Tuesday 25 August 2015

ရွှေတိဂုံစေတီတော်ကို ဖောက်ခွဲရန် ကြံစည်နေဟု မမှန်သတင်း ထုတ်လွှင့်သူကို စုံစမ်းဖော်ထုတ်မည်

မြန်မာနိုင်ငံ၏ အထင်ရှားဆုံး အမှတ်သင်္ကေတတစ်ခု ဖြစ်သော ရွှေတိဂုံစေတီတော်ကို တရုတ်နိုင်ငံသားအချို့က ဖောက်ခွဲရန် ကြံစည်နေသည်ဟု လူမှုကွန်ရက်တွင် မမှန်သတင်း ဖြန့်ဝေရေးသားခဲ့သူကို ဖော်ထုတ်အရေးယူနိုင်ရန် စုံစမ်းလျက်ရှိကြောင်း ရွှေတိဂုံစေတီတော် လုံခြုံရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး အောင်နိုင်ထွန်းက ပြောကြားသည်။

“သြဂုတ်လ ၂၁ ရက် ည ၁၀ နာရီလောက်က Police Media Group လူမှုကွန်ရက်မှာ တရုတ်အမည် ပေးထားတဲ့ အကောင့်ကနေပြီး ရွှေတိဂုံစေတီတော်ကို ဖောက်ခွဲဖို့ တရုတ်နိုင်ငံသားတွေက ကြံစည်နေတယ်၊ လုံခြုံရေး တင်းကျပ်ထားလို့ အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲဖို့ ကြံစည်တာ မအောင်မြင်ခဲ့ဘူးလို့ ဆိုပြီး ဓာတ်ပုံနဲ့ တင်ထားတယ်၊ ဒီမနက်ရောက်တော့ အဲ့ဒီပို့စ်ကို ပြန်ဖြုတ်ချသွားတယ်၊ ပြည်သူတွေ ထိတ်လန့်စေနိုင်တဲ့ မမှန်သတင်းကို ထုတ်လွှင့်ခဲ့တာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရွှေတိဂုံစေတီတော်ကို နေ့စဉ် ဘုရားဖူးဦးရေ သုံးသောင်းခန့် လာရောက်လျက် ရှိသောကြောင့် စေတီတော်၏ လုံခြုံရေးကို ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်ဖြင့် နေ့ည လှည့်ကင်း၊ ဝပ်ကင်း၊ ရပ်ကင်းများဖြင့် အထူးလုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားကြောင်း၊ ယင်းအပြင် စေတီတော်၏ မုခ်လေးခုတွင် အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲမှုများ မပြုလုပ်နိုင်ရန် Wave Jammer စက်များ တပ်ဆင်ထားကြောင်း ရွှေတိဂုံစေတီတော် လုံခြုံရေး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“တရုတ်နံမည်နဲ့ တင်ထားသူက ပရိုဖိုင်းမှာ ပုံမပါဘူး၊ သူတင်ထားတဲ့ ရွှေတိဂုံစေတီတော်ကို ဖောက်ခွဲဖို့ တရုတ်နိုင်ငံသားများက ကြံစည်ခဲ့တယ်ဆိုတဲ့ စာသားနဲ့အတူ 3G/---- ဟွန်ဒါဖစ် အမည်းရောင် ကားဘေးမှာ တီရှပ်အနက်ရောင် ဝတ်ထားတဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက မတ်တတ်ရပ်ပြီး ဂိမ်းဆော့နေတဲ့ ပုံစံမျိုး ဓာတ်ပုံသုံးပုံပါ တင်ထားတယ်၊ အွန်လိုင်းပေါ်မှာ မမှန်သတင်း ထုတ်လွှင့်သူကို ဖော်ထုတ်အရေးယူနိုင်ဖို့ စီအိုင်ဒီအဖွဲ့ကို အကူအညီတောင်းထားတယ်” ဟု ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လူစည်ကားရာ ဧရာဝဏ် (လေးမျက်နှာ) ဘုရားအနီး လမ်းဆုံတွင် သြဂုတ်လ ၁၇ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၁ ဦး သေဆုံးကာ ၁၀၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဝင်ထွက်ပေါက် ဂိတ်များနှင့် ဘာသာရေး အဆောက်အအုံများကို လုံခြုံရေး အထူးတိုးမြှင့် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ စုံစမ်းသိရှိရသည်။

“ထိုင်းမှာဖြစ်တဲ့ ဗုံးပေါက်ကွဲမှုက နိုင်ငံခြားသား ဧည့်သည်တွေ ဝင်ထွက်သွားလာမှုများတဲ့ နေရာကို ဖောက်ခွဲရေးသမားက ပစ်မှတ်ထား လုပ်ခဲ့တာလို့ ယူဆရတယ်၊ ဒါကြောင့် မြန်မာနိုင်ငံက နေ့စဉ် နိုင်ငံခြားသား ဧည့်သည်သုံးရာနီးပါး ဝင်ထွက်နေတဲ့ ရွှေတိဂုံစေတီတော်ကို လုံခြုံရေး အထူးတိုးမြှင့်ထားပါတယ်၊ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားတဲ့ သတင်းက ပြည်သူလူထု ထိတ်လန့်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ မဟုတ်မမှန်သတင်းကို ဖော်ပြခဲ့တာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရွှေတိဂုံစေတီတော်ကို နေ့စဉ် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ဘုရားဖူးများ ဝင်ထွက်သွားလာခွင့် ပြုထားကြောင်း၊ စေတီတော် လုံခြုံရေးအတွက် ဘုရား၏ မုခ်လေးမုခ်နှင့် ဘုရားပေါ် လူစည်ကားရာ နေရာများတွင် လုံခြုံရေးတပ်ဖွဲ့များ ထားရှိပြီး ည ၉ နာရီမှ နံနက် ၅ နာရီအထိ စေတီတော်အနီးရှိ ပြည်လမ်း၊ မြေနီကုန်းနှင့် ဟံသာဝတီအဝိုင်းတို့ အနီးတွင် လုံခြုံရေးတပ်ဖွဲ့များက ယာဉ်များဖြင့် နေ့စဉ် လှည့်လည်စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရွှေတိဂုံစေတီတော် လုံခြုံရေးတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး အောင်နိုင်ထွန်းက ပြောကြားသည်။

လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် မမှန်သတင်း ထုတ်လွှင့်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိရာ ယခုနှစ်ပိုင်းတွင် ဝက်ဘ်ဆိုက်၊ အီးမေးလ်နှင့် ဖေ့စ်ဘွတ်ခ်တချို့မှ အကောင့်များ အဟက်ခ်ခံရမှု ကြုံတွေ့နေခြင်းမှာ မြန်မာနိုင်ငံအတွင်းရှိ ဝက်ဘ်ဆာဗာများ လုံခြုံမှုပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် ဖြစ်ကြောင်း၊ ပြည်သူအများစု အသုံးပြုနေသော ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာ ထိခိုက်စေမှုနှင့် ပြည်သူအထိတ်တလန့် ဖြစ်စေမည့် သတင်းများ ဖော်ပြနေသူများကို သက်ဆိုင်ရာက ဖော်ထုတ်အရေးယူနိုင်မှု အားနည်းနေသောကြောင့် ကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်းဖော်ထုတ် အရေးယူစေလိုကြောင်း Myanmar Hacker Warrior အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment