Monday 30 July 2012

နာမကျန်းဖြစ်သည့် ကလေးသူငယ်များအတွက် ငွေလှူဒါန်းရန်တိုက်တွန်းသည့် Facebook virus ကို လုံခြုံရေးပညာရှင်များ ရှာဖွေတွေ့ရှိ

ဆိုက်ဘာဒုစရိုက်သမားများသည် နာမကျန်းဖြစ်နေသည့် ကလေးသူငယ်များအတွက် ငွေလှူဒါန်းရန် တိုက်တွန်းထားသည့် malware အမျိုးအစားတစ်ခုကိုဖန်တီးကာ Facebook တွင်ထည့်သွင်းပြီး လိမ်လည် လှည့်ဖြားလျက်ရှိကြောင်း လုံခြုံရေးပညာရှင်များက သတိပေးပြောကြားခဲ့သည်။ အဆိုပါ ဆိုက်ဘာဒုစရိုက် သမားများ၏ ရည်မှန်းချက်မှာ Facebook အသုံးပြုသူများ၏ ကိုယ်ရေးအချက် အလက်များ (အထူးသဖြင့် အကြွေးဝယ်ကတ်နံပါတ်များ) ကိုရယူရန်အတွက် ဖြစ်ကြောင်းသိရသည်။




လုံခြုံရေးပညာရှင်များ ရှာဖွေတွေ့ရှိခဲ့သည့် malware အမျိုးအစားသစ်မှာ Citadel malware ဖြစ်ပြီး ၎င်းကို Facebook ဝက်ဘ်စာမျက်နှာများတွင် ထည့်သွင်းကာ နာမကျန်းဖြစ်နေသည့် ကလေးသူငယ်များအတွက် ငွေလှူဒါန်းမှုပြုလုပ်စေ ရန် တောင်းဆိုခြင်းဖြစ်သည်။ ကွန်ပျူတာတွင် အဆိုပါ malware ကူးစက်ခံရသည့်အခါ ၎င်းသည် Facebook session တွင် အလိုအလျောက် လျင်မြန်စွာ ထည့်သွင်းပြီး အသုံးပြုသူမှ Facebook account တွင် log in ပြုလုပ်သည့်အခါ Citadel malware က လူသားချင်းစာနာသည့် အထောက်အပံ့ လိုအပ်သော ကလေးသူငယ်များအတွက် ၁ ဒေါ်လာ လှူဒါန်းရန် အဓိပ္ပာယ်ရသည့် စာတမ်းပါဝင်သည့် pop up ပေါ်လာမည်ဖြစ်သည်။ ထို့နောက်တွင် အသုံးပြုသူ၏ နာမည်၊ အကြွေးဝယ်ကတ် နံပါတ်၊ သက်တမ်းကုန်မည့် နေ့ နှင့် လုံခြုံရေး password တို့ကို တောင်းခံမည်ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုသည် အသုံးပြုသူများ၏ နိုင်ငံနှင့် ဘာသာစကားအပေါ်မူတည်ကာ ကွဲပြားခြားနားသည့် text scam ဖြင့်ပြုလုပ်နိုင်ကြောင်း၊ လိမ်လည်သူများသည် hopeforthepoorchildren.org, fundcauses.com, lwbspain.blogspot.ca နှင့် childfund.de စသည့် ဒိုမိန်းများကို အသုံးပြုကာ အင်္ဂလိပ်၊ အီတလီ၊ စပိန်၊ ဂျာမန်၊ ဒတ်ခ်ျ စသည့် ဘာသာစကားငါးမျိုးဖြင့် လိမ်လည်မှုပြုလုပ်ကြကြောင်း ကွန်ပျူတာလုံခြုံရေးကုမ္ပဏီ Trusteer မှပြောကြားခဲ့သည်။

Ref: ZDNet Asia , IJ

No comments:

Post a Comment