Wednesday 8 August 2012

အာရှအသင်းများအား အနိုင်ယူ၍ ဗိုလ်လုပွဲတက်သည့် မက္ကဆီကိုနှင့် ဘရာဇီး

အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲစဉ် များ အဖြစ် မက္ကဆီကိုနှင့် ဂျပန်၊ ဘရာဇီး နှင့် ကိုးရီးယား အသင်းများ ထိပ်တိုက် ယှဉ်ပြိုင် ကစားခဲ့ကြရာ တွင် ဘရာဇီး နှင့် မက္ကဆီကို အသင်းတို့ ဗိုလ်လုပွဲသို့  တက်ရောက် သွားခဲ့ကြ သည်။
မက္ကဆီကို ၃-၁ ဂျပန်
လန်ဒန်ရှိ ဝင်ဘလေ ကွင်းတွင် ကစားခဲ့သော ယခု ပွဲတွင် ဂျပန် အသင်းသည် ဦးဆောင်ဂိုး တစ်ဂိုး ရရှိ ခဲ့သော်လည်း နောက်တန်း အမှားများနှင့် အတူ မက္ကဆီကို အား ဂိုးပြတ် ရှုံးနိမ့်ခဲ့ရ သည်။ မက္ကဆီကို အသင်းတွင် အဓိက ကစားသမား များ ဖြစ်သည့် ဒေါ့ဆန်းတို့စ်၊ပါရယ်လ်တာ၊ အန်းနရစ်၊ ဖာဘီယန် အစရှိသူတို့ ပါဝင် ခဲ့ပြီး ဂျပန် အသင်းတွင်တော့ နာဂိုင်၊ ယူကီအော့ဆူ၊ ကီယိုတာကေး၊ ယူချီဒါ တို့ လူစုံ ပါဝင် ခဲ့သည်။

