းသည့် အမှန်တရားပါနည်း။ အဓိကရုဏ်းကြီး အတွင်း ဖြစ်ပွားခဲ့သည်မှာ ရိုးရိုးအမြင်မတူရုံမျှနှင့် အပြန်အလှန် ကလော်ကြ၊ ဆဲကြ၊ ခဲနှင့် ပစ်ပေါက်ကြ၊ ထိုးကြ ကြိတ်ကြ၊ ရုန်းရင်းဆန်ခတ် ဖြစ်ရုံမျှ မဟုတ်ပါ။ လူမျိုးရေး ဘာသာရေးနှင့် ဆက်နွယ်သည့် လူအုပ်စုကြီးနှစ်စုက ပြစ်မှုကြီးများ အပြန်အလှန် ကျူးလွန်ခဲ့ကြခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ ရှာဖွေရမည့် အမှန်တရားမှာ လတ်တလောအကြောင်းများနှင့် စပ်လျဉ်း၍ ဤအဓိကရုဏ်းကြီးအတွင်း ပြစ်မှုများကို မည်သူတွေက မည်သည့်အကြောင်းနှင့် အစမှအဆုံး မည်သို့မည်ပုံ ကျူးလွန်ခဲ့ကြသဖြင့် မည်မျှလောက်အထိ ရခိုင်ပြည်နယ် လူ့အဖွဲ့အစည်းတရပ်လုံး ရုပ်ပိုင်းစိတ်ပိုင်းအရ ထိခိုက်ပျက်စီး နစ်နာဆုံးရှုံးသွားရသည် နှင့် စပ်လျဉ်း၍ ဖြစ်သည်။
လတ်တလောအကြောင်းတွေ ပေါ်ပေါက်စေသည့် လူ့အဖွဲ့အစည်း၏ နောက်ခံအခြေအနေမှာ မည်သို့ဖြစ်ခဲ့သည် စသည်တို့ကို ဖော်ထုတ်သွားရန်ဖြစ်သည်။ လတ်တလောအကြောင်းနှင့် စပ်လျဉ်း၍ သာဓကတခုကို ပြပါမည်။ ၁၉၉၄ ခုနှစ်၌ ရ၀မ်ဒါနိုင်ငံတွင် ဟူတူများက တူစီ လူနည်းစုများအား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြသည့် အချိန်တွင် ဟူတူအစိုးရသည် သတင်းစာ၊ ဂျာနယ်၊ ရေဒီယို စသည်များမှ နေ၍ ဟူတူလူထုက တူစီများအပေါ် လူမျိုးရေးအရ မုန်းတီးမှုများ တက်ကြွလာစေရန် စနစ်တကျ လှုံ့ဆော်ခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ ဦးသိန်းစိန်ကိုယ်တိုင် အောက်ပါ အတိုင်း ပြောဆိုသွားခဲ့သည်ကို လေ့လာပါ။
“ပြည်တွင်းမီဒီယာတွေဟာ ပြဿနာအစတုန်းက လူမျိုးရေးစိတ်ဓာတ်နဲ့ အတော် ကလေး ရေးကြတယ်။ နောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေ သိလာတယ်။ အမြင်ပြောင်းလာတယ်။ လူသားချင်းအမြင်နဲ့ မြင်ရမယ်။ လူ့အခွင့်အရေးကို ထိခိုက်လို့မရဘူး ဆိုတဲ့ အမြင်တွေ ရှိလာတယ်။”
ဦးသိန်းစိန်၏ စကားလုံးအရ ပြည်တွင်းမီဒီယာ ဆိုရာ၌ ပုဂ္ဂလိက မီဒီယာများနှင့် နိုင်ငံပိုင် မီဒီယာများကို ခွဲခြားလေ့လာရန်လိုပါသည်။ မြန်မာ့အလင်းနှင့် ကြေးမုံတို့သည် နိုင်ငံပိုင်မီဒီယာများ ဖြစ်သည်။ ကြေးမုံသတင်းစာပါ ရေးသားချက်ကို စာရေးသူ ထောက်ပြခဲ့ပြီးပါပြီ။ အဓိကရုဏ်းကြီး မဖြစ်မီ၊ ဖြစ်စနှင့် ဖြစ်နေစဉ် တ၀ိုက်၌ နိုင်ငံပိုင်သတင်းစာနှင့် ရေဒီယိုများက လှုံ့ဆော်သည့်သဘောဆောင်သော ရေးသားတင်ပြ ထုတ်လွှင့်ချက်မှန်သမျှ အားလုံးအတွက် စစ်အစိုးရတွင် တာဝန်ရှိပါသည်။ ဦးသိန်းစိန်က မီဒီယာဟူသော စကားလုံးကို လုံးထွေးသုံးပြီး အစိုးရပိုင်မီဒီယာနှင့် စပ်လျဉ်း၍ပါ ၄င်းနှင့် မဆိုင်သလိုလို တင်ပြသွားသည်ကို လက်မခံနိုင်ပါ။ အဓိကရုဏ်းကြီးအတွင်း ဘက်တဘက်ဘက်မှ လူထု ပိုမို သွေးကြွလာစေရန် ပြောဆိုကြသော အာဏာပိုင်များ၊ ၄င်းတို့နှင့် နီးစပ်သူများတွင်လည်း တာဝန်ရှိပါသည်။
အမှန်တရား ဖော်ထုတ်ရေးလုပ်ငန်းမှာ လူမျိုး၊ ဘာသာ၊ လူမှုရေးဇာစ်မြစ် စသည်တို့မခွဲခြားဘဲ လူထုတရပ်လုံးပါဝင်မှသာ အောင်မြင်နိုင်ခြေရှိပါသည်။ သို့ရာတွင် လူထုကိုယ်တိုင်သည် တဘက်စွန်းရောက် အစွဲအခံများနှင့် အရာကိစ္စများအပေါ် ချည်းကပ်၊ လေ့လာ၊ သုံးသပ်မည်ဆိုလျှင်မူ အမှန်တရားသည် မည်သည့်အခါတွင်မျှ ပေါ်ထွက်လာမည်မဟုတ်ပါ။ အစွဲကင်းကင်း အရှိကိုအရှိအတိုင်း သိမြင်နိုင်၊ သုံးသပ်နိုင်မှသာ အမှန်တရား ပေါ်ထွက်လာပါမည်။ ပေါ်ထွက်လာသည့် အမှန်တရားများအပေါ် အခြေခံလျက် ထိုက်သည့်အားလျော်စွာ အရေးယူဆောင်ရွက်မှုများ ရှိလာနိုင်သည်။ သို့မှသာ စစ်မှန်သည့် ဥပဒေစိုးမိုးရေး အခြေခံကို တစုံတရာ တည်ဆောက်ရာ ရောက်ပါမည်။ အကျိုးဆက်အနေဖြင့် ရေရှည်တွင် သာယာလှပပြီး တည်ငြိမ်၊ ငြိမ်းချမ်း၊ တိုးတက်သည့် ရခိုင်ပြည်နယ်ကြီး ပေါ်ပေါက်လာစေရန် ရည်သန်မျှော်မှန်းပါသည်။

No comments:

Post a Comment