Monday 30 July 2012

သတင်းစာထုတ်ဝေခွင့်နှင့် သတင်းဆိုင်ရာ ရုပ်သံလိုင်း လုပ်ကိုင်ခွင့်ရရှိရန် EMG တရားဝင် လျှောက်ထားမည်



သတင်းစာထုတ်ဝေခွင့်နှင့် သတင်းဆိုင်ရာ ရုပ်သံလိုင်း လုပ်ကိုင်ခွင့် ရရှိရန်အတွက် Eleven Media Group (EMG)မှ ပြန်ကြားရေးဝန်ကြီးဌာနသို့ တရားဝင်လျှောက်ထားမည်ဖြစ်ကြောင်း သိရှိရပါသည်။

''ရှိပြီးသား ဥပဒေတွေနဲ့ ထုတ်နိုင်အောင်တင်ပြမှာပါ။ ၁၉၆၂ ဥပဒေနဲ့လည်း သတင်းစာထုတ်လို့ ရတာပဲလေ။ဒီမိုကရေစီအစိုးရဖြစ်တာ တစ်နှစ်ကျော်ပြီ။ အခုအခြေအနေက ပုဂ္ဂလိကသတင်းစာ မရှိ၊
 ပုဂ္ဂလိက သတင်းရုပ်သံလိုင်းမရှိနဲ့ ဒီမိုကရေစီနဲ့ လျော်ညီတဲ့ သတင်းမီဒီယာဖွံ့ဖြိုးမှု မရှိသေးဘူး။ ဒါကြောင့် တရားဝင် လုပ်ခွင့်ရအောင် လျှောက်ထားမှာပါ''ဟု Eleven Media Group (EMG) မှ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ကြေးမုံ၊ မြန်မာ့အလင်း၊ New Light of Myanmar ၊ မြ၀တီ၊ ရတနာပုံ၊ မန္တလေးနေ့စဉ်နှင့် မြို့တော် အစရှိသည့် သတင်းစာများ ထွက်ရှိနေပြီး အဆိုပါသတင်းစာများမှာ
 ပြန်ကြားရေး ၀န်ကြီးဌာနနှင့် အစိုးရပိုင် များသာဖြစ်ပြီး ပုဂ္ဂလိကသတင်းစာ ထုတ်ဝေမှုမှာ လုံးဝမရှိသေးသည့် အခြေအနေဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မီဒီယာဥပဒေ ထွက်ရှိပြီးမှ ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်များကို ခွင့်ပြုသွားမည်ဟုဆိုသော်လည်း မီဒီယာ ဥပဒေကို အတည်ပြုပြဋ္ဌာန်းရန်မှာ ယခုနှစ်ဝက်ကျော်သည့်အချိန်အထိ မရေရာသည့် အနေအထားတွင် ရှိနေဆဲဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ရုပ်သံထုတ်လွှင့်မှုအပိုင်းကို ၁၉၈၀ ပြည့်နှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ စတင်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် မြ၀တီရုပ်မြင်သံကြားနှင့် ၂၀၀၁ ခုနှစ်တွင် MRTV-3 ရုပ်သံလိုင်းတို့ စတင်ထုတ်လွှင်ခဲ့ပါ သည်။ ၂၀၀၄ ခုနှစ်တွင် MRTV-4 ရုပ်သံလိုင်းကို ထုတ်လွှင့်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၌ Myanmar International ရုပ်သံလိုင်းကို ထုတ်လွှင့်ခဲ့ပါသည်။

ပြည်တွင်း ရုပ်သံထုတ်လွှင့်မှုအတွက် ပုဂ္ဂလိကမှ ပထမဆုံးအနေဖြင့် ၂၀၀၅ ခုနှစ်တွင် Forever Group (Family Entertainment) သို့ လုပ်ကိုင်ခွင့်ပေးခဲ့ပြီး 5 Movies အစရှိသော MRTV-4 နှင့်ဆက်စပ် ရုပ်သံလိုင်းများ ကို ထုတ်လွှင့်ခဲ့ပါသည်။ ၂၀၁၀ပြည့်နှစ် ဒီဇင်ဘာလတွင် ရွှေသံလွင်ကုမ္ပဏီမှ Sky Net အခပေး ရုပ်သံလိုင်းသစ် ၃၈ လိုင်းကို စတင် ထုတ်လွှင့်ခဲ့သည်။ လက်ရှိအချိန်တွင် MRTV-4 ရုပ်သံလိုင်းမှာ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် တွဲဖက်လုပ်ကိုင်လျက်ရှိသော ဖျော်ဖြေရေး ဦးစားပေး ရုပ်သံလိုင်းဖြစ်ပါသည်။ ထို့အတူ SkyNet Up To Date ရုပ်သံလိုင်းမှာ သတင်းရုပ်သံလိုင်းဟု
 ယေဘုယျအားဖြင့် ခေါ်ဆိုနိုင်သော်လည်း ပုဂ္ဂလိက သီးခြား သတင်းရုပ်သံလိုင်းအဖြစ် ရပ်တည်နေခြင်း မဟုတ်ဘဲ အခြား ဖျော်ဖြေရေးလိုင်းများနှင့် ချိတ်ဆက်ထုတ်လွှင့်နေခြင်း ဖြစ်သည်။

Eleven Media Group သည် ၂၀၀၀ ပြည့်နှစ် ဇွန်လတွင် စတင်ထူထောင်ခဲ့သော ပုဂ္ဂလိက မီဒီယာတစ်ခုဖြစ်ပြီး First Eleven Sports ဂျာနယ်ကို စတင်ထုတ်ဝေခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် Premier Eleven Sports ဂျာနယ်ကို ထုတ်ဝေခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် Weekly Eleven News ဂျာနယ်ကို ထုတ်ဝေခဲ့ကာ ၂၀၀၈ ခုနှစ်တွင် International Eleven ဂျာနယ်ကို Bi Weekly Eleven News ဂျာနယ်အဖြစ် အမည်ပြောင်းလဲ ထုတ်ဝေခဲ့ပါသည်။ Eleven Media Group အနေဖြင့် ၂၀၁၂ခုနှစ် မေလအတွင်းက ထိုင်းနိုင်ငံမှ ထိပ်တန်းမီဒီယာတစ်ခုဖြစ်သော Nation Multimedia Group နှင့် မီဒီယာကိစ္စရပ်များ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ
 ရေးထိုးထားပါသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ခု နှစ်တွင် World Economic Forum အပါအ၀င် အခြားသော နိုင်ငံတကာ ဆွေးနွေးပွဲများနှင့် (၂၇)ကြိမ် မြောက်အရှေ့တောင်အာရှ အားကစားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌရာထူးကို တာ ၀န်ယူမည်ဖြစ်သည့်အတွက် အဆိုပါ တာဝန်များနှင့် လိုက်လျောညီထွေဖြစ်ရန်နှင့် ဒီမိုကရေစီ အင်္ဂါရပ်များ ပြည့်စုံရန်အတွက် ပုဂ္ဂလိကသတင်းစာများနှင့် ပုဂ္ဂလိက သီးခြား သတင်းရုပ်သံလိုင်းများ ပေါ်ထွက်ရန်မှာ လိုအပ်လာမည် ဖြစ်ပါသည်။
 
 

No comments:

Post a Comment