Monday 29 June 2015

မဲစာရင်း မမှန်ပါက ရွေးကောက်ပွဲနေ့တွင် မဲလိမ်၊ မဲခိုးသည့် ပြဿနာများဖြစ်နိုင်၍ ပါတီအားလုံးအနေဖြင့် မဲစာရင်း စိစစ်ခြင်းကို အလေးထား လုပ်ဆောင်သင့်ဟုဆို

မဲစာရင်းမမှန်ပါက ရွေးကောက်ပွဲနေ့တွင် မဲလိမ်၊ မဲခိုးသည့်ပြဿနာများ ဖြစ်နိုင်၍ နိုင်ငံရေးပါတီအားလုံး အနေဖြင့် မဲစာရင်းစိစစ်ခြင်းကို အလေးထား လုပ်ဆောင်သင့်သည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်သည့် Myanmar Network Organization for Free and Fair Elections (MYN-FREL) မှ ဒေါ်ဇင်မာဦးက ပြောကြားသည်။

လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတစ်ခုသာ မဲစာရင်းစိစစ်ခြင်းကို တက်ကြွစွာ လုပ်ဆောင်နေသည်ကို တွေ့ရပြီး ဒေသဆိုင်ရာအလိုက် မျိုးနွယ်စုအလိုက် ပါတီများသည်လည်း မိမိတို့ ဒေသ၌ မဲစာရင်းမှန်ကန်မှုရှိရေး  ဆောင်ရွက်သင့်သည်ဟု ၎င်းကဆိုသည်။

ဒေါ်ဇင်မာဦးက “မဲဆန္ဒရှင် မဲစာရင်းပြုစုခြင်းနှင့် ပတ်သက်ပြီး အကုန်လုံးက တက်တက်ကြွကြွ ပါဝင်ဖို့ လိုတယ်။ ဥပမာ ပါတီတွေအနေနဲ့လည်း ဒီသက်ဆိုင်ရာ နယ်တွေမှာ ဒါနဲ့ပတ်သက်ပြီး သိပ်ပြီးလှုပ်ရှားတာ လည်း မတွေ့ရဘူး။ ရွေးကောက်ပွဲနေ့ကျလို့ရှိရင် မဲလိမ်၊ မဲခိုး စတဲ့ ပြဿနာတွေက အဲဒီလိုနယ်တွေမှာ အဖြစ်များနိုင်တယ်။ ဘယ်သူမှလဲ စိတ်မ၀င်စားကြဘူးဆိုတော့လေ။ ကျွန်မတို့ မဲဆန္ဒရှင် ပညာပေးတယ် ဆိုတာလည်း အမြဲတမ်းပေးနိုင်တာမဟုတ်ဘူး။ အမြဲတမ်းလည်း မသွားနိုင်ဘူး။ ဝေးကလည်း ဝေးတယ်ဆိုတော့။ အဓိကကတော့ အဲဒီဒေသတွေ မှာ အခြေစိုက်နေတဲ့ အဲဒီဒေသလူမျိုး ကိုယ်စားပြုတဲ့ ပါတီတွေကနေ အလုပ်လုပ်ရင် ပိုပြီးတော့မှ ထိရောက်တယ်။ သူတို့အတွက်လည်း ပိုကောင်းတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ ဒေါ်ဇင်မာဦးက “လက်ရှိ အခြေအနေမှာ ပါတီတွေက ဆောင်ရွက်တာ အရမ်းအားနည်းတယ်။ တကယ်တမ်းဆိုရင် သူတို့မှာလည်း တာဝန်ရှိတယ်။ NLD ပါတီဆိုရင် တစ်နိုင်ငံလုံး အနေအထားနဲ့ လုပ်နေတယ် ဆိုပေမယ့် တအားဝေးလံခေါင်တဲ့ ဒေသတွေကိုတော့ မရောက်နိုင်ဘူးပေါ့။ သူတို့လည်း အကုန်လုံးလွှမ်းခြုံပြီး မလုပ်နိုင်ဘူး။ တကယ်တမ်းဆိုရင်တော့ ပါတီတွေက သူတို့အကျိုးစီးပွားနဲ့ အများကြီး ဆိုင်တယ်။ ဒါသူတို့အနေနဲ့ အဓိကလုပ်သင့်တယ်။ ဆိုင်ရာ ဆိုင်ရာ ဒေသမှာရှိတဲ့ ပါတီတွေက ဘာမှ လှုပ်ရှား တာ မတွေ့ရဘူး။ အဲဒီလိုဖြစ်နေတယ်။ ပိုပြီးအားကောင်းဖို့လိုတယ်။ မဲစာရင်းတို့ဘာတို့နဲ့ ပတ်သက်ပြီးပေါ့” ဟု ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်ထောင်စုတစ်ဝန်းလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီနှင့် သက်ဆိုင်ရာ ပြည်နယ်အတွင်း ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၇၀ ကျော် ရှိပြီး ရခိုင်၊ ဗမာ၊ လားဟူ၊ ကိုးကန့်၊ ပအိုဝ့်၊ ကယန်း၊ ကရင်၊ ၀၊ တအာင်း (ပလောင်)၊ မွန်၊ ရှမ်း၊ ချင်း၊ ကချင်၊ အင်းသား၊ ကမန်၊ မြို၊ ရှမ်းနီ၊ ဓနု၊ ဇိုမီး၊ လီဆူး စသည့် တိုင်းရင်းသားများကို ကိုယ်စားပြုထားကြောင်း သိရသည်။

ကယားလူမျိုးစု ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးစောဒယ်နီယယ်က “မဲစာရင်းစိစစ်တာက ကျွန်တော်တို့ စစ်ဆေး နေတာ စိတ်ပျက်သွားလို့ ဆက်မစစ်ဆေးတော့ဘူး။ ဥပမာဆိုရင် ကျွန်တော်ကိုယ်တိုင် ကျွန်တော်တို့ မိသားစု ငါးယောက်ဗျာ။ ငါးယောက်မှာ လေးယောက်မှားတယ်ဆိုတော့ ကျွန်တော်ကိုယ်တိုင် စိတ်ပျက် နေတာ။ အဲဒီလိုပဲ ကျွန်တော်တို့ ဗဟိုကော်မတီထဲမှာ တော်တော်များများဟာ အမှားတွေ များများပါနေ တော့ အကွက်ချပြီးတော့ လုပ်ထားတာလား ဆိုတာတောင် ကျွန်တော်တို့ အဲဒီလိုထင်နေတာ။ အဲဒါကြောင့် တော်တော်လေး စိတ်ပျက်တာတော့ အမှန်ပါပဲ။ ကျွန်တော်တို့မှာ အခက်အခဲအများကြီး ရှိတယ် အကုန်လုံး သွားလုပ်ရင်တော့ ကျွန်တော်တို့ သိန်းပေါင်းများစွာ လိုအပ်မယ်။ ရပ်တိုင်းရွာတိုင်း စစ်ဆေးပေးမယ် အမှားတွေ ပြန်ပြင်ခိုင်းမယ် ဆိုရင်တော့ အများကြီးကုန်မယ်။ လုပ်ချင်တဲ့ ဆန္ဒရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ငွေအင်အား မရှိဘူးလေ။ နောက်တစ်ခါ စာမျက်နှာ တစ်မျက်နှာမှာ တစ်ဝက်လောက် မှားတယ်ဆိုတာ မဖြစ်သင့်ဘူးလေ” ဟု ပြောကြားသည်။

မဲစာရင်းကို ဖြစ်နိုင်ပါက ကျေးရွာတိုင်းတွင် ကပ်ပေးရန် တောင်းဆိုထားသည်ဟုလည်း ဦးစောဒယ်နီယယ်က ပြောကြားသည်။

“ဘာဖြစ်လို့ဆိုရင် ကျေးရွာအုပ်စုတစ်စုမှာ တချို့ဟာ ကရွာက ၁၀ ရွာအထိ ရှိတယ်ဗျ။ တစ်နေရာပဲ ကပ်တော့ ကျန်တဲ့ရွာတွေ အဝေးကြီးကနေ ဘယ်လိုမှ လာမကြည့်နိုင်ကြဘူး။ အဲဒါက အခက်အခဲတစ်ခု။ ဒါကိုလည်း ဖြစ်နိုင်ရင် ရွေးကောက်ပွဲကော်မရှင်က အကုန်လုံး ဒီကိစ္စတွေကို လုပ်ပေးရင် ကောင်းတာပေါ့။ အဲဒါကို ကျွန်တော်တို့ တောင်းဆိုတာပေါ့” ဟု ၎င်းကဆိုသည်။         

Eleven Media Group 

No comments:

Post a Comment