Tuesday 25 August 2015

ဦးသိန်းစိန်ကို သမ္မတ ထပ်ဖြစ်ရန် လိုလားသူ ၁၆ ရာခိုင်နှုန်းရှိဟု စစ်တမ်းဆို

လက်ရှိအစိုးရအဖွဲ့ကို ဦးဆောင်သူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို လာမည့် သက်တမ်းအတွက် သမ္မတထပ်ဖြစ်ရန် လိုလားသူ ၁၆ ရာခိုင်နှုန်း ရှိကြောင်း အာရှဘာရိုမီတာ ဆာဗေးအဖွဲ့ ပါမောက္ခ Ms. Bridget Welsh က ပြောကြား သည်။

ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ မြို့နယ်ပေါင်း ၃၆ မြို့နယ်မှ ပြည်သူ ၁၆၂၀ ကို မေးမြန်းထားရာ သမ္မတ ဦးသိန်းစိန်ကို နောက်ထပ်သက်တမ်း အတွက် သမ္မတ ထပ်ဖြစ်ရန် ၁၆ ရာခိုင်နှုန်းက ထောက်ခံဖြေကြားခဲ့ကြောင်း ၎င်းက ဆိုသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုမူ သမ္မတဖြစ်ရန် လိုလားသူ ၂၆ ရာခိုင်နှုန်း၊ အခြားသူများကို လိုလားသူ ၃ ရာခိုင်နှုန်းနှင့် လုံးဝမဖြေကြားလိုသူ ၅၄ ရာခိုင်နှုန်း ရှိကြောင်း အဆိုပါ စစ်တမ်းအရ သိရှိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲအလွန် သမ္မတတာဝန် ထမ်းဆောင်စေရန် လိုလားသူ ပိုများကြောင်း Ms. Bridget Welsh က ထပ်လောင်းပြောကြားသည်။ 

သြဂုတ်လ ၂၄ ရက်က ရန်ကုန်မြို့ ဖန်တီးရာ ရုံးခန်းတွင် ပြုလုပ်သည့် လာမည့် အစိုးရသစ်လက်ထက် သမ္မတတာဝန် ထမ်းဆောင်ရန် လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် မည်သူ့ကို လိုလားကြောင်း မေးမြန်းထားသည့် စစ်တမ်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားသည်။ 
“ဖြေဆိုသူတွေအနက် အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်တယ်တဲ့” ဟု ပါမောက္ခ Ms. Bridget Welsh က ပြောကြားသည်။

ထို့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ လုံးဝကျေနပ်သူ ၂၄ ရာခိုင်နှုန်း၊ အနည်းငယ်ကျေနပ်သူ ၅၆ ရာခိုင်နှုန်း၊ အနည်းငယ်ကျေနပ်မှု မရှိသူ ၁၃ ရာခိုင်နှုန်း၊ လုံးဝကျေနပ်မှု မရှိသူ ၇ ရာခိုင်နှုန်း ရှိကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။

အာရှဘာရိုမီတာ ဆာဗေးအဖွဲ့မှ ပါမောက္ခဖြစ်သူ Mr. Yun-Han က “ဒီစစ်တမ်းနဲ့ ပတ်သက်ပြီး ပြည်သူတွေကြား တိုင်ပင်ဆွေးနွေးနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။ 

အမျိုးသားနှင့် အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှု မည်သည်ကို ပိုလိုလားကြောင်း မေးမြန်းချက်တွင်မူ အမျိုးသားများကို ပိုလိုလားကြောင်း ဖြေကြားသော်လည်း လက်ရှိတွင် အမျိုးသမီးများ ပါဝင်ပတ်သက်မှု ၅၀ ရာခိုင်နှုန်းကျော် ရှိပြီး ၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်သက်သူ အများစုဖြစ်ကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြပါရှိသည်။ 

နိုဝင်ဘာလအတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ မေးမြန်းချက်ကိုမူ NLD ကို မဲပေးရန် ရွေးချယ်ထားသူ ၂၄ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီကို ရွေးချယ်သူ ၁၅ ရာခိုင်နှုန်း၊ အမျိုးသားညီညွတ်ရေးပါတီ (NUP) ပါတီကို ရွေးချယ်သူ ၅ ရာခိုင်နှုန်း၊ အခြားပါတီများကို ရွေးချယ်သူ ၇ ရာခိုင်နှုန်းနှင့် မဖြေကြားလိုသူ ၅၀ ရာခိုင်နှုန်း ရှိကြောင်း ယင်းစစ်တမ်းအရ သိရသည်။

The Voice Weekly 

No comments:

Post a Comment