Tuesday 25 August 2015

ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်ရန် ဂျပန်ယန်း ၂၄ ဘီလီယံ ချေးယူမည်ဟုဆို

နိုင်ငံတကာ စံချိန်စံညွန်း မမီသော ရန်ကုန်မြို့ပတ် ရထားလမ်းကို အဆင့်မြှင့်ရန် ဂျပန်နိုင်ငံမှ ယန်း ၂၄ ဒသမ ၈၆၆ ဘီလီယံ ချေးယူမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ပြောကြားသည်။ 

သြဂုတ်လ ၂၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းချေးငွေ၏ အတိုးနှုန်းမှာ ၀ ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်ပြီး ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ရန်ကာလ နှစ် ၃၀ ဖြစ်သောကြောင့် ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုချက်ပေးနိုင်ရန် ၎င်းက တင်ပြပြောဆိုသည်။

ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအတွက် အချိန်တိကျမှု၊ ယာဉ်ကြောကျပ်မှုကို ဖြေလျှော့နိုင်မှုနှင့် မြို့ပတ်ရထား ပြေးဆွဲခြင်းတွင် သက်သောင့်သက်သာ ဖြစ်စေနိုင်ရန် ရည်ရွယ်လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

စီမံကိန်းတွင် ရထားသည် ဘူတာရုံ ရောက်ပါက အလိုအလျောက် ရပ်တန့်စေမည့်စနစ်၊ ကားလမ်းနှင့် ရထားလမ်း လမ်းဆုံ ၁၁ ခုတွင် မော်တော်ယာဉ်များကို အလိုအလျောက် အတားအဆီး ဖြစ်ပေါ်စေမည့်စနစ်နှင့် ရထားစက်ခေါင်းတွဲ ၆၆ တွဲကို ဝယ်ယူအစားထိုးရန် စီစဉ်ထားကြောင်း ဦးမြင့်သိန်းက ရှင်းပြသည်။

ယင်းချေးငွေကိစ္စကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက သြဂုတ်လ ၂၅ ရက် နောက်ဆုံးထား၍ လွှတ်တော်ရုံးသို့ အမည်စာရင်း ပေးပို့ရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကြေညာခဲ့သည်။

The Voice Weekly 

No comments:

Post a Comment