Wednesday 9 September 2015

အိမ်ထောင်ရေးဖောက်ပြန်သူတို့ရဲ့အကြောက်ဆုံးရန်သူ တစ်လင်တစ်မယားစနစ်


မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သော တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေအပေါ် ထောက်ခံသူများနှင့် ကွန့်ကွက်သူများပါ ရှိနေသည်။ဥပဒေများအကြောင်း ပြောခဲလှသော မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လွန်ခဲ့သော ရက်ပိုင်းအတွင်းက ပြဋ္ဌာန်းလိုက်သည့် ဥပဒေတစ်ခုအကြောင်း လူပြောများလှသည်။ မျိုးစောင့်ဥပဒေလေးခုအနက် နောက်ဆုံး ပြဋ္ဌာန်းလိုက်သော တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပင် ဖြစ်သည်။
‘‘ခုနစ်နှစ်နော် ခုနစ်နှစ်၊ ၁၀ နှစ် ၁၀ နှစ်’’ယခုရက်ပိုင်းအတွင်း အိမ်ထောင်ရှင် အမျိုးသားများအကြား ရေပန်းစားလှသော စကား ဖြစ်သည်။ နောက်ပြောင်ပြောဆို ခြင်းဖြစ်သော်လည်း သတိပေးသံ စွက်နေသည်။  ခုနစ်နှစ်၏ အဓိပ္ပာယ်မှာ အိမ်ထောင်သည်တစ်ဦးက (လင်ရော မယားပါ အကျုံးဝင်သည်)အိမ်ထောင်ရှိလျက် နောက်အိမ် ထောင်ပြုလျှင် ချမှတ်ခံရမည့် ပြစ်ဒဏ်ဖြစ်သည်။ အိမ်ထောင်ရှိ လျက် တရားဝင် နောက်အိမ် ထောင်ပြုခြင်းမဟုတ်ဘဲ တိတ် တိတ်ပုန်းလျှင်လည်း ခုနစ်နှစ်ဖြစ် ၏။

 ၁၀ နှစ်၏ အဓိပ္ပာယ်မှာ အိမ်ထောင်သည်တစ်ဦးက အိမ်ထောင်ရှိခြင်းကို ထိမ်ချန်ပြီး နောက်အိမ်ထောင်ပြုလျှင် ချမှတ် ခံရမည့်ပြစ်ဒဏ်ဖြစ်သည်။

‘‘ဒီနေ့ကစပြီး အိမ်ထောင် သည်လို့ နဖူးမှာ စာကပ်ထားရမယ်’’ဟု အိမ်ထောင်သည် ကိုဇေ ယျက ခပ်နောက်နောက် ပြော သည်။

ယင်းဥပဒေပုဒ်မ-၁၃ တွင် ထောင်ဒဏ် ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်သည် ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ ၁၈ တွင် တရားမကြောင်းအရ တရားစွဲဆို ပိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားပြန် ရာ အငြင်းပွားစရာများ ပါဝင်နေ ပြီး တစ်လင်တစ်မယားစနစ်ဥပ ဒေသည် ရဲအရေးပိုင်ခွင့် ရှိ၊ မရှိ ပြဋ္ဌာန်းမထားသောကြောင့် ရဲစခန်းတွင် အမှုဖွင့်ရမည်လော၊ တရားရုံးတွင် ဦးတိုက်လျှောက်ထားရမည်လော ထပ်မံအငြင်းပွားစရာ များ တွေ့ရကြောင်း ဥပေဒပညာ ရှင် ဦးခင်ဇော်(မရမ်းကုန်း)က ထောက်ပြသည်။

 ‘‘အမျိုးသမီးတွေဘက်က ကြည့်ရင် အန်တီတို့ကတော့ တစ်လင်တစ်မယားစနစ်ကို ထောက် ခံတယ်။ ချမှတ်တဲ့ပြစ်ဒဏ်က များတယ်လို့တော့ ဆိုနိုင်တာပေါ့။ ဒါပေမဲ့လည်း ပြစ်ဒဏ်လျှော့ချဖို့ ဥပဒေကို ပြင်နိုင်တဲ့အခွင့်အရေး တော့ ရှိတာပေါ့နော်’’ဟု ဥပဒေ ကျွမ်းကျင်သူ အမျိုးသမီး လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။

