Monday 29 June 2015

ပြည်မြို့၌ အုပ်စုဖွဲရိုက်နှက်ခံရသည့် ၁၇ နှစ် အရွယ်အမျိုးသမီးတစ်ဦး ဆေးရုံတင်ထားရ

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် ဇွန်လ(၂၇)ရက်န့ ညပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့် အုပ်စု လိုက် ရိုက်နှက်မှုကြောင့် (၁၇)နှစ် အရွယ်မိန်းကလေးတစ်ဦးအား မျက်နှာဖူးရောင်ဒဏ်ရာများနှင့် ဆေးရုံတင်ထားရကြောင်း သိရှိရသည်။

ပြည်မြို့လယ်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်ဘေးရှိ ပြည်မြို့နယ်ဗဟိုမီးသတ်တပ်ဖွဲ ရုံးရှေ့တွင် တာဝန်ကျ ကင်းစောင့်နေသည့် မီးသတ်ဝန်ထမ်းအပါအ၀င် အရပ်ဝတ်များပါဝင်သည့်အဖွဲ့နှင့် မီးသတ်ရုံးဘေး ညဈေးတန်းတွင် နေထိုင်သော ယောက်ယျားစိတ်ပေါက်နေသော အမျိုးသမီးတစ်ဦး ပါဝင်သော လူငယ်နှစ်ဦးတို့ည(၁၁း၀၀)နာရီကျော်ခန့်တွင် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်းဒေသခံများက ပြောဆိုသည်။

“ မီးသတ်ယူနီဖောင်းပါတဲ့ သူတွေရော အရပ်ဝတ်နဲ့သူတွေ လဲနေတဲ့ကျမကို ၀ိုင်းကန်ကြတယ်။ မိန်းကလေး လို့ပြောတာလည်းမရဘူး ဆံပင်ကိုစောင့်ဆွဲပြီး မျက်နှာနဲ့ပလက်ဖောင်းနဲ့လည်းရိုက်တယ်။ ကျွန်မတော့ မကျေနပ်နိုင်ဘူး။”ဟု ဆေးရုံတင်ထားရသူ မသဲအိစန်ကပြောသည်။

ထိုသို့ဖြစ်ခဲ့သောကြောင့် ညဈေးတန်းမှဈေးသည်များနှင့်ဒေသခံများက မကျေနပ်ပဲ မီးသတ်ရုံးရှေ့တွင် အုပ်စုလိုက်သွားရောက်ကာ ထိုသို့ရိုက်နှက်ကန်ကျောက်ခဲ့သူအား ထုတ်ပေးရန်တောင်းဆိုကာ ရုံးရင်ဆန်ခတ်ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်လာသောကြောင့်လူစုကွဲသွားကြသည်။

ထိုသို့ခိုက်ရန်ဖြစ်ပွားမှုတွင် အရပ်ဝတ်များအပြင် မီးသတ်ဝတ်စုံဝတ်ထားသူ ၄ ယောက်ခန့် ပါဝင်သည်ဟု ဒေသခံများကပြောဆိုထားပြီး ပြည်မြို့နယ်မီးသတ်ဦးစီးတာဝန်ရှိသူ မီးသတ်ဝန်ထမ်းတစ်ဦးသာ ပါဝင်ကြောင်း ပြောဆိုသည်။

“ခိုက်ရန်ဖြစ်ပွားခဲ့တယ်ဆိုတာတော့ မှန်ပါတယ် ရုံးမှာ ကင်းတာဝန်ကျတဲ့ မီးသတ်ဝန်ထမ်းတစ်ဦးပဲ ရှိပါတယ်။ အများပြောသလို အများကြီးပါဝင်တယ်ဆိုတာမဟုတ်ပါဘူး။ အင်တာနက်တွေမှာ ရေးနေကျလိုမျိုးလည်း မဟုတ်ပါဘူး။ ခိုက်ရန်ဖြစ်ပွားတဲ့အတွက်လည်း ကာယံရှင်တွေနဲ့ပြေလည်အောင် ဖြေရှင်းသွားမှာပါ။”ဟု ပြည်မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းညွှန့်ကပြောသည်။

ဈေးသူဈေးသားများများမှ အရိုက်ခံရသူများနှင့်အတူ ပြည်မြို့အမှတ်(၁)ရဲစခန်းသို့သွားရောက် တိုင်တန်းခဲ့ပြီး ရဲတပ်ဖွဲ့မှ နှစ်ဦးအား ရဲဆေးစာနှင့်အတူ ဆေးရုံသို့ပို့ဆောင်ခဲ့ပေးခဲ့ပြီး အမျိုးသားမှာ ဆေးရုံတက်စရာမလိုပဲ အမျိုးသမီးမှာ ဒဏ်ရာများပြားသောကြောင့် ဆေးရုံတင်လိုက်ရကြောင်း သိရသည်။

“ရဲဆေးစာနဲ့အတူ ကာယကံရှင်တွေကို ဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ် အမှုကိုတော့ လက်ခံ ထားလိုက်တယ် အမှုဖွင့်နိုင်ရေး ဆက်လက်ဆောင်ရွက်နေပါတယ်။”အမှတ်(၁)ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စများသည် ပြည်မြို့ လူမှုကွန်ယက် အင်တာနက်စာမျက်နှာများတွင် ပြန့်နှံ့နေပြီး ခိုက်ရန် ဖြစ်ပွားမှုတွင် ပါဝင်ခဲ့သော မီးသတ်ဝန်ထမ်းကိုမူ မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် ပဲခူးမြို့အခြေစိုက် ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနသို့ ညတွင်းချင်းပို့ဆောင် ပေး လိုက် ကြောင်း သိရသည်။

မြစ်မခ

No comments:

Post a Comment