Wednesday 22 August 2012

အင်ဒို ဒု-သမ္မတဟောင်း ရခိုင်ပြည် နယ်အရေး လာဦးမည်

အင်ဒိုနီးရှားနိုင်ငံ ဒုတိယ သမ္မတဟောင်း ဂျူဆုဖ် ကာလာ Jusuf Kalla သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူထုအဖွဲ့ပဋိပက္ခများနှင့်ပတ်သက်၍ အကူအညီပေးရန် အထူးကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံသို့ စက်တင်္ဘာလ အတွင်း ထပ်မံလာရောက်မည် ဖြစ်သည်။
 သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို Susilo Bambang Yudhoyono ၏ တာဝန်ပေးမှုအရ ဂျူဆုဖ် ကာလာ အနေနှင့် ရခိုင်ပြည်နယ်အရေး အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ စက်တင်္ဘာလ ၈ ရက်နေ့တွင် လာရောက် မည်ဖြစ်သည်။
 ဂျူဆုဖ် ကာလာ သည် သြဂုတ်လ ၁ဝ ရက်နေ့ကလည်း မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ရခိုင်ပြည်နယ်အရေး တွေ့ဆုံ ဆွေးနွေးခဲ့ဖူးပြီး ထိုစဉ်က OIC ၏ ကိုယ်စားလှယ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ် ပြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းများသို့ OIC ၏ ‘အရေးပေါ် အကူအညီ’များ ပေးအပ်နိုင် ရန် ဆောင်ရွက်ခဲ့ ဖူးသည်။
 “ပုဂ္ဂိုလ်ရေး ပဋိပက္ခ အသွင်ဖြင့် စတင်ခဲ့ပြီးနောက် နိုင်ငံရေး ပဋိပက္ခအသွင် ဆောင်လာကာ နောက်ပိုင်း တွင် လူမျိုးရေး ပဋိပက္ခအသွင် ပြောင်းသွားခဲ့ပြီး (နောက်ဆုံးတွင်) ဘာသာရေး ပဋိပက္ခတခု ဖြစ်လာ လိမ့်မည်” ဟု ဂျူဆုဖ် ကာလာ က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ၎င်း၏ ထင်မြင်ချက်ကို ရေဒီယို သြစတြေးလျသို့ပြောဆိုခဲ့သည်။
 မြန်မာ အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်္ဂါနေ့ ထုတ်ပြန်ချက်တွင် “ အဆိုပါ အကြမ်းဖက်မှုများမှာ မတူကွဲပြားကြ သည့် ဘာသာ(၂)ခု အကြား ဖြစ်ပွားသော ပဋိပက္ခ မဟုတ်သလို၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာ လည်း မဟုတ်ကြောင်း” ဖော်ပြပါရှိပြီး “ပြည်နယ်တစ်ခုအတွင်း လူ့အဖွဲ့အစည်း အစိတ်အပိုင်းနှစ်ရပ်အကြား ရာဇဝတ်မှု တခုကို အကြောင်းပြု၍ နောက်ဆက်တွဲ ဖြစ် ပွားသော အကြမ်းဖက်မှုများသာ ဖြစ်သည်” ဟု သုံးသပ်ထားသည်ကို ဗုဒ္ဓဟူးနေ့ထုတ် နိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြပါရှိသည်။။
 အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ အပါအဝင် နိုင်ငံတကာ များနှင့် ကုလသမဂ္ဂ လူသားချင်း စာနာ အကူအညီပေးရေး အဖွဲ့များကို ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် ၇ဝ,ဝဝဝ ခန့်အတွက် အကူအညီ များ ပေးခွင့် ပြုထားသည်။
 သို့သော် ထိုသို့ နိုင်ငံတကာ INGO များနှင့် ကုလအဖွဲ့များ၏ ရခိုင်တိုင်းရင်းသားများအပေါ် ခွဲခြားဆက်ဆံမှု များနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ရခိုင်တိုင်းရင်းသားများက ကန့်ကွက် ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ကြသည်။
 ရခိုင်ပြည်နယ်အတွင်းသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား၊ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသ မစ္စတာ ကွင်တားနား၊ တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အာမတ်ဒါဂူတိုဂလူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ OIC ကိုယ်စားလှယ်အဖွဲ့နှင့် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ဂျူဆုဖ် ကာလာ တို့အား အစိုးရက တရားဝင် သွားရောက်လေ့လာခွင့် ပြုခဲ့ပြီး လာရောက်ရန် အဆိုပြုထားသည့် OIC အတွင်းရေးမှူးချုပ် အားလည်း ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

No comments:

Post a Comment