ဝေဖန်မှုများစွာ ပေါ်ထွက် လာခဲ့သော အဆိုပါဥပဒေသည် ဥပဒေချင်း ပဋိပက္ခဖြစ်ပေါ်နေ သည်ဟု ဝေဖန်ခံရပြန်သည်။ မြန် မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် မြန်မာ့ဓလေ့ထုံး တမ်းဥပဒေကို လည်းကောင်း၊ ခရစ်ယာန်ဓလေ့ထုံးတမ်း ဥပဒေ ကိုလည်းကောင်း၊ မဟာမေဒင် ဓလေ့ထုံးတမ်း ဥပဒေကိုလည်း ကောင်း ဆန့်ကျင်နေကြောင်း တရားသူကြီးဟောင်း ဦးသန်းထွန်း(မော်လမြိုင်)က သုံးသပ် သည်။

‘‘မြန်မာ့ဓလေ့ထုံးတမ်း ဥပ ဒေမှာက မယားပြိုင်စနစ်ကို လက်ခံတယ်။ တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ မှာက မယားပြိုင်ကို ခွင့်မပြုတော့ ဘူး။ ဒါက ဥပဒေကြောင်းအရ ဥပဒေချင်း ပဋိပက္ခဖြစ်တာ။ သဘာဝရှုထောင့်က ကြည့်ရင်လည်း လူတွေက ဘယ်လွန်ဆန်နိုင်မလဲဗျာ’’ဟု ဦးသန်းထွန်း (မော်လမြိုင်)က ပြောသည်။

အာမခံပေးနိုင်သည့် ပြစ်မှု ဖြစ်သည့်အတွက် တစ်ဦးပေါ်တစ် ဦး အနိုင်ကျင့်မှု၊ ခြိမ်းခြောက်မှု၊ ငွေညှစ်မှု၊ ဂုဏ်သိက္ခာထိခိုက်စေ မှုတို့ နည်းအမျိုးမျိုးဖြင့် ပေါ်လာ မည်ဖြစ်ကြောင်း ဥပဒေပညာရှင် များက သုံးသပ်သည်။

 ‘‘အရင်ကလည်း ခြိမ်း ခြောက်ငွေညှစ်တာ ရှိနေတာပဲ။ အခုကျတော့ ပိုကြေးကြီးသွားတာပေါ့’’ဟု ၎င်းကပြောသည်။

‘‘ရည်းစားတစ်ထောင် လင် ကောင်တစ်ယောက်’’ဟူသော ဆို ရိုးနှင့်ကြီးပြင်းခဲ့သော မြန်မာအ မျိုးသမီးတို့အတွက် အဆိုပါဥပ ဒေက အချက်တွေ့လှသော်လည်း ‘ယောက်ျားကောင်း မောင်းမတစ် ထောင်’ဟူသောဆိုရိုးနှင့်ကြီးပြင်း ခဲ့သော မြန်မာအမျိုးသားတို့အဖို့ အခက်တွေ့ဖို့သာများနေသည်။

‘‘ခေတ်ကိုက ကေတီဗီ၊ မာဆတ်၊ စင်တင် လှိုင်လှိုင်ပေါနေတာ။ ခြေလှမ်းတစ်ချက်မှားတာနဲ့ သကောင့်သားတွေ အချိန်မရွေး ကွိသွားမယ်’’ဟု အငှားယာဉ် မောင်း ဦးဆန်းဝင်းက ပြောသည်။

အိမ်ထောင်ရှင်များအတွက်  နောက်အိမ်ထောင်ပြုခွင့်ကို တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေက ခွင့်ပြုပေးထား သည်။

သို့သော် ယခင်အိမ်ထောင်နှင့် တရားဝင် ကွာရှင်းပြီးဖြစ် ကြောင်း ခိုင်မာသည့် အထောက်အထားတင်ပြနိုင်မှသာ ဖြစ်လိမ့်မည်။

‘‘မယားကို အနိုင်ကျင့်ဗိုလ် ကျစိုးမိုးနိုင်တဲ့ ယောက်ျားတွေက ပထမ မယားကိုလည်း လက်မလွှတ်ဘဲ ဟန်ဆောင်ကွာရှင်းစာချုပ်ကိုင်ပြီး နောက်ထပ် မိန်းမ တစ်ယောက်နဲ့ ခြေရှုပ်လို့ ရနိုင်ပါ တယ်’’ဟု ဦးခင်ဇော်(မရမ်းကုန်း)က ထောက်ပြသည်။

အိမ်ထောင်ဖက် တစ်ဦး ထက် ပိုယူခြင်းကြောင့် ဖြစ်ပွား လာမည့် အိမ်ထောင်ရေးပြဿနာ နှင့် အိမ်ထောင်ရေးမှုခင်းများကို တားဆီးရန် ရည်ရွယ်ပြဋ္ဌာန်းခဲ့ သော်လည်း ယင်းဥပဒေကြောင့်ပင် ရှုပ်ထွေးမှုများ ပိုလာနိုင်မည်ကို ဥပဒေသမားများ စိုးရိမ်သည်။

‘‘လူမှုရေးအရှုပ်အထွေးများ ကို ဖြေရှင်းနိုင်ဖို့ ဥပဒေကို လက် တစ်လုံးခြားလုပ်ပြီး စာချုပ်စာ တမ်း အတုပြုလုပ်မှုတွေ၊ လိမ် လည်ပေါင်းသင်းမှုတွေ၊ ငွေညှစ်ခံရမှုတွေ၊ အနိုင်ကျင့် ပိုင်းလုံး လုပ်မှုတွေ စတဲ့ပြဿနာများစွာ ဖြစ်လာနိုင်ပါတယ်’’ဟု ဦးခင်ဇော် (မရမ်းကုန်း)က ပြောသည်။

 ဥပဒေပြစ်ဒဏ်များသည် အိမ်ထောင်သည်များကိုသာ ပစ် မှတ်ထားသဖြင့် အိမ်ထောင်သည် ဘ၀ကိုရှောင်ရှားကာ လက်မထပ် ဘဲအတူနေခြင်း (Living Toge-ther) ဓလေ့ ပိုမိုထွန်းကားလာနိုင် ကြောင်း သုံးသပ်မှုများလည်းရှိနေ သည်။

‘‘ခေတ်ကလည်း အရမ်းပွင့် လင်းနေပြီ။ လက်မထပ်ခင်က တည်းက အတူနေတာတွေရှိနေ ကြတယ်။ တချို့က ယူဖြစ်သွား ပြီး တချို့က မယူဖြစ်ကြဘူး။ ဒီ ဥပဒေက Living Together နေ ပြီး လက်မထပ်ဖို့တွန်းပို့နေသလို ပဲ။ အဲဒီတော့ အမျိုးသမီးတွေ နစ် နာဖို့များတယ်’’ဟု အိမ်ထောင်မ ကျသေးသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် လူမှုရေးရာကိစ္စ ကို ဥပဒေဖြင့်ကန့်သတ်ခြင်းကို ကန့်ကွက်သည်များလည်း ရှိ သည်။

‘‘လူသားနှစ်ဦးကို စိတ်ဆန္ဒ၊ ချစ်ခြင်းနွှယ်တဲ့ မိသားစုအရေး ကိစ္စတွေကို ဥပဒေပြဋ္ဌာန်းဖို့ မလို ဘူး ထင်ပါတယ်’’ဟု အိမ်ထောင် ရှင် စာရေးဆရာမ ခင်သန္တာက ပြောသည်။

သို့သော် ထိုဥပဒေသည် ဥ ပဒေနှင့်အညီ ထိန်းမြားကြသော လင်နှင့်မယားတို့ တစ်ဦးပေါ်တစ် ဦး သစ္စာရှိစွာဖြင့် ချမ်းမြေ့သာ ယာသည့် အိမ်ထောင်တည် ဆောက်နိုင်စေရန် ရည်ရွယ်ပါ သည်ဟု တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတွင် ဖော်ပြထားသည်။

သာမန် အိမ်ထောင်ရှင်မအ များစုက အဆိုပါဥပဒေကိုကြိုဆို ကြသော်လည်း ဥပဒေရေးရာ နား လည်ထားသူများကမူ ဥပဒေ၏ ဘေးထွက်ဆိုးကျိုးများအတွက် ရှေ့ရေးကို မျှော်တွေးရင်း ရင် လေးနေကြသည်။

‘‘ဥပဒေရဲ့ ရည်ရွယ်ရင်းဖြစ် တဲ့ ချမ်းမြေ့သာယာတဲ့ အိမ် ထောင် တည်ဆောက်နိုင်စေဖို့ ရည်ရွယ်ပြဋ္ဌာန်းခဲ့ကြတာပါ။ တ ကယ်လက်တွေ့ကျင့်သုံးလို့ အ ခက်အခဲဖြစ်တယ်ဆိုရင် လွှတ် တော်က ပြင်ပေးမှာပေါ့’’ဟု ပြည် သူ့လွှတ်တော် ဥပဒေကြမ်းကော် မတီ အတွင်းရေးမှူး ဦးစောလှ ထွန်းကပြောသည်။