ဂိုးစောစော ရလေ့ ရှိသည့် ဂျပန် အသင်း၏ ထုံးစံ အတိုင်း ပွဲအစ ၁၂ မိနစ် မှာပင် မက္ကဆီကို ဂိုးပေါက် ထဲသို့ လှလှ ပပ အဆုံးသတ်နိုင် ခဲ့ပြီး ဦးဆောင်ဂိုး ရရှိ ခဲ့သည်။ ယင်းဂိုး ကိုတော့ ပွဲဦး ထွက် စပိန် အသင်းကို အနိုင် ရစဉ်က တစ်လုံးတည်း ဂိုးကို သွင်းယူ ပေးခဲ့သော ကျောနံပါတ် ၇ ဝတ် ယူကီ ဆော့ကူ ပင် ဖြစ်သည်။ အတိုပေး တွဲလုံးများဖြင့် တိုက်စစ် ဆင် လာခဲ့ပြီး ဟီဂါချီ ၏ ဖန်တီးမှုကို ကော့ဆူ ဂိုးဧရိယာ ထိပ်တွင် လက်ခံရရှိ သည်နှင့်  ဆက်တိုက် အပြင်း ကန်သွင်းခဲ့ခြင်း ဖြစ်ပြီး လှလှပပ ဂိုးဝင် သွားခဲ့သည်။
ပွဲစဉ် ၃၁ မိနစ်တွင်တော့ မက္ကဆီကို အသင်း ပြန်လည် ခြေပ နိုင် ခဲ့ပြီး အင်းနရစ် ကန်တင်ပေးသည့် ထောင့်ကန်ဘော ကို တိုက်စစ်မှုး ဖာဘီယန် အမှတ်မထင် အဆုံးသတ်နိုင် ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် လက်ကျန် ပထမပိုင်း မိနစ် များတွင် နှစ်ဖက် အသင်း နှစ်သင်းလုံး တိုက်စစ်ဆင် ကစားခဲ့သော်လည်း ဆက်လက် ဂိုးမသွင်း နိုင် ခဲ့ချေ။
ဒုတိယပိုင်း ပြန်လည် စတင် ရာတွင် မက္ကဆီကို အသင်းဘက်မှ ဒေါ့ဆန်းတို့စ် ကို လူစား လဲခဲ့သည်။ ပွဲချိန် ၆၅ မိနစ်တွင် မက္ကဆီကို အသင်း ဦးဆောင်ဂိုး ရရှိခဲ့ပြီး ပွဲကိုဦးဆောင် လာနိုင် ခဲ့သည်။ ယင်းဂိုး ကိုတော့ ဂျပန် ကွင်းလယ်လူ အမှားနှင့် အတူ ပါရယ်လ်တာ ရရှိ သွားခဲ့ခြင်း ဖြစ်ပြီး အဝေးမှ အပြင်း ကန်သွင်းယူ ခဲ့ခြင်း ဖြစ်သည်။ ယခု ဂိုးအတွက် တာဝန် ရှိသူမှာ ဂိုးသမား ပေးခဲ့သည့် ဘောလုံးကို အသေအချာ မထိန်းနိုင် ခဲ့သည့် ဂျပန် ကွင်းလယ်လူ ဖြစ်ပြီး ယခုလို ဂိုးသမား အဆင်သင့် မဖြစ်ခင် ဂိုးသွင်းယူ ခံခဲ့ရခြင်း ဖြစ်သည်။
မက္ကဆီကို အသင်း၏ ဦးဆောင်မှုကြောင့် ဂျပန် အသင်း တိုက်စစ်ကို အားပြု ကစားလာ ခဲ့သော်လည်း ဂိုးမရရှိ ခဲ့ချေ။ ပွဲချိန် ပြီးဆုံးရန် နောက်ဆုံးမိနစ် အရောက် ပွဲချိန် အပိုဆောင်း ၃ မိနစ်တွင်တော့ မက္ကဆီကို အသင်း ဗိုလ်လုပွဲ တက်ရောက်စေရန် သေချာစေမည့် တတိယ ဂိုးအား တန်ပြန် တိုက်စစ်မှ တဆင့် သွင်းယူနိုင် ခဲ့သည်။ ယင်းသည်လည်း ပေါ့ဆ သည့် ဂျပန် နောက်ခံလူ၏ ဖြတ်ထုတ်မှု ဖြစ်ပြီး ပါရယ်လ်တာ နှင့် ကော့ချက်စ် တို့ ဝမ်းတူး ကစား၍ ရရှိ လာသည့် အခွင့်အရေးကို ကော့ချက်စ် လှလှပပ သွင်းယူနိုင် ခဲ့ခြင်း ဖြစ်သည်။
ဘရာဇီးလ် ၃-၀ ကိုးရီးယား
