Wednesday 8 August 2012

ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းရှင် ၅၀၀ ကျော်ပါဝင်မည့် ညီလာခံကြီး နေပြည်တော်တွင် ကျင်းပမည်

ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းရှင် ၅၀၀ ကျော် ပါဝင်တက်ရောက်လာမည့် နိုင်ငံတကာ စီးပွားရေးဆိုင်ရာ ညီလာခံကြီး တစ်ရပ်ကို နေပြည်တော်တွင် စက်တင်ဘာလ၌ ကျင်းပသွားရန် ရှိနေကြောင်း သိရပြီး ယင်းမှာ မြန်မာနိုင်ငံ၏ စီးပွားရေးညီလာခံများတွင် တက်ရောက်သူအများဆုံး စံချိန်တင်မည့် အခမ်းအနား ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။ 
အဆိုပါ ကွန်ဖရင့်ကို စီစဉ်နေသည့် Euro-money Institutional မှ သတင်းများအရ Euro-money ကွန်ဖရင့်ကို မြန်မာနိုင်ငံတွင် လာရောက်ကျင်းပရခြင်းမှာ အခက်အခဲဖြင့် ကြုံတွေ့နေရသော ယူရိုငွေကြေး၏ ပြဿနာကို အာရုံတစ်ဖက် လှည့်စေသောပုံစံဖြင့် ကမ္ဘာတစ်ဝန်းမှ စီးပွားရေး လုပ်ငန်းရှင်များ စိတ်ဝင်စားသည့် မြန်မာနိုင်ငံကို ရွေးချယ်ကြခြင်း ဖြစ်သည်ဟု သိရသည်။ 
 “ဟုတ်ပါတယ်။ နေပြည်တော် MICC မှာ စက်တင်ဘာလ ၁၁၊ ၁၂၊ ၁၃ မှာလုပ်မယ့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင် ၅၀၀ ကျော် ပါဝင်တဲ့ပွဲကို ဒီဘက်က ဧည့်ခံမှု ကောင်းမွန်စေဖို့ ပြင်ဆင်နေပါပြီ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှအဆင့်မြင့်အရာရှိတစ်ဦးကပြောကြားသည်။
ကွန်ဖရင့် ကျင်းပရန်အတွက် ဟောင်ကောင်အခြေစိုက် (Euro-money) က မြန်မာနိုင်ငံမှ ဝန်ကြီးဌာနများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များကိုလည်း ကြိုတင်ဖိတ်ကြား ဆွေးနွေးထားမှုများ ပြုလုပ်ထားသည်ဟု သိရသည်။ 
 
“Euro-money မန်နေဂျာက ကျွန်တော်တို့နဲ့ လာပြီးတော့ ဆွေးနွေးပါတယ်။ သူတို့က လူအင်အား ၅၀၀ စာအတွက် သယ်ယူပို့ဆောင်ရေး လုပ်ပေးစေချင်တယ်။ အနည်းဆုံး အဆင့်မြင့်ကားကြီး ၁၂ စီးလောက် အကူအညီတောင်းတယ်။ ကျွန်တော်တို့က ခြောက်စီးပဲ ပေးနိုင်ပါတယ်လို့ အားနာနာနဲ့ ပြောလိုက်ရတယ်။ ကျွန်တော်တို့က ပြည်တွင်းမှာသာ နာမည်ကြီးနေတာပါ။ နိုင်ငံတကာနဲ့လည်း ယှဉ်ရော ခုဖြစ်ပုံအတိုင်းပဲ ကြည့်လေ” ဟု JJ Express မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ၎င်းတို့၏ ဆွေးနွေးခဲ့မှုကို ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment