Tuesday 25 August 2015

တောဆင်ရိုင်းအုပ်ကို မေ့ဆေးသေနတ်ဖြင့် ဖမ်းဆီးရန် စီစဉ်ဆဲ .... ဆင်အုပ်တိုက်ခိုက်၍ လူတစ်ဦးသေ၊ နှစ်ဦး ထပ်မံဒဏ်ရာရတောဆင်ရိုင်းအုပ်ကို မေ့ဆေးသေနတ်ဖြင့် ဖမ်းဆီးရန် စီစဉ်ဆဲ

ဆင်တိုက်ခိုက်ခံရ၍ သေဆုံးသွားသော ကိုဖိုးပိုင်ကို သယ်ဆောင်နေစဉ် (ဓာတ်ပုံ − ဦးယုဇန(ပုပ္ပါးတောင်ချစ်သူများအသင်း နာယက)) 
မျက်စိလည်နေသော တောဆင်ရိုင်းအုပ်စု၏ တိုက်ခိုက် မှုကြောင့် လူတစ်ဦးသေဆုံးပြီး လူငါးဦး ဒဏ်ရာရနေပြီ ဖြစ် ကြောင်း၊ သစ်တောဦးစီးဌာနက အဆိုပါဆင်အုပ်ကို မေ့ဆေး သေနတ်ဖြင့်ပစ်ကာ ဖမ်းဆီးရန် စီစဉ်နေကြောင်း သတင်းရရှိ သည်။

တောဆင်ရိုင်း ခြောက် ကောင်ပါသည့် အုပ်စုသည် ယမန်နေ့ (သြဂုတ် ၂၄ ရက်) ညတွင်ညောင်ဦးမြို့နယ်၊ ပြွန်ကျေးရွာ အရှေ့ဘက် သုံးမိုင်ခန့်အကွာရှိ လျှိုတစ်ခုအတွင်း ရောက်လာပြီး ယမန်နေ့တွင် လူ သုံးဦးထပ်မံ တိုက်ခိုက်ခံရကာ တစ်ဦးသေဆုံး ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း လိုက်လံကြည့်ရှုနေသည့် သစ် တောဦးစီးဌာနတာဝန်ရှိသူများ နှင့် ဒေသခံများက ပြောသည်။

တောဆင်ရိုင်းအုပ်ကို နတ်မောက် သစ်တောကြိုးဝိုင်းအနီးတွင် သြ ဂုတ် ၂၁ ရက် ညက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မိတ္ထီလာမြို့နယ်မှ တစ်ဆင့် ကျောက်ပန်းတောင်းမြို့၊ ထိုမှ တစ်ဆင့် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ရောက်ရှိ ခဲ့ကာ လေးရက်မြောက်နေ့အထိ သက်ဆိုင်ရာက ဖမ်းဆီးခြင်းမရှိ သေးပေ။

‘‘ကျွန်တော်တို့ ဆင်ဖမ်းတဲ့ အဖွဲ့တွေလည်း ရောက်နေပြီ။ မေ့ဆေးနဲ့ ဖမ်းဖို့ လုပ်တော့မှာ ပေါ့။ ပြန်မောင်းမယ့်အဆင့်က အန္တရာယ်များလို့ မမောင်းတော့ ဘူး။ မေ့ဆေးနဲ့ လုပ်ပြီးဖမ်းမယ့် အစီအစဉ်ဆွဲနေတယ်။ အားလုံး။  သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့ တွေ ရောက်နေတယ်’’ဟု မိတ္ထီလာခရိုင် သစ်တောဦးစီးဌာနလက် ထောက်ညွှန်ကြားရေးမှူး ဦး အောင်မြင့်က သြဂုတ် ၂၄ ရက်ညတွင် ပြောသည်။

တောဆင်ရိုင်း တိုက်ခိုက်မှု ကြောင့် ယမန်နေ့က သေဆုံးသွား သူမှာ ညောင်ဦးမြို့နယ် ကံကျဲရွာ မှ ကိုဖိုးပိုင်ဖြစ်သည်။ ကိုဖိုးပိုင်နှင့် အတူ ရွာသား သုံးဦးက ဆင်များ အား ဓာတ်ပုံရိုက်စဉ် ကင်မရာမီး ပွင့်သွားပြီး အကြီးဆုံးဆင်က ကိုဖိုးပိုင်ကို နှာမောင်းဖြင့် လိမ်ကာ မြေကြီးပေါ် ရိုက်ချလိုက်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့လိုက်သည်ဟု ပုပ္ပားတောင်ချစ်သူများအသင်းမှ ဦးကျော်ဝင်းဆွေကပြောသည်။

‘‘ရွာရဲ့ မြောက်ဘက်က လျှို ထဲကို ရောက်တဲ့အချိန်မှာ လူငယ် သုံးယောက်က ဓာတ်ပုံသွားရိုက် တာ။ ပေ ၂၀ လောက်အကွာက။ အလယ်က တစ်ယောက်က ရှေ့ တိုးပြီး ရိုက်တာမှာ ကင်မရာက ဖလက်ပွင့်သွားတော့ ဆင်ခေါင်း ဆောင်ကြီးက သူ့ကို နှာမောင်းနဲ့ ဆွဲခါရိုက်ပစ်လိုက်တာ။ ၁၅ မိနစ် လောက်ပဲ ခံတယ်။ ခြေထောက် တွေ၊ ပေါင်တွေ ရွဲ့စောင်း၊ နံရိုးက ကိုးလိုးကန့်လန့်တွေဖြစ်သွားတာ ပေါ့။ ကျွန်တော်တို့က ကားပေါ် တင်တဲ့အချိန်မှာ ဆုံးသွားတယ်’’ ဟု ဦးကျော်ဝင်းဆွေကပြော သည်။