မန်ချက်စတာယူနိုက်တက်၏ အိမ်ကွင်း အိုးထရတ်ဖို့ဒ်တွင် ကစားခဲ့ကြသည့် ဘရာဇီး နှင့် ကိုးရီးယား တို့၏ အိုလံပစ် အကြိုဗိုလ်လုပွဲ တွင်တော့ ဘရာဇီး အသင်းမှ ခြေအသာဖြင့် ကစားနိုင်ခဲ့ သလို ဂိုးပြတ် အနိုင် ရရှိ ခဲ့သည်။ ကိုးရီးယား အသင်းတွင် တိုက်စစ်မှုး ပက်ချုယောင် အစား ကင်ဆန်ဟွန်း ဝင်ရောက် ကစားခဲ့သည်က လွဲပြီး လူစာရင်း အပြောင်းအလဲ မရှိခဲ့ ဘရာဇီး အသင်းတွင်လည်း ကွာတား ဖိုင်နယ် ပွဲစဉ် ကဲ့သို့ပင် နးမာ၊ ဒါမီရို၊ အော်စကာ တို့ဖြင့်ပင် လူစာရင်း ထုတ်လာ ခဲ့သည်။
ယနေ့ပွဲ အစတွင် အနည်းငယ် ကစားပုံ အေးနေပြီး ပွဲချိန် နာရီဝက် ကျော်ထိ ဂိုးပေါက် ရှာမတွေ့ခဲ့ကြချေ။ ပွဲချိန် ၃၈ မိနစ်တွင်မှ ဘရာဇီး အသင်း ကွင်းလယ်လူ ရိုမူလူ ယခုပွဲ၏ ဦးဆောင်ဂိုး ကို အော်စကာ ၏ ဖန်တီးမှု မှ တဆင့် အဆုံးသတ် နိုင် ခဲ့ပြီး ကိုးရီးယား အသင်းအား ဖိအား ပေးနိုင် ခဲ့သည်။ တန်ပြန် တိုက်စစ်မှ တဆင့် နေးမာနှင့် အော်စကာ တို့ အပေးအယူ စိတ်စိတ် ဖြင့် ဘောလုံး သယ်ယူ လာခဲ့ပြီး လိုက်ပါလာသော ရိုမူလူ ၏ ပြေးလမ်းကြောင်း ထဲသို့ အော်စကာ ကပင် ဖန်တီးပေး ပို့ခဲ့ခြင်းဖြစ်သည်။
ယင်း ရလဒ်ဖြင့်ပင် ပထမပိုင်း ပွဲချိန် ပြီးဆုံး ခဲ့ပြီး ပွဲ ပြန်လည် စတင် ခဲ့ရာ ပွဲချိန် ၅၇ မိနစ်တွင် ဘရာဇီး အသင်း ထပ်မံ ဦးဆောင်ဂိုး သွင်းယူနိုင် ခဲ့ပြန် သည်။ ယင်းဂိုးကိုတော့ ယခုပွဲတွင် ထိပ်တန်း ခြေစွမ်း ပြနေသည့် နေးမာ၏ ဖန်တီးမှု မှ တဆင့် တိုက်စစ်မှုး ဒါမီရို အပိုင် ကန်သွင်းခွင့် ရရှိ ခဲ့ခြင်း ဖြစ်သည်။ တိုက်စစ် လိုက်ပါလာသည့် မာဆယ်လို နှင့် နေးမာ အပေးအယူ လုပ် ကစားခဲ့ပြီးနောက် ဂိုးဧရိယာ အထဲတွင် တစ်ဦးတည်း လွတ်နေသော ဒါမီရို ဆီသို့ ဖန်တီးပေးပို့ ဂိုးသွင်းယူ စေ ခဲ့ခြင်း ဖြစ်သည်။
ဘရာဇီး အသင်း ၏ အပိတ် ဂိုး တတိယအနိုင် ဂိုး ကိုလည်း တိုက်စစ်မှုး ဒါမီရိုက ပင် သွင်းယူ ခဲ့ခြင်း ဖြစ်သည်။ နေးမာနှင့် အော်စကာ အပေးအယူ ကစားကာ ဂိုးသွင်းရန် ကြိုးစားစဉ် နေးမာအား အော်စကာ ဖန်တီးပေးပို့မှု လူထိ ထွက် လာခဲ့ခြင်း ကို ဒါမီရို အမှတ်မထင် ပိတ်သွင်း ခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ ၆ဂိုးမြောက် အိုလံပစ် ဂိုး ဖြစ်စေ ခဲ့သည်။ ယခုဂိုး ကြောင့်ပင် ဒါမီရို သည် အိုလံပစ် ဂိုးသွင်း ဘုရင် ရပ်တည်မှုတွင် ဆီနီဂေါ ကွင်းလယ်လူ ကိုနာတီ ထက် တစ်ဂိုး သာခဲ့ပြီး ထိပ်ဆုံး တွင် ရပ်တည်နိုင် ခဲ့သည်။
ယခု ရလဒ်ကြောင် ဘရာဇီး အသင်းသည် တစ်ဖက် ပွဲစဉ်မှ ဂျပန် အသင်းအား အနိုင် ရရှိ ခဲ့သည့် မက္ကဆီကို အသင်းနှင့် ချန်ပီယံဆု လုရတော့မည် ဖြစ်သည်။

ref:myanmarstriker.com

No comments:

Post a Comment