 ပြည်ထောင်စုလွှတ်တော် ရပ်နားခါနီး နှစ်ရက်အလိုတွင် အဆိုပါဥပဒေပြဋ္ဌာန်းနိုင်ရန် သူရဦးရွှေမန်းက လမ်းညွှန်ခဲ့ကြောင်း ဦးစောလှထွန်းထံမှ သိရသည်။

သို့ဖြစ်ရာ ပြည်ထောင်စု လွှတ်တော် နောက်ဆုံးနေ့ဖြစ် သော သြဂုတ် ၂၈ ရက်တွင် တစ် လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကို အတည်ပြုခဲ့ပြီး သြဂုတ် ၃၁ ရက်၌ သမ္မတက လက်မှတ်ရေးထိုးခဲ့သဖြင့် ဥပဒေမှာ အသက်ဝင်ခဲ့ပြီဖြစ်သည်။

ဥပဒေက နောက်ဆုံးပေးခဲ့  သော အခွင့်အရေးမှာ တစ်လင် တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင် ရာ ဥပဒေအာဏာမတည်မီက မိန်းမအများကြီးယူထားသူများကို ထိခိုက်မှုမရှိခြင်းပင် ဖြစ်သည်။ သို့သော် ထပ်ယူခွင့်တော့ရှိမည် မဟုတ်ပေ။

ဥပဒေသည် တရားမ၀င် ထိမ်းမြားလက်ထပ်ခြင်း (သို့မ ဟုတ်) ထိမ်ချန်ထိမ်းမြားလက် ထပ်ခြင်းကြောင့် ရရှိလာသော သားသမီးများကို ကလေးသူငယ် ဆိုင်ရာအခွင့်အရေးများ မဆုံးရှုံး စေရဟု ကာကွယ်ပေးထားသည်။

မျိုးစောင့်ဥပဒေများ၏ လာ ရာလမ်းကို စောင်းငဲ့ကြည့်ပါက မျိုးစောင့်ဥပဒေလေးရပ်ကို ရေး ဆွဲပေးစေလိုကြောင်း ဆရာ တော်များ အပါအ၀င် နိုင်ငံသား တစ်သန်းကျော်က လက်မှတ်ရေး ထိုးထားသည်ဟုဆိုကာ အမျိုး ဘာသာ သာသနာစောင့်ရှောက် ရေးအဖွဲ့(ဗဟို)က နိုင်ငံတော် သမ္မတထံ ၂၀၁၃ ဇူလိုင် ၉ ရက်တွင် စာပေးပို့ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် လွှတ်တော် နာယကတို့က အဆိုပါဥပဒေ များကို အစိုးရက ရေးဆွဲသင့် သည်၊ လွှတ်တော်က ရေးဆွဲသင့် သည်ဟူ၍ အပြန်အလှန် ဘော် လီဘော ပုတ်ခဲ့ကြသေးသည်။

သို့သော် နောက်ဆုံးတွင် မျိုး စောင့်ဥပဒေများဟု နာမည်ကြီး သော ကိုးကွယ်ရာဘာသာ ကူး ပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လူဦး ရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင် ရာ ဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေနှင့် တစ်လင်တစ် မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတို့ကို ရွေးကောက်ပွဲမတိုင် မီ ပြဋ္ဌာန်းပေးနိုင်ခဲ့ပြီဖြစ်သည်။

မျိုးစောင့်ဥပဒေသုံးခုပြဋ္ဌာန်း စဉ်က အသံများများစားစား မ ထွက်ခဲ့သော်လည်း တစ်လင် တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင် ရာဥပဒေ ပြဋ္ဌာန်းသည့်အခါတွင် တော့ ဝေဖန်ဆူညံခဲ့သည်။ အ ထူးသဖြင့် အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားတို့ထံမှ ဖြစ်သည်။

အိမ်မပိုင်ဘဲ ဂေါ်လီလုပ်ချင်သော မဟာပုရိသတစ်ဦးကတော့ ယင်းဥပဒေများကို အောက်ပါအတိုင်း သဘောထားပေးသည်။

‘‘ဒီဥပဒေကို အပြင်းအထန် ကန့်ကွက်တယ်။ ဒါပေမဲ့ မျက်နှာ ဖုံးစွပ်ပြီး ကန့်ကွက်ရလိမ့်မယ်’’
နန္ဒ
7 day

No comments:

Post a Comment