ထိုဖြစ်စဉ် မတိုင်မီ ယမန် နေ့နံနက်က ညောင်ဦးမြို့နယ် ကန်တိမ်ရွာအနီးသို့ ဆင်အုပ် ရောက်လာပြီး ရွာအပြင်ဘက်တဲ တစ်လုံးအနီး ရေအိုးမှ ရေသောက်နေစဉ် တဲအတွင်းရှိနေသည့် အသက် (၇၀) အရွယ် ဦးသန်း အောင်က ခြောက်လှန့်ခဲ့ရာ ဆင် များ၏တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ် သည်။

ဆင်အုပ်က တဲကို ဖျက် ဆီးသွားခဲ့ပြီး ဦးသန်းအောင်မှာ လည်း ဒဏ်ရာများရကာ မန္တလေးဆေးရုံသို့ တင်ပို့လိုက်ရကြောင်းဆင်အုပ်ကိုလိုက်၍ ကြည့်နေသည့် ကျောက်ပန်းတောင်းမြို့ နယ်မှ ရွှေနဒီကျောင်းတိုက်ဆရာ တော် ဦးယုဇနက မိန့်သည်။

ထို့အပြင် ညနေပိုင်းတွင် ညောင်ဦးမြို့နယ် ရွာသာအေးရွာ အနီးရှိ တဲများသို့ ဆင်အုပ်ရောက် ရှိလာရာ ဒေသခံများက ခြောက် လှန့်စဉ် ဦးမင်းကြည်ဆိုသူ ထပ်မံ တိုက်ခိုက်ခံရကြောင်း ညောင်ဦး ခရိုင်သစ်တောဦးစီးဌာန တာဝန် ရှိသူတစ်ဦးက ပြောသည်။ ဦးမင်း ကြည်မှာ ဒဏ်ရာများရခဲ့ပြီး ညောင်ဦးဆေးရုံသို့ ပို့ဆောင်ပေး လိုက်ရသည်ဟု ဦးယုဇနက မိန့် ကြားသည်။

‘‘တဲတိုက်ကိုဝင်မှာ စိုးလို့ ရွာသားလေးယောက် လိုက်ခြောက်တာ။ သူတို့က ဟိုဘက်က အကောင်တွေကို ခြောက်နေတုန်း ဒီဘက်က အကောင်တစ်ကောင် က ချုံအကွယ်ကနေ ဝင်တွယ် လိုက်တာ။ အဲဒီလိုဖြစ်တာပါ’’ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြ သည်။

သုံးရက်အတွင်း လူခြောက်ဦးတိုက်ခိုက်ခံရကာ တစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၂ နှင့် ၂၃ ရက်က မိတ္ထီလာနှင့် ကျောက် ပန်းတောင်းမြို့နယ်တို့မှ ဒေသခံ သုံးဦးတိုက်ခိုက်ခံရကာ ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

ဆင်ရိုင်းအုပ်ရောက်လာနိုင် သည့်ကျေးရွာများတွင် သက်ဆိုင် ရာဒေသတွင်း အုပ်ချုပ်ရေးပိုင်း သို့ ကြိုတင်အကြောင်းကြားထားပြီး သတိပေးအချက်အလက် များပါသည့် လက်ကမ်းစာစောင် များ ဝေပေးနေကာ အသံချဲ့စက် ဖြင့်လည်း သတိပေးနေသည်ဟု ဦးအောင်မြင့်က ပြောသည်။

ယင်းတောဆင်ရိုင်းအုပ်သည် နတ်မောက်သစ်တောကြိုးဝိုင်း အနီးမှ စတင်ကာ မိတ္ထီလာ၊မလှိုင်၊ ကျောက်ပန်းတောင်းနှင့် ညောင်ဦးမြို့များရှိ ကျေးရွာများအနီးမှ ဖြတ်သန်းသွားသည်ဟု ဦးအောင်မြင့်က ဆိုသည်။

‘‘သူတို့က ဝါးတစ်ရိုက်ကျော် လောက်ကို အသံမကြားဘဲ လှစ် ခနဲရောက်လောက်အောင် မြန် လွန်းတယ်’’ဟု ဆင်အုပ်သွားရာ လိုက်၍ ကြည့်နေသည့် ပုပ္ပား တောင်ချစ်သူများအသင်းဝင်တစ် ဦးက ပြောသည်။

‘‘သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့တွေ ရောက်နေတယ်။ ဒီ ကြားထဲမှာတော့ ဆင်တွေနဲ့ခပ် ဝေးဝေးမှာ နေတာ အကောင်းဆုံး ပဲ။ ဓာတ်ပုံရိုက်တာတွေ မလုပ်ဖို့ ပေါ့ဗျာ။ အနီးအနားမှာ မနေတာ ကောင်းတယ်။ သွားပြီးခြောက် လှန့်တာမျိုး မလုပ်ဖို့။ ဆင်ယဉ် တွေ မဟုတ်တော့ ဆင်ရိုင်းတွေ ဆိုတော့လေ’’ဟု ၎င်းက ပြော သည်။

တောဆင်ရိုင်း အုပ်စုကို လိုက်၍ ကြည့်နေသည့် ရဲတပ်ဖွဲ့ ဝင်တစ်ဦးကမူ ညောင်ဦးဒေသမှာ ဆင်များအတွက် အစာရေစာ ရှားသောကြောင့် လူနေကျေးရွာ များအတွင်း ဝင်ရောက်၍ အစာ ရှာလာမည်ကို ဒေသခံများက စိုး ရိမ်နေကြရသည်ဟု ပြောသည်။

7Day Daily 

No comments:

Post a Comment