Wednesday 9 September 2015

ရေဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရ၏ ဘတ်ဂျက်၊ ပုဂ္ဂလိကကဏ္ဍမှ ကောက်ခံရရှိသည့် ငွေကြေးများသည် လုံလောက်မှုမရှိသဖြင့် နိုင်ငံတကာမှ ချေးငွေရယူသွားမည်ဟု သမ္မတ၏အကြံပေး ပြောကြား


ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရ၏ ဘတ်ဂျက်၊ ပုဂ္ဂလိကကဏ္ဍမှ ကောက်ခံရရှိသည့် ငွေကြေးများသည် လုံလောက်မှုမရှိသဖြင့် နိုင်ငံတကာမှ ချေးငွေရယူသွားမည်ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက စက်တင်ဘာ ၈ ရက် ကပြုလုပ်သည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ပြန်လည်ထူထောင်ရေးဖိုရမ်တွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

 “ပြန်လည်ထူထောင်ရေး လုပ်တဲ့နေရာမှာ အရင်းအမြစ်တွေများစွာ လိုအပ်မှာဖြစ်ပါတယ်။ အရင်းအမြစ်တွေကို ကျွန်တော်တို့ စနစ်တကျ စီမံခန့်ခွဲဖို့ဆိုရင် နိုင်ငံတော်အစိုးရက နေပြီးတော့ လုပ်နိုင်တဲ့ ဘတ်ဂျက်ပြီးရင် ပုဂ္ဂလိက ကဏ္ဍကနေ ကောက်ခံရရှိတဲ့ အလှူ ငွေတွေ ဒါနဲ့တင် မလုံလောက်ပဲနဲ့ နိုင်ငံတကာက ချေးငွေတွေရယူပြီးတော့ လုပ်သွားမယ့်အစီအစဉ်တွေလည်း ရှိပါတယ်။ အဲဒီတော့ ရှိပြီးသားချေးငွေအစီအစဉ်ကို ပြန်လည်သုံးသပ်ပြီးတော့ ဆောင်ရွက်ဖို့ဆိုတာလည်း စီစဉ်နေပါတယ်” ဟု ဒေါက်တာဇော်ဦးက ဆိုသည်။

“ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အားလုံးပါဝင်နိုင်အောင် ဖိုရမ်ဆိုတာကို ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံတော်အစိုးရဘက်ကလည်း ဦးဆောင် ဆောင်ရွက်နေတာရှိတယ်။ ပုဂ္ဂလိက ကဏ္ဍက ဆောင်ရွက်နေတာလည်း ရှိတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေတာရှိတယ်။ အားလုံးက ပါဝင်ဆွေးနွေးပြီး အကြံပြုနိုင်တဲ့ ဖိုရမ်ကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဖိုရမ်မျိုးကိုလည်း များစွာဆောင်ရွက်နိုင်ဖို့ လိုပါတယ်” ဟု ၎င်းကပြောကြားသည်။

ထို့ပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် စီမံကိန်းများနှင့် ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်များကို စုစည်းပြီး ပြန်လည်ထူထောင်ရေး စီမံကိန်းများကိုလည်း ရေးဆွဲသွားမည်ဖြစ်ကြောင်း ဒေါက်တာဇော်ဦးက ဆက်လက်ပြောကြားသည်။

“နိုင်ငံတော်မှာ ချမှတ်ထားတဲ့ စီမံကိန်းတွေ အခုလောလောဆယ်မှာဆိုရင် နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ပေါင်းဆက်ဆောင်ရွက်တဲ့ စီးပွားရေးလူမှုရေး ပြုပြင်ပြောင်းလဲရေးမူဘောင်ဆိုတာ ရှိပါတယ်။ အဲဒီပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနဲ့ ဆက်စပ်ပြီးတော့ပြီးရင် နိုင်ငံတော်မှာ ရေရှည်လုပ်သွားမယ်ဆိုတဲ့ အမျိုးသားဘက်စုံဖွံ့ဖြိုးရေးတွေလည်း ချမှတ်ထားတာရှိပါတယ် အဲဒီလို စီမံကိန်းတွေကို ဆက်စပ်ပြီးတော့ ပြန်လည်ထူထောင်ရေးအစီအစဉ်ကို စနစ်တကျ အချိတ်အဆက်မိ အောင်ရွက်နိုင်ဖို့လိုပါတယ်။ ဒီနေရာမှာ အစိုးရဦးဆောင် ဆောင်ရွက်မှုနဲ့ မလုံလောက်ပါဘူး ပုဂ္ဂလိကကဏ္ဍနဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေရဲ့ အမြင်၊ သူတို့ရဲ့ အကြံပြုချက်နားထောင်ရင်းနဲ့ ဒီအကြံပြုချက်တွေကို စုစည်းရင်းနဲ့ ပိုမိုပြည့်စုံတဲ့ ပြန်လည်ထူထောင်ရေးစီမံကိန်းတွေ ရေးဆွဲဖို့ဖြစ်ပါတယ်။ ဒီလိုရေးဆွဲနိုင်မှလည်း နိုင်ငံတကာအကူအညီကိုရ ယူနိုင်မှာ ဖြစ်ပါတယ်။

“စီးပွားရေးအရ ပျက်စီးဆုံးရှုံးမှုက များပါတယ်။ ဒီအတွက်ကြောင့် အကျိုးသက်ရောက်မှုကလည်း ပိုပြီးတော့ များနိုင်ပါတယ်။ ဒီအတွက်ကြောင့်လည်း နိုင်ငံတော်သမ္မတကြီးက ပိုမိုကောင်းမွန်တဲ့ ပြန်လည်ထူထောင်ရေးဖြစ်အောင် အခွင့်အလမ်းတစ်ရပ်အနေနဲ့ လုပ်ဖို့ဆိုတာကိုမြှာ ကားခဲ့တာဖြစ်ပါတယ်။ အကျိုးသက်ရောက်မှုတွေ များသော်လည်း အကျိုးသက်ရောက်မှုတွေကို ရေရှည်အောင်မြင်အောင် စနစ်တကျ ဖော်ထုတ်ဆောင်ရွက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်”ဟု သမ္မတ၏ စီးပွားရေးအကြံပေးက ရှင်းပြသည်။

“အဓိက ကတော့ နိုင်ငံတကာအကူအညီ အထောက်အပံတွေကို အမြန်ဆုံးပေးတာ၊ လက်ရှိဆောင်ရွက်ပြီးသား ကယ်ဆယ်ရေးလုပ်ငန်းတွေရဲ့ အောက်ခြေမှာ ၀ိုင်းပြီးလုပ်နေတာကို သူတို့အနေနဲ့ ဂုဏ်ယူအားပေးတဲ့ အနေနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ကိုပိုပြီးပေးလာတယ်” ဟု ဒေါက်တာဇော်ဦးက ဆိုသည်။
eleven

No comments:

Post a Comment