Wednesday 9 September 2015

ပြည်ခိုင်ဖြိုးပါတီက သမ္မတဦးသိန်းစိန် ဓာတ်ပုံဖြင့် မဲဆွယ်စည်းရုံးမှု စတင်

 ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို စက်တင်ဘာ ၈ ရက်မှ စတင်ခွင့်ပြုထားရာ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးအချို့၌ အထွေထွေအောင်နိုင်ရေး ဆိုင်းဘုတ်တင် အခမ်းအနားများ ပြုလုပ်ခဲ့ရာ သမ္မတဦးသိန်းစိန် ဓာတ်ပုံဖြင့် မဲဆွယ်စည်းရုံးမှု စတင်ခဲ့ကြောင်း  သတင်းရရှိသည်။
 ဆရာစံလမ်းနှင့် အနောက်မြင်းပြိုင်ကွင်းလမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးရုံး၌  စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက အထွေထွေအောင်နိုင်ရေး ဆိုင်းဘုတ်တင် အခမ်းအနားပြုလုပ်ရာ အောင်နိုင်ရေး ဆိုင်းဘုတ်တွင် သမ္မတဦးသိန်းစိန်ဓာတ်ပုံနှင့် ပြည်ခိုင်ဖြိုးပါတီအလံကို ယှဉ်တွဲဖော်ပြကာ “ပြည်သူတို့၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်အောင်  ဆက်လက်ကြိုးပမ်း ဆောင်ရွက်မည်”ဆိုသည့် ဆောင်ပုဒ်ပါရှိသည်ကို တွေ့ရသည်။

 ထို့အတူ ရှမ်းပြည်နယ် ကလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားတွင်လည်း အောင်နိုင်ရေးဆိုင်းဘုတ်တွင် သမ္မတဦးသိန်းစိန်ဓာတ်ပုံဖြင့် မဲဆွယ်စည်းရုံးမှု စတင်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးဆိုင်းဘုတ်တွင် ပါဝင်သည့် ဆောင်ပုဒ်နှင့်ပတ်သက်၍  ပြည်သူများ၏ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းက  ပြောကြားသည်။

“အဓိကကတော့ တို့နိုင်ငံမှာ ဘာလိုအပ်ချက်တွေ ရှိနေလဲဆိုလို့ရှိရင် တို့တွေက သူများနိုင်ငံတွေထက် နောက်ကျကျန်နေခဲ့တာ ရှင်းပါတယ်။ ဒါကို ခြုံငုံပြီးပြောတဲ့ စကားလုံးက ဘာလို့လဲဆိုရင် ပြည်သူများ၏ လူမှုဘ၀ဖွံ့ဖြိုး တိုးတက်ဖို့။ လူမှုဘ၀ဆိုတာ ဘာလဲဆိုတော့ တို့ဘ၀ကြီးတစ်ခုလုံး၊ တို့မိသားစုတစ်ခုလုံး၊ လူတစ်ဦးချင်းစီရဲ့ ဘ၀ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ  အကုန်လုံး ပါတယ်။ တို့တွေ တစ်နေ့တာဘ၀ ကြိုးစားနေတာတွေက တို့တွေရဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ မိသားစုဘ၀ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ ပစ္စည်းဥစ္စာတွေ ကြွယ်ဝဖို့အတွက်ပါ။ အဲဒါတွေကို ရည်ရွယ်ပြီး ရေးထားတာပါ” ဟု ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရေးမှူး ဦးသာဝင်းက ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုတစ်ဝန်းလုံးရှိ  မြို့နယ် ၃၃၀ အတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် နေရာ ၃၃၀၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နေရာ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်မဲဆန္ဒ နယ် ၆၄၄ နေရာနှင့် တိုင်းရင်းသားလူမျိုး မဲ ဆန္ဒနယ် ၂၉ နယ် စုစုပေါင်းတစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ် ၁၁၇၁ နေရာရှိရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ကိုယ်စားလှယ်လောင်း ၁၁၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဒုတိယသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များသည်  ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အမည်စာရင်း တင်သွင်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားချက်အရ သိရသည်။
eleven

No comments:

Post a Comment