Monday 29 June 2015

ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး အမေရိကန်ဒေါ်လာ သန်း ၄၀၀ သုံးမည်ဟုဆို

ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကိုအသုံးပြု၍ လျှပ်စစ်မီး မရရှိသေးသည့် ကျေးလက် ဒေသ များတွင် မဟာဓာတ်အားလိုင်း ပြင်ပလျှပ်စစ်ဓာတ်အားပေးရေးစနစ် (Off- Grid) စီမံကိန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ စတင်မည်ဖြစ်ကြောင်း မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါစီမံကိန်းတွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးသွယ်တန်းခြင်း အတွက် ဒေါ်လာသန်း ၃၀၀၊ မဟာဓာတ်အားလိုင်းပြင်ပ လျှပ်စစ်မီးမရရှိသေးသည့် နေရာများအတွက် ဆိုလာစနစ်၊ အသေးစား ရေအားလျှပ်စစ် အသုံးပြုခြင်းအတွက် ဒေါ်လာသန်း ၈၀ နှင့် နည်းပညာ အထောက်အကူပြုရေး အစီအစဉ်အတွက် ဒေါ်လာ သန်း ၂၀၊ စုစုပေါင်း ဒေါ်လာသန်း ၄၀၀ ကို အသုံးပြု၍ လျှပ်စစ်မီးပေးမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

“ဒီမီးလင်းရေး စီမံကိန်းမှာ နည်းစနစ်နှစ်မျိုး ရှိတယ်။ ရွာတွင်းဓာတ်အားလိုင်း သွယ်တန်းတာ (Mini – Grid) ရယ်၊ တစ်အိမ်ချင်းကို Solar System (နေရောင်ခြည်စွမ်းအင်) နဲ့ ပေးတာမျိုးပေါ့။ တချို့နေရာ တွေက Solar အဆင်မပြေတဲ့ နေရာဖြစ်နေရင် ဒီဇယ်အင်ဂျင်နဲ့ မီးပေးမှာပါ” ဟု ၎င်းကဆိုသည်။

ကမ္ဘာ့ဘဏ်၏ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ဖြင့် မဟာဓာတ်အားလိုင်းစနစ် (On- Grid) စီမံကိန်းကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ဆောင်ရွက်မည်ဖြစ်ပြီး မဟာဓာတ်အားလိုင်း ပြင်ပလျှပ်စစ် ဓာတ်အားပေးရေး စနစ် (Off- Grid) စီမံကိန်းကိုမူ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ဆောင်ရွက်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ခြောက်သောင်းကျော်မှာ ယနေ့အချိန်အထိ လျှပ်စစ်မီးရရှိခြင်း မရှိသည့် အတွက် ထင်းလောင်စာကိုသာ အဓိကထား အသုံးပြုနေရကြောင်း မြန်မာပြန် ပြည့်မြဲစွမ်းအင်အသင်း အတွင်းရေးမှူး ဦးအောင်မြင့်က သုံးသပ်ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment