Monday 29 June 2015

ထိုင်ဝမ် ရေလွှာအပန်းဖြေဥယျာဉ် ပါတီပွဲတွင် မီးလောင်၊ လူ ၅၀၀ ကျော် ဒဏ်ရာရ

ထိုင်ဝမ်နိုင်ငံတွင် တနင်္ဂနွေနေ့က ဖော်မိုဆာ အပန်းဖြေဥယျာဉ်အတွင်း ပြုလုပ်သည့် ပါတီပွဲအတွင်း မီးလောင်မတော်တဆမှု ဖြစ်ခဲ့ရာတွင် မီးများမှာ ကပွဲလာ ပရိသတ်များအပေါ်သို့ ကျခဲ့သဖြင့် ဒဏ်ရာရသူ ၅၀၉ ဦးအထိ ရှိခဲ့ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယင်းဒဏ်ရာရသူများအနက် ၁၈၈ ဦးမှာ အပြင်းအထန် ဒဏ်ရာရခြင်း ဖြစ်ကြောင်း ထိုင်ဝမ်ကျန်းမာရေး အရာရှိ လီလီဂျွန်းက ပြောကြားခဲ့သည်။ ပါတီပွဲတွင် ပျော်မြူးနေကြသူများ အပေါ်သို့ ဖျန်းချနေသော အရောင်စုံ အမှုန့်များကို မီးလောင်ကျွမ်းခဲ့ရာမှ မီးပွားများမီးများ လူများပေါ်သို့ ဖျန်းချလိုက်သကဲ့သို့ ဖြစ်သွား ပြီး လူအများ ထိတ်လန့်ထွက်ပြေးကြခြင်း ဖြစ်သည်။ 

တေးဂီတဖွင့်ထားချိန်တွင် လူအုပ်ကြီးမှာ ကနေကြပြီး ၎င်းတို့အပေါ်သို့ ဖျန်းချနေသော ပေါင်ဒါမှုန့်များမှာ ရုတ်တရက် မီးများဖြစ်သွားပြီး အောက်သို့ပြုတ်ကျလာသည့် ဗီဒီယိုကို Apple Daily သတင်းစာ၏ အင်တာနက်စာမျက်နှာတွင် တင်ထားသည်။

ထွက်ပြေးလာကြသူများကို မိတ်ဆွေများက ဝိုင်းဝန်းပြုစုကြပြီး လူနာတင်ယာဉ်များပေါ်သို့ တင်ဆောင် နေသည့် ဓာတ်ပုံများလည်း မီဒီယာများတွင် တွေ့ရသည်။

ဖော်မိုဆာ ပျော်ရွှင်စရာ ရေလွှာလျှောဥယျာဉ်တွင် Colour Play Asia ပါတီပွဲ အစီအစဉ် ပြုလုပ်နေပြီး ပရိသတ် ၁၀၀၀ ခန့်က ကြည့်ရှုခဲ့ကြသည်။

“မီးက စင်ရဲ့ ဘယ်ဘက်ထောင့်ကနေ စလောင်တာပါ။ ပထမတော့ အထူးပြုလုပ်ချက်လို့ ထင်မိပေမယ့် လူတွေပြေးလွှားနေပြီး အော်ဟစ်နေကြတာ မြင်ရတော့ တစ်ခုခုတော့ဖြစ်ပြီ ဆိုတာကို ကျွန်တော် သိလိုက်ပါတယ်” ဟု မျက်မြင်သက်သေတစ်ဦးက ဒေသခံ မီဒီယာတစ်ခုကို ပြောပြခဲ့သည်။

“စင်ပေါ်မှာရှိတဲ့ မီးရောင်တွေရဲ့ အပူကြောင့် ပေါင်ဒါမှုန့်တွေကို မီးလောင်သွားခဲ့တာ ဖြစ်ပါတယ်” ဟု တိုင်ပေမြို့တော် မီးသတ်တပ်ဖွဲ့မှ ပြောခွင့်ရ အရာရှိတစ်ဦးက ဆိုသည်။

ယင်းပွဲစီစဉ်သူတစ်ဦးကို ရဲက ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိတစ်ဦးက ဆိုသည်။

လူနာတင်ယာဉ်များကို အခင်းဖြစ်ရာနေရာသို့ စေလွှတ်ရာတွင် အခက်အခဲများရှိသည့် အတွက် ကယ်ဆယ်ရေး လုပ်သားများကို ထမ်းစင်များဖြင့် သွားရောက်သယ်ယူစေကြရသည်။

The Voice Weekly

No comments:

Post a Comment